အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ်အဖြစ် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ ဦးဆောင်ကာ ကွန်ဟိန်းနှင့် နမ့်စန်မြို့နယ်များမှ တန်ဖိုးမြှင့် ဒေသထွက်ကုန်များကို တောင်ကြီးမြို့ရှိ VX Tea House တွင် ဩဂုတ်လ (၁၄) ရက်နေ့က ခင်းကျင်းပြသခဲ့သည်။
အဆိုပါ “ဒေသထွက်ကုန် တန်ဖိုးမြှင့်တင်ခြင်းနှင့် ကုန်ပစ္စည်းပြပွဲ”တွင် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ ဦးဆောင်ကာ “PAN”အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသော အရည်အသွေးမြင့် ဒေသထွက်ကုန်ပစ္စည်း အမျိုးအစား (၂၀) ကျော်၊ ဒေသမျိုးရင်း မျိုးစေ့ (၃၄) မျိုးတို့ကို ပြသခဲ့ပြီး သျှမ်းပြည်တောင်ပိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဈေးကွက်ဆိုင်ရာ ချိတ်ဆက်မှုများလည်း ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်း၊ ကာလိနှင့် နမ့်စန်မြို့နယ်များမှ ထုတ်လုပ်သော ဒေသထုတ်ကုန်များကို သျှမ်းပြည်တောင်ပိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ အရပ်ဖက်အဖွဲ့အစည်း မိတ်ဖက်များနှင့် ချိတ်ဆက်မှု၊ ပြပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ဒေသခံ အခက်အခဲများကို ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်း၏ ဒါရိုက်တာ နန်းဝါနု ထံ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်အိုက်မှ ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ ဦးဆောင်ကာ “PAN” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသော အရည်အသွေးမြင့် ဒေသထွက်ကုန်ပစ္စည်းများပြပွဲကို သြဂုတ်လ ၁၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြပွဲလုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်နဲ့ ဘာကြောင့် လုပ်ဆောင်ဖြစ်ခဲ့ပါသလဲ။
ဖြေ ။ ။ ပြပွဲရဲ့ အဓိကရည်ရွယ်ချက်က ၃ ခု ရှိတယ်။ ပထမတစ်ခုက သြဂုတ်လ ၉ ရက်ဆိုရင် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ ဖြစ်တယ်ပေါ့၊ အဲ့ဒီအထိမ်းအမှတ်နေ့ကို ကျမတို့ တိုင်းရင်သားတွေကနေ ထုတ်တဲ့ ထုတ်ကုန်ကို ပြတာပေါ့နော်။
ပထမတစ်ခုကို အကျဉ်းချုပ်ပြောရရင် သြဂုတ်လ ၁၄ ရက်မှာ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားတွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ အဲ့ဒီတိုင်းရင်းသားနေ့ကို ပြုလုပ်ရခြင်းဖြစ်တယ်။ ဒုတိယတစ်ခုကြတော့ ကျမတို့ နမ့်စန်ဒေသနဲ့ ကွန်ဟိန်းမြို့နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေကနေ တန်ဖိုးမြှင့် ထုတ်ကုန်တွေကို ကြိုးစားလာခဲ့တာ နှစ်နှစ်ရှိပြီ။ အဲ့ဒီလို ကြိုးစားလာတာတွေကနေ ထွက်ပေါ်လာတဲ့ ထုတ်ကုန်တွေကို တောင်ကြီးမှာ ပြဖို့ဖြစ်တယ်။

