မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။

နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ ကွန်ရက်တစ်ခုတည်းအဖြစ် ပေါင်းစပ်လာနေသည်။

ထိုကဲ့သို့ မူးယစ်ဆေးဝါး ထောက်ပံ့မှု သံသရာ အားကောင်းလာခြင်းကြောင့် ဈေးကွက်အတွင်း စိတ်ကြွဆေးဈေးနှုန်းများ စံချိန်တင် ကျဆင်းလာကာ လူငယ်များသည် အဆိုပါမူးယစ်ဆေးဝါး၏ သားကောင် ဖြစ်နေကြရသည်။

အထူးသဖြင့် မက်သဖက်တမင်း (Methamphetamine) ထုတ်လုပ်မှုအများဆုံးဖြစ်သော သျှမ်းပြည်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်းမှာ စိုးရိမ်ရလောက်အောင် မြင့်တက်နေသည်။

ထိုသို့ အခြေအနေဆိုးများကြားတွင် ကိုယ်တိုင်လည်း မူးယစ်ဆေးသားကောင် ဖြစ်ခဲ့ဖူးသည့် မူဆယ်မြို့မှ လူငယ်တစ်ဦးက ၎င်း၏ ကိုယ်ပိုင်ငွေကြေးဖြင့် မူးယစ်ဆေးဖြတ်သည့် သင်တန်းကျောင်းတစ်ခု တည်ထောင်ကာ လမ်းမှားရောက်နေသည့် လူငယ်များကို ကယ်တင်ရန် ကြိုးပမ်းနေသည်။

စစ်ရေးပဋိက္ခများကြောင့် ရိက္ခာပြတ်လပ်မှုနှင့် လုံခြုံရေး စိန်ခေါ်မှုများ ရှိနေသော်လည်း ပြီးခဲ့သည့် (၈) လအတွင်း လူငယ်ပေါင်း ၂၀၀ နီးပါးကို ဘဝသစ်ပြန်လည်စတင်နိုင်ရန် ၎င်းက ကူညီပေးခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် လူငယ် ၁၀၀ ကျော်ကို ဆေးဖြတ်ပေးရုံသာမက အသက်မွေးဝမ်းကျောင်း ပညာရပ်များပါသင်ကြားပေးနေသည့် မူဆယ်မြို့ “ဘဝသစ်လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်း” မှ တာဝန်ခံ ဘရန်လတ်ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ အစ်ကို သင်တန်းကျောင်းကို စတင်တည်ထောင်တုန်းက ဘယ်လိုစိတ်ကူးနဲ့ တည်ထောင် ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ စတင်တည်ထောင်တုန်းကတော့ ကိုယ်ပိုင်ငွေနဲ့ပဲ စခဲ့တာပါ။ ကျနော် ကိုယ်တိုင်လည်း အရင်က ဘိန်းစား၊ ဘိန်းဖြူသုံးစွဲခဲ့ဖူးတယ်။ မြစ်ကြီးနားဘက်မှာ နေတုန်းက အသက် (၁၈) နှစ်အရွယ်မှာတင် အပေါင်းအသင်း ကြောင့်ရော၊ လူငယ်သဘာဝ စမ်းချင်၊ သိချင်တာကြောင့်ရော စပြီး သုံးစွဲမိခဲ့တာ။ တကယ်တော့အပေါင်းအသင်း ကိုပဲ အပြစ်ပုံချလို့ မရဘူး။ 

ကိုယ်တိုင်က သဘောတူပြီး ရွေးချယ်ခဲ့တာမို့ ကိုယ့်ရဲ့ ရွေးချယ်မှုမှာပဲ အပြစ်ရှိပါတယ်။ အဲဒီတုန်းက ကျနော် အရမ်းပျက်စီးသွားခဲ့တယ်။ လေး၊ ငါးနှစ်လောက်မှာတော့ ဘာမှမဖြစ်သေးဘူး ထင်ရပေမဲ့ နောက်ပိုင်းမှာ အိမ်ကပစ္စည်းတွေ ခိုးတယ်။

ပတ်ဝန်းကျင်က အိမ်တွေအထိ ခိုးလာတော့ မိဘတွေက အိမ်ပေါ်က နှင်ချလိုက်တယ်။ မချစ်လို့ မဟုတ်ဘူး၊ ကျနော်ကို ပြုပြင်စေချင်လို့ မောင်းထုတ်တာပေါ့။

