သျှမ်းပြည် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မတ်ကျန်းပြည်သူ့စစ် ထိန်းချုပ်နယ်မြေထဲ KBZ Bank ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဦးအောင်ကိုဝင်း ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းသိရသည်။
ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်ရှိ မတ်ကျန်းဌာနေပြည်သူ့စစ် ထိန်းချုပ်ရာ ပန်လျန်းဆိုင်ဒေသ ပန်လင်းကျေးရွာ၌ ကမ္ဘောဇဘဏ်လီမိတက်မှ KBZ Bank ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ခဲ့ရာ KBZ အုပ်စု နာယကနှင့် ပိုင်ရှင်ဖြစ်သူ ဦးအောင်ကိုဝင်း ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ KBZ Bank ကမ္ဘောဇဘဏ်ခွဲဖွင့်ပွဲသို့ စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် MTA အသွင်ပြောင်း မတ်ကျန်းပြည်သူ့စစ် ဌာနေအဖွဲ့ခေါင်းဆောင် ဦးလျန်းဆိုင်ဟိန်း (ခ) ဦးလင်းဆိုင် လည်း တက်ရောက်ခဲ့ပြီး မတ်ကျန်းပြည်သူ့စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် တပ်သားများမှ လုံခြုံရေး ယူပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ပန်လျန်းဆိုင်က အရင်က ရွာကြီးတစ်ရွာ ဆိုပေမယ့် အခုကျတော့ မြို့တစ်ခုလို ဖြစ်နေပြီ။ ဘဏ်ပါ ထပ်လာဖွင့်ပေးတယ်ဆိုတော့ အများကြီး တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ မနေ့ကဆိုရင် ကမ္ဘောဇဘဏ် ပိုင်ရှင်ကိုယ်တိုင် ဖွင့်ပွဲလာတာဆိုတော့ တစ်မြို့လုံးမှာ မတ်ကျန်းပြည်သူ့စစ်က စောင့်နေတာ” ဟု နမ့်စန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


ဘဏ်ဖွင့်ပွဲပြီးနောက် KBZ Bank နာယက ဦးအောင်ကိုဝင်းနှင့် အဖွဲ့သားများသည် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသ ဖွံ့ဖြိုးရေးအတွက် မတ်ကျန်းပြည်သူ့စစ် ဌာနေအဖွဲ့ခေါင်းဆောင် ဦးလျန်းဆိုင်ဟိန်းနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ပြီး ပညာရေးနှင့် သာသနာရေးအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
“သျှမ်းပြည်မှာ တစ်ခုရှိတာက လက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့ဒေသ ဖြစ်တဲ့အလျောက် ငွေဖြူငွေမည်း ပြဿနာကတော့ ရှိမှာပဲ။ အဲ့တာကြောင့် ဘဏ်စနစ်တစ်ခုထဲကို အဲ့ငွေတွေ ဖြတ်သွားရင် ငွေကြေးခဝါချမှု ဖြစ်သွားမလား ဆိုတာမျိုး စိုးရိမ်ရတာပေါ့” ဟု နမ့်စန်ဒေသခံ အဆိုပါ အမျိုးသားက ဆက်ပြောသည်။
KBZ Bank နာယက ဦးအောင်ကိုဝင်းသည် ဇွန်လဆန်းပိုင်းတွင် အိန္ဒိယသို့ သွားရောက်ခဲ့သည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ လိုက်ပါသွားခဲ့ပြီး ဇွန်လ ၃ ရက်တွင် မွမ်ဘိုင်းမြို့၌ ပြုလုပ်သော အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
၎င်းခရီးစဉ်မှ ပြန်ရောက်လာသည့်နောက်တွင် ဦးအောင်ကိုဝင်း သည် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသ KBZ ဘဏ်ခွဲ ဖွင့်ပွဲတို့တွင် လူသိရှင်ကြား ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။
ပန်လျန်းဆိုင်ဒေသသည် နမ့်စန်မြို့နှင့် ၁၂ မိုင်ခန့်သာ ကွာဝေးပြီး မတ်ကျန်းပြည်သူ့စစ်သည် ခွန်ဆာ ဦးဆောင်သည့် MTA တပ်ဖွဲ့ လက်နက်ချပြီးနောက် ပြည်သူ့စစ်ဌာနေအဖွဲ့အဖြစ် ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရလက်အောက် အသွင်ပြောင်းခဲ့ခြင်း ဖြစ်သည်။


နမ့်စန်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ SSS (မဟာဂျာ) ပြည်သူ့စစ်၊ မက်ကျန်း ပြည်သူ့စစ် နှင့် နားရိုင်းပြည်သူ့စစ် အဖွဲ့များလည်း လှုပ်ရှားနေပြီး နမ့်စန်လေတပ်စခန်းနှင့် စစ်ကောင်စီတပ်၏ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လည်း ခိုလမ်မြို့တွင် အခြေစိုက်ထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်း နမ့်စန်မြို့နယ်အတွင်း စစ်တပ်ထံ စစ်မှုမထမ်းလိုသည့် လူငယ်များသည် ဒေသခံပြည်သူ့စစ်အဖွဲ့များထံ ဝင်ရောက်ခဲ့ခြင်းကြောင် ဌာနေပြည်သူ့စစ်အဖွဲ့များမှာ စစ်အင်အား များပြားလာကြောင်း နမ့်စန်မြို့နယ် ဒေသခံများက ပြောသည်။
အခြားတစ်ဘက်တွင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ရှိ ယခင် KBZ ဘဏ်ခွဲ နေရာဟောင်းတွင် TNLA ဘက်မှ ဘဏ်လုပ်ငန်းလိုင်စင် ထုတ်ပေးထားသော The Mountain Bank အမည်ဖြင့် ဘဏ်ခွဲတစ်ခုကို ဇွန်လလယ်ပိုင်းတွင် စတင်လည်ပတ်သွားမည်ဖြစ်ကြောင်း Myanmar Now သတင်းဌာနတွင် မေလ ၂၂ ရက်က ဖော်ပြထားသည်။













Leave a Comments