သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့် ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။
ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို ပိုပြီး ဈေးမရဘူး၊ အဲဒါကြောင့် ကော်ဖီစိုက်ပျိုးလာကြတယ်၊ လူငယ်တွေက နိုင်ငံခြားထွက်တော့ ပြည်တွင်းမှာ သက်ကြီးရွယ်အိုပဲ ကျန်တော့ ဘိန်းလည်း မစိုက်နိုင်တော့ဘူး၊ နှစ်ရှည်ပင် ပိုစိုက်ကြတာ၊ တချို့ဆို မစိုက်နိုင်တော့လို့ သားသမီးက ပို့တဲ့ ငွေနဲ့ပဲ သုံးကြရတာ။” ဟု ဟိုပုံးဒေသခံ အမျိုးသားက ပြောသည်။
လက်ရှိတွင် သျှမ်းပြည်အတွင်း မူးယစ်ဆေး (ယာဘ) တပြားလျှင် ကျပ် ၅၀၀ သာရှိသည်။
ထို့အပြင် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်က စစ်မှုထမ်းကြေးနှင့် တခြားသော အခွန်များ လစဉ် ဆောင်ခိုင်းသောကြောင့် အခြေခံလူတန်းစားများအနေဖြင့် ကြွေးမြီးများတင်နေကြောင်း ၎င်းအမျိုးသားက ပြောသည်။
အလားတူ ပင်လောင်းမြို့နယ် ဘက်တွင်လည်း ဘိန်းများကို အခွန်ဆောင်၍ စိုက်ပျိုးသူများ ရှိနေပြီး အများအားဖြင့် ကော်ဖီနှင့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးရန် ရွေးချယ်လာကြကြောင်း သိရသည်။
“ဒီဘက်တော့ ဘိန်းစိုက်မယ်ဆိုရင် ဧကအလိုက် အခွန်ဆောင်ရတယ် တစ်နှစ်လုံးစာ ကျပ် (၆) သိန်းကနေ ဆယ်သိန်းအထိ ဧကပေါ်မှုတည်ပြီး ဆောင်ရတယ်၊ ဘိန်းဈေးက သိမ်မရဘူး တစ်နှစ်လုံးလုပ်မှ သိန်း (၃၀) လောက်ပဲ ကျန်တာ ဆိုတော့ လုပ်တဲ့သူ နည်းလာတယ်၊ ဘိန်းပွဲစားတွေပဲ ချမ်းသာကြတာ ဘိန်းစိုက်တဲ့သူက မချမ်းသာဘူး။”ဟု ပင်လောင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုလက်ရှိ ပင်လောင်းမြို့နယ်ဘက်တွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးသီးနှံများ ဈေးမရ၍ တောင်သူများ အရှုံးပေါ်နေကြကြောင်း ၎င်းအမျိုးသမီးက ပြောသည်။
တောင်ကြီးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ဘက်တွင်လည်း ဘိန်းစိုက်ပျိုးမှုလျော့နည်းလာပြီး နှစ်ရှည်သီးနှံဖြစ်သည့် ကော်ဖီ၊ ထောပတ် နှင့် သနပ်ဖက် စိုက်ပျိုးသူ များလာကြောင်း သိရသည်။
ယခင် နှစ်များအတွင်း ကော်ဖီဈေးနူန်းမှာ တစ်ပိဿလျှင့် ကျပ်(၂၀၀၀) ဝန်းကျင်သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစ၍ ကော်ဖီဈေးနူန်းမှာ မြင့်တက်လာပြီး တစ်ပိဿ ငွေကျပ် (၁၂၀၀၀)အထိ ရသောကြောင့် ကော်ဖီစိုက်ပျိုးမှုကို ပိုမို ရွေးချယ်လာကြသည်ဟု သိရသည်။












Leave a Comments