သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိက တောဝက်၊ တောကြက်ရဖို့ ညသွားအိပ်ပြီး စောင့်ယူတာလည်းရှိတယ်။ သူတို့ရောက်တဲ့ နေရာမှာ ခြေရာတွေတွေ့ရင် ခြေရာနောက်လိုက်ပြီး သွားကြတာပေါ့” ဟု မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

သို့သော် သျှမ်းပြည်အရှေ့ပိုင်း ဒေသခံများမှာ အမဲလိုက်ပြီး အသက်မွေးဝမ်းကြောင်းပြုဖို့ မလွယ်ကူလှပေ။

ယခင်က တောတောင်ထဲတွင် မုဆိုးများက လွတ်လွတ်လပ်လပ် အမဲလိုက်နိုင်သော်လည်း ယခုနောက်ပိုင်းတွင် မူးယစ်မှောင်ခိုသမားများ၏ တရားမဝင် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရာ လမ်းကြောင်း တစ်စိတ်တစ်ပိုင်း ဖြစ်လာသည့်အတွက် ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုရန် ဒေသတွင်း အာဏာပိုင်များက တားမြစ်ထားသည်။

အထူးသဖြင့် အာဏာပိုင်များ တားမြစ်ထားသည့် နေရာများတွင် ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာခြင်း၊ အမဲလိုက်ခြင်းကြောင့် ဒေသတွင်း အာဏာပိုင်များမှ မှားယွင်းပစ်ခတ်ပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း မိုင်းတုံမြို့နယ် ပုံပါကျင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“ရွာကလူတွေ တောထဲမှာအမဲလိုက်ရင်းနဲ့ ပျောက်တာ၊ အဲ့နဲ့ရွာကလူတွေက ညအချိန်မတော် သွားရှာရင်း မူးယစ်မှောင်ခိုသမားလို့ထင်ပြီး မှားပစ်တာ။ မသွားသင့်တဲ့အချိန်၊ မသွားသင့်တဲ့နေရာမှာ သွားလို့ပေါ့” ဟု ပုံပါကျင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ပုံပါကျင်ဒေသသည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသည့် နယ်မြေ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များအနက် အင်အားအကြီးဆုံး ဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ဌာနချုပ်တည်ရှိရာ ဝမြောက်ပိုင်းအပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ ဟွေအော်နှင့် ပုံပါကျင်ဒေသတို့ အပါအဝင် မြို့နယ် ၇ မြို့နယ်ကို ဝတောင်ပိုင်းဒေသ (သို့မဟုတ်) ၁၇၁ စစ်ဒေသဟု သတ်မှတ်ထားသည်။
ထိုနယ်မြေများတွင် ခန့်မှန်းခြေ လူဦးရေ ၁ သိန်းနှင့်အထက် နေထိုင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) ၏ အချက်အလက်များအရ သိရသည်။

လက်ရှိ “ဝ”တပ်ဖွဲ့ထိန်းချုပ်ထားသည့် မိုင်းတုံ၊ မိုင်းဆတ်ဒေသည် ယခင်ကတည်းက ဘိန်းရာဇာအဖြစ် လူသိများသည့် ဦးခွန်ဆာ၊ ဝေရှော်ကန်း စသူတို့ ကြီးစိုးခဲ့ရာ နေရာဖြစ်ပြီး ယနေ့တိုင် မူးယစ်ဆေးဝါး ပြဿနာများ၊ နယ်နိမိတ်အငြင်းပွားမှုများနှင့် နယ်မြေလုတိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် ဒေသအတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါးများ စီးဝင်လာခြင်း၊ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူ ဖမ်းဆီးရမိခြင်းများ အဆမတန် မြင့်တက်လာကြောင်း ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလ ၂ ရက်နေ့တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) ၏ ဒုတိယ အထွေအထွေ အတွင်းရေးမှူးချုပ် Apikit Ch.Rojprasert က Reuters သတင်းသို့ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် ပထမ ၈ လအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင်များဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင်နှင့် မယ်ဟောင်ဆောင်တို့တွင် စိတ်ကြွဆေးပြားပေါင်း ၂၄၆ သန်းအထိ ဖမ်းဆီးရမိကြောင်း ဆိုသည်။