ကျနော်တို့ မောင်နှမ (၇) ယောက်ရှိတယ်။ အဲ့ထဲမှာကျနော်က  အကြီးဆုံးဖြစ်ပေမဲ့ မိဘတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့ရတယ်။ ကျနော် ကိုယ်တိုင် ပြောင်းလဲလာတဲ့အခါမှာ ကျနော်လို လူငယ်တွေ၊ နောင်လာနောက်သားတွေ ဒီလိုမျိုး လမ်းမှားမရောက်ရအောင် ကျနော် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးချင်တဲ့စိတ်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

မေး။ ။ ကျောင်းစတင်တည်ထောင်ချိန်ကနေ အခုထိ စုစုပေါင်း လူငယ်ဘယ်နှယောက်ကို ကုသပြုစုပေးခဲ့ပြီးပြီလဲ။

ဖြေ။ ။ ကျနော်တို့က ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အခု ၂၀၂၆ ခုနှစ်၊ ဇွန်လဆိုတော့ (၈) လဝန်းကျင် ရှိပါပြီ။ အခုအချိန်ထိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ လူငယ် စုစုပေါင်း (၂၀၀) ဝန်းကျင်လောက် ရှိပါပြီ။

မေး။ ။ လက်ရှိ သင်တန်းကျောင်းမှာ ဆေးဖြတ်နေတဲ့ လူငယ်အရေအတွက် ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ လက်ရှိ သင်တန်းကျောင်းမှာ ဆေးဖြတ်နေတဲ့ လူငယ် စုစုပေါင်း (၁၁၈) ဦး ရှိပါတယ်။

မေး။ ။ ဆေးလာဖြတ်တဲ့သူတွေထဲမှာ ဘယ်လို အသက်အရွယ်အပိုင်းအခြားက အများဆုံး ဖြစ်နေပါသလဲ။ ဥပမာ – ကျောင်းသားလူငယ်တွေလား ဒါမှမဟုတ် လုပ်ငန်းခွင်ဝင်နေသူတွေလား။

ဖြေ။ ။ ဆေးလာဖြတ်တဲ့သူတွေကတော့ များသောအားဖြင့် အသက် (၁၈) နှစ်ကနေ (၄၀) နှစ်ကြား အများဆုံး ဖြစ်ပါတယ်။ အသက် (၆၀) ကျော်သူ (၃)၊ (၄) ယောက်လောက် ပါသလို၊ အသက် (၁၄) နှစ်၊ (၁၅) နှစ်အရွယ် ကလေးတွေလည်း ပါပါတယ်။ ဒါပေမဲ့ အများစုကတော့ အသက် (၁၈) နှစ်ကနေ (၄၀) နှစ်ကြား အရွယ်တွေ ပိုများပါတယ်။

မေး။ ။ ဆေးလာဖြတ်တဲ့သူတွေက များသောအားဖြင့် ဘယ်ဒေသက လာကြတာလဲ။

ဖြေ။ ။ ကချင်ပြည်နယ်ကလည်း ပါသလို နယ်စပ်တစ်ဝိုက်ဖြစ်တဲ့ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ ဒေသတွေကလည်း ပါပါတယ်။ ပြီးတော့ သိန္နီ၊ နမ္မတူနဲ့ တောင်ကြီးဘက်ကလည်း ရှိသလို မန္တလေး၊ ရန်ကုန်ဘက်ကလည်း ပါပါတယ်။ များသောအားဖြင့်တော့ သျှမ်းပြည်နယ်ဘက်ကသူတွေ ပိုများပါတယ်။

မေး။ ။ သူတို့တွေဟာ ဘယ်လိုမူးယစ်ဆေးမျိုးကို အဓိက သုံးစွဲခဲ့ကြတာလဲ။ ဥပမာ – စိတ်ကြွဆေးတွေလား၊ ဘိန်းဖြူတွေလား။

ဖြေ။ ။ မူးယစ်ဆေးဝါးလို့ ပြောလိုက်ရင် အများစုက ဘိန်းဖြူ (Number 4) သုံးစွဲသူ ပိုများပါတယ်။ အဖြူကို ထိုးတဲ့သူရော ရှူတဲ့သူပါ များပါတယ်။ ပြီးတော့ စိတ်ကြွဆေး (ယာဘ/WY) လည်း ပါသလို ဆေးခြောက်နဲ့ တခြားဆေးတွေလည်းသုံးကြတာရှိပါတယ်။ ဒါပေမဲ့ ဘိန်းဖြူထိုးတဲ့သူတွေကတော့ အများဆုံးပါပဲ။

မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးသုံးစွဲမှု ပိုများလာတယ်လို့ သုံးသပ်မိပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်။ အရင်တုန်းက ဒီလောက်မများဘူး။ အခုနောက်ပိုင်း တိုင်းပြည်အခြေအနေတွေကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာ ပိုများလာပါတယ်။ ရာခိုင်နှုန်း ပြောရရင် တဝက်လောက် တက်သွားတာပေါ့။ သုံးတဲ့သူရော ရောင်းတဲ့သူရော များလာတယ်။ အချို့အိမ်ထောင်စုတွေမှာ မိသားစု (၃) ယောက်ရှိရင် (၂) ယောက်လောက်က မူးယစ်ဆေးသုံးနေတာ တွေ့ရတယ်။

များသောအားဖြင့်တော့ တိုင်းပြည်ရဲ့ မတည်ငြိမ်မှုနဲ့ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ဖိအားများလာတဲ့အခါ မူးယစ်ဆေးဝါးကို အားကိုးမိသွားကြတာပေါ့။ လူငယ်တွေကို မေးကြည့်ရင်လည်း အလုပ်အကိုင် အခွင့်အလမ်း မရှိတာ၊ စီးပွားရေး တစ်ပိုင်တစ်နိုင် လုပ်ရင်းကနေ ရောင်းဝယ်ဖောက်ကားသူတွေနဲ့ နီးစပ်ပြီး သုံးစွဲသူ ဖြစ်သွားကြတာ များပါတယ်။

မေး။ ။ ၂၀၂၁ ခုနှစ် နောက်ပိုင်းနဲ့ လက်ရှိ သျှမ်းမြောက်ဒေသ စစ်ရေးအခြေအနေတွေကြောင့်သင်တန်းကျောင်း လည်ပတ်မှုမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလဲ။

ဖြေ။ ။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ခက်ခဲတယ်။ ဒါပေမဲ့ အခုတော့ လမ်းတွေအားလုံး ပွင့်သွားပြီ။ အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ကျနော်တို့က လည်ပတ်နေတာပါ။ 

လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဘူးဆိုရင် အလှူရှင်တွေကလည်း မရောက်လာနိုင်တော့ဘူး။ အလှူရှင်လို့ ပြောတဲ့အခါမှာ သိန်းနဲ့ချီ လာလှူတဲ့သူမရှိပါဘူး။ အနည်းအကျဉ်းလောက်ပဲ။ ဆန်တစ်အိတ်၊ အာလူးတစ်အိတ် အဲလိုမျိုးပေါ့။ 

အခုကျနော်တို့က ကော်မတီဖွဲ့ထားတယ်ဆိုတော့ သူ့စီးပွားရေး၊ ကိုယ့်စီးပွားရေး လုပ်တဲ့ဟာနဲ့ ပါဝင်ပေးကြတာ။ အဲလိုနဲ့ပဲ ကျွေးနေကြတာပေါ့။ လောလောဆယ် NGO တွေ လာကြည့်တာတော့ မရှိဘူး။ NGOနာမည်ပေါက် ထားတဲ့ အဖွဲ့အစည်းတွေတော့ လာကြည့်တာ မရှိဘူး။ အခု သူတို့လုပ်နေတဲ့ ‘လမ်းပြကြယ်’ ဆိုတဲ့ ဆေးခန်း သေးသေးလေး တစ်ခုရှိတယ်။ 

အခုမှ သူတို့ အစိုးရဆေးရုံနဲ့ ချိတ်ပြီး သွေးတွေစစ်ပေးတယ်၊ သလိပ်တွေ စစ်ပေးတယ်။ A ပိုး၊ B ပိုး၊ C ပိုးတွေ စစ်ပေးတယ်။ အဲလိုမျိုး လာလုပ်ပေးတာပေါ့။ ဆေးဝါးကိုတော့ ခုနကပြောသလိုပဲ ဖွဲ့ထားတဲ့ ကော်မတီကနေ ရတဲ့အလှူငွေကို နည်းနည်းပါးပါး၊ ကိုက်ခဲဆေးတွေ၊ ယင်းထိန်းဆေးတွေ၊ အားဆေးတွေ၊ အနာသက်သာဆေးတွေ အားလုံးဝိုင်းပြီး ဝယ်ပြီးတော့မှ တိုက်နေတာပေါ့။ ဒီမှာ ဆေးတွေလည်း တစ်လစာ တစ်လစာ ဝယ်ထားရတယ်။