တတိယရည်ရွယ်ချက်ကြတော့ ကွန်ဟိန်းမြို့နယ်နဲ့ နမ့်စန်မြို့နယ်မှာ ရှိနေတဲ့ ကျမတို့ တိုင်းရင်းသားဒေသ ထွက်ကုန်တွေက တောင်ကြီးမြို့နဲ့ သျှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ နောက်ပြီးရင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ချင်တာ ဖြစ်တဲ့အတွက်ကြောင့် တောင်ကြီးမြို့မှာ ဒေသခံတွေရဲ့ ဒေသထွက် တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ပြပွဲ လာလုပ်ရခြင်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ကျမတို့ ဒေသထုတ်ကုန် ထုတ်တဲ့ သင်တန်းတွေ ပေးခဲ့တယ်။ ဝိုင်နဲ့ ယိုစုံအခြောက်ပြုလုပ်နည်း၊ ရိုးရာအစားအစာထွက်ကုန် လုပ်နည်း၊ မှိုစိုက်ပျိုးနည်းတွေ သင်တန်းပေးခဲ့တယ်။ ပြီးတော့ စျေးကွက်မှာ လှလှပပလေး တင်ရောင်းဖို့ ထုပ်ပိုးနည်းတွေပါ ပေးခဲ့သလို စျေးကွက်ဖော်ဆောင်နိုင်ဖို့အတွက်ပါ သင်တန်းတွေ ပေးခဲ့တယ်။
မေး ။ ။ ပြပွဲမှာ သျှမ်းတိုင်းရင်းသားအပြင် အခြားတိုင်းရင်းသားတွေ ဘယ်သူတွေ ပါဝင်ပါသလဲ။
ဖြေ ။ ။ ကျမတို့နေရာမှာဆိုရင် သျှမ်းတိုင်းရင်းသာတွေအပြင် လီဆူ၊ လားဟူ၊ အာခါ နောက်ပြီး ကရင်၊ ဓနု၊ မွန်၊ ပအိုဝ်းတွေလည်း ပါတယ်။ ဓနု ဆိုရင်လည်း သူတို့ဒေသကထွက်တဲ့ ထုတ်ကုန်တွေ ဆီ၊ လက်ဖက်အစိုတွေ လာပြတယ်။ ကျမတို့ရဲ့ ရိုးရာအစားအသောက်တွေဖြစ်တဲ့ ဝက်သားချဉ်၊ အီမိတ်ကြော် (မုန့်ညှင်းခြောက်ကြော်)၊ ကောက်ညှင်းပေါင်း၊ နမ့်ဖစ်ထောင်း၊ ကွန်ဟိန်းဒေသက ထွက်တဲ့ ငါးချဉ်တွေ ငါးနှပ်တွေ လာရောင်းတာ ရှိပါတယ်။
တောင်ကြီးမြို့က NGO ၊ INGO အဖွဲ့အစည်းတွေ လာတာရှိတယ်၊ ဌာနဆိုင်ရာတွေ လာတာရှိတယ်။ ကုန်သည်တို့၊ စီးပွားရေးလုပ်ငန်းရှင်တို့၊ ရှေ့နေအသိုင်းအဝိုင်းတို့ ပြီးတော့ ကျမတို့ရဲ့ ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတို့ စသဖြင့် လူဉီးရေ ၂၀၀ နီးပါး လာအားပေးကြပါတယ်။
မေး ။ ။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပြီးနောက်ပိုင်းမှာ မြန်မာပြည်ရဲ့ စီးပွားရေးက တစ်စတစ်စ လျော့ကျလာတဲ့အတွက် ဒီလိုအခက်အခဲ ကာလတွေကြားမှာ အခုလို ဒေသထွက်ကုန် ပြပွဲလုပ်တဲ့အတွက် ဒေသခံ တိုင်းရင်းသားတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရှိနိုင်ပါသလဲ။
