သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ် နမ့်တောင်းကျေးရွာ နှင့် ပန်ဆိုင်းမြို့အကြား ပြည်ထောင် စုလမ်းမ ပေါ်တွင် ဒေသခံအမျိုးသမီး ၂ ဦး မိုင်းနင်းမိကာ သေကြေဒဏ်ရာရမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ ၁၉ ရက် ညနေ ၃ နာရီက မူစယ်မြို့နယ် နမ့်တောင်းဒေသခံ အမျိုးသမီး ၂ ဦးသည် ပန်ဆိုင်းစျေးမှအပြန် ပြည်ထောင်စုလမ်းမပေါ်ရှိ ဖုန်းတိုင်အနီးအရောက် အဆိုပါမိုင်းပေါက်ကွဲသဖြင့် မိုင်းစထိမှန်ကာ တဦးမှာဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံအသွားလမ်းတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစထိမှန်သည့်အမျိုးသမီး ၂ ဦးမှာ အသက် ၅၉ နှစ်အရွယ် ဒေါ်လွန်ထုနှင့် အသက် ၂၀ ကျော်အရွယ် မအားနာ တို့ဖြစ်ကြောင်းသိရသည်။
“ ဒေါ်လွန်ထုက ဦးခေါင်းမှာ မိုင်းစထိမှန်တယ်။ ဆေးရုံအသွားလမ်းမှာတင် ဆုံးသွားတယ်။ မအားနာ ကတော့ ဘယ်ဘက် ခြေထောက်ကျိုးသွားတယ်။ လည်ပင်းနဲ့ မှေးစေ့မှာ မိုင်းစထိမှန်တယ်။ သူ အခု မူစယ်ဆေးရုံမှာဆေးကုသမှုခံယူနေတယ် ” – ဟု မူစယ်မြို့ လူမှုကူညီရေးအသင်းမှ ကိုဌေး က ပြောသည်။
အဆိုပါ ချိန်ကိုက်မိုင်းသည် မည်သည့်လက်နက်ကိုင် အဖွဲ့မှ လာရောက်ထောင်ထားသည်ကိုတော့ မသိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်ကြောင်း မူစယ်မြို့ ရဲစခန်း မှတာဝန်ကျရဲ ကပြောသည်။
နယ်စပ်မြို့တော် မူစယ်မြို့သည် စီးပွားရေးမြို့ဖြစ်သည့်အားလျော်စွာ ပြည်သူ့စစ်တပ်ဖွဲ့များ နှင့် အစိုးရ ရဲဌာန နှင့် အစိုးရစစ်တပ်မတော် တပ်ရင်းများ အများအပြားရှိသော်လည်း လုယက်မှု ၊ ပေါက်ကွဲမှု ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားသည့် မြို့ဖြစ်သည်။











Leave a Comments