မေး။ ။ ဆေးလာဖြတ်တဲ့သူတစ်ယောက်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပေးပါသလဲ။

ဖြေ။ ။ အဓိကကတော့ ရုပ်ပိုင်းဆိုင်ရာကို အရင်ဆုံး ဆေးဝါးကုသမှုတွေ လုပ်ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အရင်စင်အောင် လုပ်ပေးတယ်။ ပြီးတော့မှ စိတ်ပိုင်းဆိုင်ရာ ကုသမှုပေးပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို စိတ်ရောဂါဝေဒနာရှင်လို့လည်း ပြောလို့ရတယ်။ (၄) (၅) နှစ်လောက် ကြာသွားရင်တောင် မမေ့ဖျောက်နိုင်ကြဘူး။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ သက်သာအောင် ကုစားပေးပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲရတဲ့ အဓိကအကြောင်းရင်းက စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာတွေကြောင့် ဖြစ်တတ်ပါတယ်။ 

အပျော်အပါး၊ စီးပွားရေး၊ နိုင်ငံရေး အမျိုးမျိုးသော ဖိအားတွေကြောင့်ပေါ့။ သူတို့ရဲ့ ခန္ဓာကိုယ် သန့်ရှင်းသွားတဲ့အခါမှာ ကျနော်တို့က စိတ်ပိုင်းဆိုင်ရာကို ပြန်လည်တည်ဆောက်ပေးပြီး မွမ်းမံပေးတာ ဖြစ်ပါတယ်။

မေး။ ။ ဆေးလာဖြတ်တဲ့သူတွေကို မြေအောက်ခန်းမှာ ဘာကြောင့် ထားတာလဲ၊ ဘယ်နှရက်ကြာမှအပေါ်ကို ပြန်တက်ခွင့်ရလဲဆိုတာ ရှင်းပြပေးလို့ရမလား။

ဖြေ။ ။ မြေအောက်ခန်းထဲမှာ (၁) ပတ်ကနေ အကြာဆုံး ရက် (၃၀) အထိ ထားပါတယ်။ မူးယစ်ဆေး “ယင်း” ထလာတဲ့အခါ သူတို့မှာ လူစိတ်မရှိတော့ဘဲ ရိုင်းစိုင်းသွားတတ်တယ်။ လူသတ်ဖို့တောင် ဝန်မလေးတဲ့အထိ ဖြစ်တတ်ပါတယ်။

 အဲဒီလို “ယင်း” ထတဲ့ဒဏ်ကို မခံနိုင်တဲ့အခါ သောင်းကျန်းလာတတ်ကြလို့ သူတို့ကို ထိန်းသိမ်းရခက်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဝေဒနာ သက်သာသွားအောင် ခဏတာ ထိန်းသိမ်းထားတဲ့ သဘောပါ။ ဒါပေမဲ့ အဲဒီထဲမှာ ပန်ကာတွေ၊ ရေလုံလုံလောက်လောက်နဲ့ အိမ်သာတွေ အားလုံး အပြည့်အစုံ စီစဉ်ပေးထားပါတယ်။

မေး။ ။ ဆေးဖြတ်ပြီးသွားတဲ့ လူငယ်တွေကို လူ့အဖွဲ့အစည်းထဲ ပြန်လည်ဝင်ဆံ့နိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေရော သင်ပေးပါသလား။

ဖြေ။ ။ ဟုတ်ကဲ့၊ ဆေးဖြတ်ပြီး (၃) လ ဒါမှမဟုတ် (၆) လ ပြည့်တဲ့သူတွေကို မိသားစုနဲ့ လူ့အဖွဲ့အစည်းထဲ ပြန်ဝင်ဆံ့နိုင်အောင် လက်မှုပညာတွေ သင်ပေးပါတယ်။ ဥပမာ – ကားဝပ်ရှော့၊ လက်သမား၊ ပန်းရံ၊ သံပန်း စတဲ့ ပညာရပ်တွေပေါ့။ တချို့ကလည်း ကားမောင်းတာ၊ တချို့က ဘာသာရေးဘက်မှာ ပြန်လည်အလုပ်အကျွေးပြုတာမျိုးတွေ ရှိပါတယ်။