ဖြေ ။ ။ ကျမတို့ရဲ့ တိုင်းရင်းသားတွေသည် အမြဲတမ်း ပဋိပက္ခ Conflict တွေ ကြုံရတယ်။ ပြီးရင် ကျမတို့ ကွန်ဟိန်းမြို့နယ်ကလည်း ဖြတ် ၄ ဖြတ်ကို ၁၉၉၇ – ၁၉၉၈ လောက်မှာ အဓိက ကြုံခဲ့ရတဲ့ ဒေသပေါ့။ အဲ့လို ကြုံခဲ့ရတဲ့ကြားမှာ ကျမတို့ ကွန်ဟိန်းဒေသက လူတွေက နေထိုင်ရှင်သန်ဖို့ အခက်အခဲ အမျိုးမျိုး ကြုံခဲ့ရတယ်။
၁၉၉၆ – ၁၉၉၇ ခုနှစ်တုန်းကဆိုရင် ကျိုင်းတောင်း၊ ကျိုင်းခမ်းဘက်ကလည်း ကျမတို့ ဆိုင်းခေါင်ဘက်က လူတွေဆိုရင် နမ့်ပန်ချောင်းကို ကျော်ပြီး ကျွန်းထဲမှာ သွားပြီးတော့ နေခဲ့ရတယ်။ အဲ့ကျွန်းထဲမှာပဲ အုန်းသီးတွေ ခူးပြီး စားသောက်ခဲ့ရတာတို့၊ အုန်းသီးတွေ ခူးပြီး ကွန်ဟိန်းအထိ ဆန်နဲ့သွားလဲလှယ်ပြီး စားသောက်ခဲ့ရတယ်။ အဲ့လိုမျိုးတွေ ရှင်သန်နေထိုင်ခဲ့ရတဲ့ အလေ့အကျင့်တွေရှိခဲ့တယ်၊ ကျမတို့ဒေသဘက် ပဋိပက္ခ Conflict ဖြစ်တဲ့အချိန်မှာ သူတို့ အဲ့လိုမျိုးတွေ နေထိုင်ခဲ့ရတယ်။
နောက်ပြီးတော့ တိုင်းရင်းသားဖြစ်တဲ့ သျှမ်းတွေက ဌာနေတိုင်းရင်းသားဖြစ်တယ်။ အဲ့ကြောင့် ကိုယ့်ရဲ့ တောတောင် သဘာဝ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေကို ချစ်မြတ်နိုးတယ် ထိန်းသိမ်းတယ်ပေါ့။ အဲ့လိုမျိုး ထိန်းသိမ်းတဲ့အချိန်မှာ ကျမတို့ဆိုရင် အစားအသောက်တွေကို ပဋိပက္ခ ဖြစ်နေတဲ့ ကြားထဲကနေ စားနိုင်သောက်နိုင်ဖို့ အမြဲတမ်း ပြင်ဆင်ခဲ့ရတယ်။
ခေါပုတ်၊ ကောက်ညှင်းပေါင်း၊ အီမိတ်ကြော် (မုန်ညှင်းခြောက်ကြော်)၊ ပဲပုပ် စတဲ့ ရိုးရာ အစားအသောက်တို့ကို အခြောက်လုပ်ပြီး အကြမ်းခံနိုင်အောင် လုပ်ခဲ့တဲ့ အပိုင်းတွေရှိတယ်။ ဒါက ခေတ်အဆက်ဆက် ပဋိပက္ခ ကြားထဲကနေ ပြင်ဆင်လာတဲ့ ကျနော်တို့ သျှမ်းလူမျိုးတွေရဲ့ ဓလေ့ပါ၊ ချစ်စရာကောင်းတဲ့ ဓလေ့တွေဖြစ်တယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပြီးတဲ့နောက်ပိုင်း၊ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တခြားဒေသနည်းတူ ကျမတို့ ဒေသတွေမှာလည်း ခက်ခဲကြပ်တည်းတာ ရှိတယ်။ စီးပွားရေးတွေ ကျဆင်းတယ်၊ ဒီဒေသဘက်မှာရှိတဲ့ ဒေသထွက်ကုန်တွေက ရောင်းလို့မရဘူး။ ဉပမာ – တရုတ်ကို သွားတဲ့ဘက်ကလည်း ပိတ်ထားတယ်။ အခြားနေရာကို သွားတဲ့ဘက်ကလည်း ပိတ်ထားတယ်။ အဲ့လိုကျတော့ အချို့ထွက်ကုန်တွေက ရောင်းလို့မရဘူး။
အဲ့လိုမျိုးတွေ ဖြစ်နေတဲ့အချိန်မှာ အချို့ဆိုရင် ကျမတို့ စီမံကိန်းဝင်နေတဲ့ ရွာတွေမှာဆို ငှက်ပျောသီးတွေ အများကြီးထွက်တယ်။ ငှက်ပျောသီးလည်း ရောင်းလို့ မရတော့ဘူး၊ တစ်ခြံလုံးကို ခုတ်ပစ်တော့မယ့် အခြေအနေပါ။ ငါတို့မှာ အသီးတွေရှိတယ် ဘာမှလုပ်လို့ မရတော့ဘူး၊ ပစ်ထုတ်ရတော့မယ်ဆိုတဲ့ အပိုင်းလေးတွေ။ အဲ့လိုမျိုးတွေ သူတို့က အမြဲပြောတဲ့ အချိန်ကြတော့ ကျမက မပစ်ထုတ်နဲ့ ဒါတွေကို အကျိုးရှိအောင် လုပ်ပေးမယ်။
