သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ဆန်များကို စစ်ဘေးရှောင်ကော်မတီများမှ ပြန်ရောင်းချနေသည် သတင်းသည် မမှန်ကန်ကြောင်း စစ်ရှောင်ကော်မတီဝင်များက ပြောသည်။
တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်ကော်မတီဝင်များသည် စစ်ရှောင်များကိုထောက်ပံ့ပေးသည့် ဆန်များပြန်ရောင်းနေသည့်သတင်းကို ဇူလိုင် လဆန်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။
“တောင်ထီဗွာကျေးရွာအုပ်စု” တွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး စစ်ဘေးရှောင်များသည် တောင်ထီဗွားကျေးရွာ၊ စာဂကျေးရွာ၊ စင်းဆင်းကျေးရွာ၊ဝါးလီးကျေးရွာ နှင့် စသည့် ကျေးရွာတို့တွင် နေထိုင်ကြသည်။
ထို့ကြောင့် လက်ရှိ ထွက်ပေါ်နေသည့် သတင်းများတွင် “တောင်ထီဗွာကျေးရွာအုပ်စု” ဟု ခြုံငုံ ဖော်ပြထားခြင်းကြောင့် မည်သည့်ကျေးရွာတွင် ဖြစ်ပွားသည့် ဖြစ်စဉ်ဖြစ်သည်ကို မသိရဘဲ အုပ်စုအတွင်းရှိ ကျေးရွာအားလုံးအပေါ် အထင်အမြင် လွဲမှားစေနိုင်ကြောင်း တောင်ထီဗွာကျေးရွာရှိ စစ်ရှောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ အချက်အလက်တွေ မှားနေတယ်လို့တော့ မပြောချင်ဘူး။ ဒါပေမယ့် တောင်ထီဗွာဆိုတာ ကို အုပ်စုကိုဆိုလိုတာလား၊ ဘယ်ရွာကို ဆိုလိုတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြစေချင်တယ်။ တောင်ထီဗွာကျေးရွာအုပ်စုလို့ပဲ ဖော်ပြလိုက်ရင် လူတွေက တောင်ထီဗွာရွာမှာ စစ်ရှောင်တွေအတွက် ရတဲ့ဆန်တွေကို ပြန်ရောင်းနေတယ်လို့ ထင်သွားနိုင်တယ်” ဟု တောင်ထီဗွာစစ်ရှောင်ကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်များအတွက် ကုလသမဂ္ဂ (UN) နှင့် အစိုးရမဟုတ်သော လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းများ (NGO) များက အကူအညီပေးနေခြင်းမှာ မှန်ကန်သော်လည်း ယခုနောက်ပိုင်းတွင် ဆန်ထောက်ပံ့မှုထက် ငွေသားအကူအညီများကိုသာ အဓိကပေးအပ်နေပြီး ဆန်ထောက်ပံ့မှု မရရှိသည်မှာ (၂) နှစ်ဝန်းကျင် ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ကျေးရွာအုပ်စုအမည်ဖြင့် ခြုံငုံဖော်ပြထားသည့် သတင်းထွက်ပေါ်လာပြီးနောက် စစ်ရှောင်များနှင့် ကျေးရွာအုပ်ချုပ်ရေး၊ ကျေးရွာစစ်ရှောင်ကော်မတီဝင်များကို မေးမြန်းခြင်းမရှိသည့်အတွက် ထင်မြင်လွှဲမှားမှုများ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းကထပ်လောင်းပြောသည်။
“အလှူရှင်တွေကလည်း မေးလာတာတွေ ရှိတယ်။ တချို့ နားမလည်တဲ့သူတွေဆို တကယ်ပဲ တောင်ထီဗွာမှာ ဖြစ်နေတယ်လို့ ထင်သွားနိုင်တယ်။ ကိုယ့်ရွာ၊ ကိုယ့်စစ်ရှောင်ကော်မတီတွေအပေါ် အထင်အမြင်မမှားစေချင်ဘူး။ လက်ရှိလည်း စစ်ရှောင်တွေအတွက် ငွေသားအကူအညီတွေ၊ မသန်စွမ်းသူတွေ နဲ့ ကလေးတွေအတွက် ကူညီထောက်ပံ့မှုတွေ ဆက်ရှိနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် စစ်ရှောင်ကော်မတီအနေဖြင့် စစ်ဘေးရှောင်များနှင့် သက်ဆိုင်သည့် သတင်းများကို ဖော်ပြရာတွင် ဖြစ်စဉ် ဖြစ်ပွားသည့် နေရာ၊ ကျေးရွာနှင့် အချက်အလက်များကို တိတိကျကျ စိစစ်ဖော်ပြပေးခြင်းဖြင့် ဒေသခံများ၊ စစ်ရှောင်ကော်မတီများနှင့် အလှူရှင်များအကြား အထင်အမြင်လွဲမှားမှုများ မဖြစ်ပေါ်စေရန် မျှော်လင့်ကြောင်း ပြောဆိုထားသည်။
လက်ရှိ တောင်ထီဗွာကျေးရွာတွင် စစ်ဘေးရှောင်ဦးရေ ၁၅၀ ဝန်းကျင်ရှိပြီး ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမောဆို၊ တောင်မဲသင်း၊ နမ်းနိမ့် နှင့် လုံးပျဉ်ကျေးရွာများမှ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်ကြောင်း သိရသည်။












Leave a Comments