ထိုထဲတွင် အိုက်စ် ၆.၄၈ တန် (၃၉ ရာခိုင်နှုန်းမြင့်တက်)၊ ဘိန်းဖြူ ၃၂၇ ကီလိုဂရမ် (၇ ဆနီးပါးမြင့်တက်) ရှိပြီး
ပြီးခဲ့သော ၂၀၂၃ တစ်နှစ်လုံး ဖမ်းဆီးရမိသည့် ပမာဏထက် ၁၇၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း (ONCB) ၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံတွင် ယခုနှစ် ၂၀၂၅ အတွင်း တရားမဝင် ဘိန်းထုတ်လုပ်မှု တန်ချိန် ၁,၀၁၀ အထိရှိခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး (UNODC) က ၂၀၂၅ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ယခုနှစ် ၂၀၂၅ အတွင်း မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမြေသည် ပြီးခဲ့သော ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်း တိုးလာပြီး ၅၃,၁၀၀ ဟက်တာ အထိရှိလာကြောင်း၊ သျှမ်းပြည်သည် တစ်နိုင်ငံလုံး အတိုင်းအတာ၏ ၈၀ ရာခိုင်နှုန်း အထိရှိပြီး အဓိက ဘိန်းစိုက်ပျိုးနယ်မြေတစ်ခုဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဝတောင်ပိုင်းဒေသ (သို့မဟုတ်) ၁၇၁ စစ်ဒေသ

ခွန်ဆာ ဦးဆောင်သော Mong Tai Army (MTA) ကြီးစိုးရာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်ဒေသအား မြန်မာစစ်တပ်နှင့် UWSA တပ်များ ပူးပေါင်းကာ ၁၉၉၄ ခုနှစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာ လက်နက်ချခဲ့သည်။

ခွန်ဆာလက်နက်ချပြီးနောက် ထိုဒေသများသည် ဝတောင်ပိုင်းဒေသ (သို့မဟုတ်) ၁၇၁ စစ်ဒေသဖြစ်လာပြီး ဝလူမျိုး ၁ သိန်းခန့် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ဝတောင်ပိုင်းဒေသတွင် စစ်နယ်မြေ ၃ ခုနှင့် တပ်မဟာ ၅ ခု ဖွဲ့စည်းထားပြီး တပ်ဖွဲ့ဝင်အင်အား ၁ သောင်းခန့်ဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် MTA တပ်စခန်းဟောင်းများ အပါအဝင် နေရာများစွာ တပ်စခန်းချထား ကြောင်း သိရသည်။

“ဝ”တပ်ဖွဲ့အနေဖြင့် အဖွဲ့အစည်းအတွက် ဘဏ္ဍာငွေရှာဖွေရာ၌ မြောက်ပိုင်းဒေသတွင် မြေရှားနှင့် ခဲမဖြူ သတ္တုများကို တူးဖော်ရောင်းချခြင်း၊ ဒေသတွင်း ကာစီနိုရုံများ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တောင်ပိုင်းဒေသတွင် ရာဘာစိုက်ပျိုးကာ မဲခေါင်မြစ်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်း စသည့်တို့ကို လုပ်ဆောင်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) ၏ အချက်အလက်များအရ သိရသည်။

ထို့အပြင် “ဝ”တပ်ဖွဲ့ထိန်းချုပ်ထားရာ နယ်မြေဖြစ်သည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ မြေရှားနှင့် ရွှေတူးဖော်မှု လုပ်ငန်းများ တိုးချဲ့လာနေကြောင်းလည်း ရှမ်းအခွင့်အရေးမဏ္ဍိုင် (SHRF) ကလည်း ထောက်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မိုင်းဆတ်မြို့နယ် တောင်ယာထဲ အမျိုးသမီးတစ်ဦး အသတ်ခံရ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် တောင်ထဲတွင် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် မိုင်းဆတ်မြို့ နယ် အ‌နောက်ဘက် ကျတီကျေးရွာအုပ်စု အားဟယ့်ရွာတွင် နေ့ထိုင်သည့် အမျိုးသမီးတစ်ဦး တောင်ယာထဲတွင် အသတ်ခံရပြီး သေဆုံးနေကြောင်း မိုင်းဆတ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...