ဘာတွေလုပ်ချင်လဲ မေးတဲ့အချိန်ကြတော့ သူတို့က ဒီရောင်းလို့ မရတဲ့သီးနှံတွေ၊ ဘယ်မှပို့လို့ မရတော့တဲ့ အသီးအနှံတွေ ကျမတို့ တန်ဖိုးမြှင့် ထုတ်ကုန်လေးတွေ လုပ်ကြမယ်။
ဆိုင်းခေါင်ရွာဘက်ကဆိုရင်လည်း အီမိတ်ကြော် (မုန်ညှင်းခြောက်ကြော်) တယ်၊ အီမိတ်ခြောက် (မုန်ညှင်းခြောက်) လုပ်တယ်။ နောက်ပြီးရင်လည်း ငှက်ပျောကြော်တွေ လုပ်တယ်၊ ငှက်ပျော်ကြော်ကလည်း အရမ်းရောင်းရတယ်။
ကျမတို့ဘက်က လက်ဖက်ခြောက်တွေလည်း ရောင်းထွက်လာတဲ့ အပိုင်းတွေရှိတယ်။ အရင်က ပစ်ထုတ်ရတဲ့ ငှက်ပျောသီးတွေလည်း အခုက ဒေသအနှံ့က မျိုးစုံလုပ်တာပေါ့။ ငှက်ပျောစို၊ ငှက်ပျောခြောက်၊ ငှက်ပျောဝိုင် လုပ်တာတို့ အဲ့လိုလေးတွေနဲ့ တဆင့်ပြန်ပြီးတော့ အကျိုးပြုတဲ့ လုပ်ငန်းလေးတွေ လုပ်နိုင်ခဲ့တယ်။ ဒါကတော့ ပြောရရင် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုတွေ ပါသလို သူတို့ကိုယ်တိုင်ရဲ့ ကြိုးစားမှုရလဒ်က ဒီရဲ့ ပဋိပက္ခတွေကြား သူတို့ကိုယ်သူတို့ ရပ်တည်နိုင်အောင် တစိတ်တပိုင်း ထောက်ပံ့နိုင်ခဲ့တယ်လို့ ပြောလို့ရတာပေါ့။
မေး ။ ။ ဒေသထွက်ကုန်ပစ္စည်းများပြပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်မှုတွေ ရှိတယ်လို့ တွေ့ရပါတယ်။ အဲ့မှာရော သူတို့အနေနဲ့ ဘယ်လို အစားအသောက်၊ ဘယ်လို ထုတ်ကုန်တွေကို စိတ်ဝင်စားကြလဲ။
ဖြေ ။ ။ သူတို့စိတ်ဝင်စားတာက ဉပမာ – ငွေစံအိမ် လာကြည့်တာဆိုရင် ငှက်ပျောကြော်တွေ၊ သဘာဝ ဆနွင်းတွေ၊ ဘာမြေသြဇာ ဘာဓာတ်ပြုမှုမှ မပါပဲ ဒီတိုင်းစိုက်ထားတဲ့ ဒေသထွက်မျှစ်တို့ အဲ့တာတွေကို စိတ်ဝင်စားတာ ရှိတယ်။ အများဆုံး စိတ်ဝင်စားတယ်ဆိုတဲ့ဟာလည်း ဆန်အရက်ပေါ့၊ ကျမတို့ ဒေသဘက်ကနေ ထွက်တဲ့ ဆန်တွေ အဲ့ဆန်တွေကနေ သျှမ်းရိုးရာ အရက်တွေ ချက်တာတွေကို လူတွေက ပိုပြီး စိတ်ဝင်စားကြတယ်။
ပြီးတော့ ဒေသမျိုးစေ့တွေကို စိတ်ဝင်စားပြီးတော့ လာတောင်းကြတယ်၊ ရောင်းပေးပါ ဆိုတာ မျိုးလေးတွေ ရှိတယ်။ ဒါပေမဲ့ ဒေသမျိုးစေ့တွေကြတော့ ကျမတို့က ရောင်းဖို့ မဟုတ်ဘူး။ အခုမှ ထိန်းသိမ်းပြီးတော့ ပျံ့ပွားအောင် လုပ်နေတဲ့အပိုင်းဆိုတော့ ပြပဲပြနိုင်တယ်။ အဲ့ဒါတွေကို တော်တော်များများ စိတ်ဝင်စားကြတယ်။
