အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။
တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။
သို့သော် ပင်လောင်းမြို့နယ်တွင် စစ်မှုထမ်းလစဉ်ကြေးအပြင် ပအိုဝ်းပြည်သူ့စစ် PNO ၏ စစ်အသုံးစရိတ် အတွက်ပါ လစဉ်ကြေးထည့်ပေးရသဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ပင်လောင်းမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အနည်းဆုံး တစ်လကို ငါးသောင်းထည့်ရတယ်။ စစ်မှုထမ်း လစဉ်ကြေးရော၊ စစ်အသုံးစရိတ်ရော၊ အခွန်ရော ထည့်ရတယ်။ ပိုက်ဆံမရှိရင်လည်း ရှိတဲ့ဟာတွေရောင်းပြီး ထည့်ပေးနေရတော့ လူတွေလည်း အရမ်းပင်ပန်း နေပြီ” ဟု ပင်လောင်းမြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ပထမအပတ်တွင်လည်း ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO ၏ စစ်အသုံးစရိတ်အတွက် တစ်အိမ်ထောင်လျှင် ၃၀,၀၀၀ ကျပ်၊ စစ်မှုထမ်းဥပဒေ အပတ်စဉ် (၂၁) အတွက် တစ်အိမ်ထောင်လျှင် ၁၀,၀၀၀ ကျပ် အသီးသီး ထည့်ပေးရကြောင်း ၎င်းက ပြောသည်။
ထို့အပြင် ကားအမျိုးအစားအလိုက် အခွန် ၅၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အထိ ပအိုဝ်းပြည်သူ့စစ် PNO ထံ ပေးဆောင်ရသေးကြောင်း မြို့ခံများထံမှ သိရသည်။
“ကားအမျိုးအစားပေါ် မူတည်ပြီး ကားကောင်းရင် တစ်စီးကို နှစ်သိန်း ထည့်ရတယ်။ ကားမကောင်းဘဲ စုတ်နေရင်တော့ တစ်စီးကို ငါးသောင်း ထည့်ရတယ်။ ပြည်သူတွေကို အနိုင်ကျင့်နေတာပေါ့” ဟု အထက်ပါ မြို့ခံတစ်ဦးက ထပ်လောင်းပြောသည်။
ပအိုဝ်းပြည်သူ့စစ် PNO ခေါင်းဆောင်များသည်လည်း ၎င်းတို့အတွက် စစ်မှုထမ်းပေးမည်ဆိုလျှင် ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်တပ် ခေါ်ယူမည့် စစ်သားသစ်အဖြစ်မှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် မက်လုံးဖြင့် ပအိုဝ်းအရပ်သားများကို ဆွဲဆောင်နေကြောင်း ဒေသခံများက ပြောသည်။
“အခုနောက်ပိုင်း သူတို့တွေ ပိုက်ဆံလည်းကောက်၊ လူလည်းကောက်တော့ ပြည်သူတွေ သိပ်သဘော မကျတော့ဘူး။ ရှေ့တန်းမှာလည်း လူငယ်တွေ အများကြီး သေတာလေ” ဟု ပင်လောင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ထိုးစစ်ဆင်မှုကြောင့် တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေများစွာ သိမ်းပိုက်ခံရသည့် စစ်တပ်သည် ၎င်းတို့အတွက် စစ်အင်အား ချိနဲ့လာမှုကို ဖြည့်တင်းရန် ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သည်။
ထိုဥပဒေကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေပြုခဲ့ခြင်း ဖြစ်ပြီး အရပ်သားအစိုးရများ လက်ထက်တွင် ကျင့်သုံးခြင်း မရှိသော်လည်း ယခုအခါ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ကာ အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် မပြည့်မီအထိ သတ်မှတ်ထားပြီး အမျိုးသမီးများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ သတ်မှတ်ထားသည်။
စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်သား ၅,၀၀၀ နှုန်းဖြင့် ၂၀၂၅ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ စစ်မှုထမ်း အပတ်စဉ် ၂၀ ကြိမ် ဖွင့်လှစ်ထားပြီး ဖြစ်သည်။ အဆိုပါ ကိန်းဂဏန်းအတိုင်းသာဆိုလျှင် စစ်တပ်က ၂ နှစ်နီးပါးအတွင်း စစ်သားသစ် ၁၀၀,၀၀၀ (တစ်သိန်း) စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။












Leave a Comments