ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။
အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn) ၏ ပြောကြားချက်အရ အာဏာပိုင်များသည် စစ်ဆေးမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နေပြီး ၂၀၁၇ ခုနှစ် နိုင်ငံခြားသားများ၏ အလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ (Foreigners’ Working Management Act 2017) အတိုင်း တင်းတင်းကြပ်ကြပ်အရေးယူသွားမည်ဟု ပြောကြားသည်။
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်သတ်မှတ်ထားသည့် အလုပ်အကိုင် စာရင်းများရှိပြီး၊ သက်ဆိုင်ရာ စည်းမျဉ်းများအောက်တွင် သီးသန့်ခွင့်ပြုထားခြင်း မရှိပါက နိုင်ငံခြားသားလုပ်သားများ အနေဖြင့် ထိုအလုပ်များကို လုပ်ကိုင်ခွင့် ယေဘုယျအားဖြင့် တားမြစ်ထားသည်။
အဆိုပါ တားမြစ်ထားသည့် အလုပ်အကိုင်များတွင် –
ထိုင်းရိုးရာ နှိပ်နယ်ခြင်း (Thai massage)
ဆံပင်ညှပ်ခြင်းနှင့် အလှပြင်ဝန်ဆောင်မှုများ
ယာဉ်မောင်းခြင်း
ဧည့်လမ်းညွှန် ပြုလုပ်ခြင်း
စာရေးနှင့် ဥပဒေရေးရာ အလုပ်အကိုင်များ
အချို့သော ရိုးရာနှင့် လက်မှုပညာရပ်ဆိုင်ရာ အလုပ်အကိုင်များ ပါဝင်သည်။
ထိုသို့ ကန့်သတ်ထားခြင်းမှာ ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အစိုးရက ဆိုသည်။
ပြစ်ဒဏ်များအနေဖြင့် အလုပ်လုပ်ခွင့်လက်မှတ် မရှိသူများကို ငှားရမ်းသည့် သို့မဟုတ် ခွင့်ပြုထားသည့် အလုပ်အကိုင်များ၏ ပြင်ပတွင် လုပ်ကိုင်ခွင့်ပြုသည့် အလုပ်ရှင်များသည် လုပ်သားတစ်ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေရိုက်ခံရနိုင်သည်။
ပြစ်ဒဏ် ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ ကျခံရနိုင်သလို၊ လုပ်သားတစ်ဦးလျှင် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ငွေရိုက်ခံရနိုင်သည် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်သည့်အပြင် နိုင်ငံခြားသားလုပ်သား ငှားရမ်းခွင့်ကိုလည်း ၃ နှစ်အထိ ပိတ်ပင်ခံရမည်ဖြစ်သည်။
အလားတူ စည်းကမ်းဖောက်ဖျက်သည့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့်လည်း ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး၊ ပြည်နှင်ဒဏ်ပေးခံရမည် ဖြစ်သည့်အပြင် အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားခွင့် ၂ နှစ် ပိတ်ပင်ခံရမည်ဖြစ်သည်။
၎င်းအရေးယူဆောင်ရွက်ချက်များသည် တရားဥပဒေနှင့်ညီညွတ်ပြီး တရားမျှတသော အလုပ်အကိုင် ဖန်တီးပေးရန်၊ လူကုန်ကူးမှုကို တားဆီးရန်နှင့် ထိုင်းနိုင်ငံသားများအတွက် သီးသန့်သတ်မှတ်ထားသည့် အလုပ်အကိုင်များကို ကာကွယ်ရန် ရည်ရွယ်သည်ဟု အစိုးရက ပြောကြားခဲ့သည်။
၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အာဏာပိုင်များသည် ရွှေ့ပြောင်းလုပ်သားများ ငှားရမ်းထားသည့် တစ်နိုင်ငံလုံးရှိ လုပ်ငန်းခွင်ပေါင်း ၇၄,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသားများအတွက် သီးသန့်သတ်မှတ်ထားသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား ၁,၇၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုးကား- Khaosod English













Leave a Comments