အဲ့ဒီပြပွဲ ပြီးတဲ့နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ နောက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ တောင်သူလယ်သမားတို့နဲ့ ဒီဒေသထွက်တဲ့ အုပ်စုတွေနဲ့ အစည်းအဝေး လုပ်ပေးခဲ့တယ်။ အဲ့ဒီ အစည်းအဝေး လုပ်တဲ့အချိန်မှာဆိုရင် သူတို့ ဒီဘက်ပိုင်းက လိုချင်တာနဲ့ စီးပွားရေးသမားတွေ လိုချင်တာနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့တာတွေ ရှိတယ်။
မေး ။ ။ အရင်ကရော ဒီလို ပြပွဲတွေ လုပ်ဖူးတာ တွေ့ရပါတယ်၊ ဒီတခေါက်လုပ်တဲ့ ပြပွဲရဲ့ ထူးခြားမှုက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အမှန်ပြောရရင် ကျမတို့ နှစ်တိုင်းလိုလို ပြပွဲလုပ်ဖြစ်တယ်၊ ဒီလိုမျိုး စီးပွားဖြစ်တဲ့ ပြပွဲမျိုးတော့ မဟုတ်ဘူး။ နှစ်တိုင်းလိုလိုလုပ်တာက အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖလှယ်တာ၊ အစားအသောက်တွေ ဖလှယ်တာ အဲ့ဒီလို ဖလှယ်ပွဲလောက်ပဲ လုပ်တယ်။
အဲ့လို အခမ်းအနားတွေကို များသောအားဖြင့် မြစ်ချောင်းနားတွေမှာပဲ လုပ်တယ်။ နမ့်ပန်ချောင်းတလျှောက် သံလွင်မြစ်တလျှောက်တွေမှာ လုပ်တယ်၊ ၂၀၁၆ ကတည်းက နှစ်တိုင်းလိုလို လုပ်ဖြစ်တယ်။ ဒီနှစ်မှပဲ ဒေသက ထွက်တဲ့ ထွက်ကုန်တွေကို စီးပွားရေးသမားတွေနဲ့ ချိတ်ပေးတာ၊ ဆိုင်တွေနဲ့ ချိတ်ပေးတာတို့ လုပ်ဖူးတာ။
မေး ။ ။ ပြပွဲမှာ သျှမ်းပြည်တောင်ပိုင်းဘက်က အစားအစာတွေအပြင် အခြားသော သျှမ်းပြည်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဘက်က ဒေသအစားအစာတွေကော ပါပါသလား။
ဖြေ ။ ။ သျှမ်းအရှေ့ပိုင်းဘက်တွေတော့ မပါလာဘူး၊ ကျမတို့က သျှမ်းအရှေ့ဘက်ကို ဖိတ်နိုင်တဲ့ အင်အားက မရှိဘူး။ ကျမတို့ကလည်း ငွေကြေးအခက်အခဲလေးတွေနဲ့ စုလုပ်တဲ့ သဘောမျိုးဆိုတော့ သျှမ်းအရှေ့ကိုတော့ မဖိတ်နိုင်ခဲ့ဘူး။ သျှမ်းမြောက်ကျတော့ သူတို့ကလည်း စစ်ဘေးရှောင်ရင်း တောင်ကြီးမှာရောက်နေလို့ ပူးပေါင်းပါဝင်လာနိုင်တာ ဖြစ်တယ်၊ တချို့ကြတော့ လာပြတာရှိတယ်။ ကျမတို့ဘက်ကလည်း တကူးတက လိုက်ဖိတ်နိုင်တဲ့ အင်အားမျိုး မရှိဘူး။
မေး ။ ။ နောက်နှစ်တွေမှာကော ဒီလိုပြပွဲမျိုးတွေ ထပ်လုပ်ဖို့ အလားအလာ ရှိပါသလား။
ဖြေ ။ ။ နောက်နှစ်မှာဆိုရင်တော့ ကြိုးစားပါမယ်၊ အသွားအလာနဲ့ ပစ္စည်းတင်ခတို့က ဈေးအရမ်းတက်တာ ရှိတယ်။ ပစ္စည်းက ဒေသကနေ သယ်လာရတာဆိုတော့ အဲ့လိုမျိုးကျတော့ ကျမတို့ကို ကူညီပေးတဲ့ ဒေသခံ ကားဆရာတွေရှိလို့ သူတို့တွေကလည်း ကျနော်တို့ ဒေသခံ အချင်းချင်းကို အားပေးတဲ့ အနေနဲ့ ကူညီကြတာပါ။ နောက်နှစ်ကျရင်လည်း ဒီလိုစုပြီးတော့ ကူမယ်၊ ဒီလိုစုပေါင်းပြီးတော့ လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။
မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခ။












Leave a Comments