ထိုင်း ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်အမြန်ပေးမည့် ဥပဒေအတည်ပြု

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခြင်း၊ ဥပဒေချိုးဖောက်ပြီး အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းများအပြင်၊ ရာဇဝတ်မှုကျူးလွန်သူ နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးမည့် တရားဝင်လုပ်ငန်းစဉ် စည်းမျဉ်းမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ (Ratchada Thanadirek) ၏ ပြောကြားချက်အရ ဒုတိယဝန်ကြီးချုပ် ပါကွန်း နေးလ်ပရာပန့် (Pakorn Nilprapunt) တင်ပြခဲ့သည့် အဆိုပါ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံး စည်းမျဉ်းမူကြမ်းကို အင်္ဂါနေ့ (ဇူလိုင် ၁၄)ရက်တွင် အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စည်းမျဉ်းသစ်သည် အများပြည်သူအေးချမ်းသာယာရေးနှင့် လူမှုကျင့်ဝတ်များကို ကာကွယ်စောင့်ရှောက်ရန်ပြဌာန်းလိုက်ခြင်းဖြစ်သည်။

ထိုစည်းမျဉ်းများသည် အောက်ပါ ပြစ်မှုအမျိုးအစား (၆) ခုနှင့် ငြိစွန်းသည့် နိုင်ငံခြားသားများအပေါ် သက်ရောက်မှုရှိစေမည် ဖြစ်သည် –

၁။ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် နေထိုင်ခြင်း။

၂။ နိုင်ငံခြားသား အလုပ်သမားခန့်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်၍ အလုပ်လုပ်ကိုင်ခြင်း။

၃။ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေ (Foreign Business Act) ကို ချိုးဖောက်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း။

၄။ ရုံးသုံးစာရွက်စာတမ်းအတုများ ပြုလုပ်ခြင်း သို့မဟုတ် အစိုးရစာရွက်စာတမ်းအတုများကို အသုံးပြုခြင်း။

၅။ ထောင်ဒဏ် ၃ နှစ်နှင့်အထက် ပြစ်ဒဏ်ကျခံစေနိုင်သော ရာဇဝတ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း။

၆။ အထက်ပါပြစ်မှုများတွင် အဓိကကျူးလွန်သူ၊ သွေးထိုးလှုံ့ဆော်သူ သို့မဟုတ် အားပေးကူညီသူအဖြစ် ဆောင်ရွက်ခြင်း။

ယခုစည်းမျဉ်းသစ်သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ဒုတိယဝန်ကြီးချုပ် ဦးဆောင်ကာ လူဝင်မှုကြီးကြပ်ရေးဥပဒေများကို ပြန်လည်သုံးသပ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ပြည်နှင်ဒဏ်ပေးခြင်းအတွက် တစ်ပြေးညီကြီးကြပ်မည့် စည်းမျဉ်းမရှိသေးသောကြောင့် ဖြစ်စဉ်တစ်ခုချင်းစီအလိုက် ဌာနများကြား ညှိနှိုင်းနေရသဖြင့် ကြန့်ကြာမှုများ ရှိခဲ့သည်။ ယခုပြဌာန်းလိုက်သည့် စည်းမျဉ်းအသစ်များသည် ဥပဒေချိုးဖောက်သူ နိုင်ငံခြားသားများကို မြန်ဆန်ထိရောက်စွာ ပြည်နှင်ဒဏ်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

လုပ်ထုံးလုပ်နည်း အသစ်မှာ အကျဉ်းဦးစီးဌာနညွှန်ချုပ်မှ နိုင်ငံခြားသားအကျဉ်းသားများကို မလွှတ်ပေးမီ ၎င်းတို့၏ အမည်၊ နိုင်ငံသားနှင့် အမှုတွဲများကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ထံ ကြိုတင်ပေးပို့ရမည်။

ပြီးလျှင် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးထံ တင်ပြကာ ပြည်နှင်ဒဏ်အမိန့်ကို ချက်ချင်းထုတ်ပြန်မည်။

ပြည်နှင်ဒဏ်ပေးရာတွင် ကာယကံရှင်၏ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်။ အကယ်၍ နိုင်ငံသားဖြစ်မှုကို အတည်မပြုနိုင်ပါက ထိုင်းနိုင်ငံသို့မဝင်မီ နောက်ဆုံးနေထိုင်ခဲ့သည့် နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်သည်။

ထို့ပြင် သံတမန်လမ်းကြောင်းမှ တောင်းဆိုလာလျှင် ကာယကံရှင်ကိုယ်တိုင် စာဖြင့်ရေးသားထားသော သဘောတူညီချက်၊ လက်ခံမည့်နိုင်ငံမှ ကုန်ကျစရိတ်အားလုံးကို ကျခံရန်သဘောတူညီးပြီးပါက မိခင်နိုင်ငံမဟုတ်သည့် အခြားနိုင်ငံ သို့မဟုတ် အခြားနိုင်ငံများထံသို့လည်း လွှဲပြောင်းပေးနိုင်ကြောင်း ဖော်ပြထားသည်။

ကိုးကား – Khaosod English

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News