မေး။ ။ ပုံမှန်အားဖြင့် လူတစ်ယောက်မှာ ပြန်လည်ထူထောင်ရေးကာလ ဘယ်လောက်ကြာတတ်လဲ။

ဖြေ။ ။ ကျနော်တို့ဆီမှာတော့ အနည်းဆုံး (၆) လ သတ်မှတ်ထားပါတယ်။

မေး။ ။ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ဆေးဖြတ်ပြီးသားသူတွေ နောက်တစ်ကြိမ် လမ်းမှားပြန်ရောက်သွားတာမျိုး ရှိလား။

ဖြေ။ ။ လောလောဆယ် ကျနော်တို့ကျောင်းမှာတော့ အဲဒီလို ပြန်သုံးတဲ့သူတွေ မရှိသေးပါဘူး။

မေး။ ။ အခုသင်တန်းကျောင်းအနေနဲ့ အစိုးရ ဒါမှမဟုတ် အလှူရှင်တွေဆီကနေ အကူအညီရရှိမှု အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ အဖွဲ့အစည်းအလိုက် ထောက်ပံ့တဲ့ အလှူရှင်ကြီးကြီးမားမား မရှိပါဘူး။ ကျနော်တို့ တင်ထားတဲ့ သတင်းအချက်အလက်တွေကို ကြည့်ပြီး စေတနာရှင်တချို့က တစ်သောင်း၊ နှစ်သောင်းကနေ တစ်သိန်းအထိ ပါဝင်လှူဒါန်းတာမျိုးတော့ ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း အလှူရှင်တွေအတွက်တံခါးဖွင့်ထားပါတယ်။ စေတနာ မေတ္တာနဲ့ ပါဝင်ကူညီတဲ့သူတွေကို ကျေးဇူးတင်စွာနဲ့ လက်ခံထားပါတယ်။

မေး။ ။ လက်ရှိမှာ အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုဆိုရင် ဘာဖြစ်မလဲ။

ဖြေ။ ။ အခုက မီဒီယာခေတ်ဆိုတော့ အကြီးအကဲတွေရဲ့ ဖိအားနဲ့ စိန်ခေါ်မှုတွေ ရှိပါတယ်။ ခြိမ်းခြောက်မှု၊ ဝေဖန်တိုက်ခိုက်မှုတွေ အမျိုးမျိုး ကြုံရပါတယ်။ ဒါပေမဲ့ ကျနော်လုပ်နေတဲ့ အလုပ်က အများအကျိုးအတွက် ဖြစ်တဲ့အတွက် တစ်စိုက်မတ်မတ် ဆက်လုပ်သွားမှာပါ။ မူးယစ်ဆေးသားကောင် ဖြစ်သွားတဲ့သူတွေဟာ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့သူတွေ ဖြစ်လာတတ်တယ်။ ခိုးဆိုးလုယက်တာတွေ လုပ်လာနိုင်ပါတယ်။ ဒါကြောင့်သူတို့ကို ပြုပြင်ပေးပြီး လူ့ဘောင်ထဲမှာ မျက်နှာသာရတဲ့သူ၊ မိသားစုနဲ့ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ လူငယ်တွေ ဖြစ်လာစေဖို့ ကျနော် ရည်ရွယ်ပါတယ်။

မေး။ ။ မူဆယ်လို နယ်စပ်မြို့မှာ မူးယစ်ဆေးဝါး ပြဿနာ လျှော့ချဖို့အတွက် ဘာတွေ လိုအပ်တယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ အဓိကကတော့ အခုလို ဆေးဖြတ်ပေးတဲ့ လုပ်ငန်းတွေ များများရှိဖို့ လိုပါတယ်။ အခုက မူးယစ်ဆေးဝါးက လွတ်လပ်စွာ ရောင်းဝယ်နေသလို ဖြစ်နေတာ။ ပရဟိတအဖွဲ့တွေ ရှိပေမဲ့ မူးယစ်ဆေးသုံးစွဲသူတွေကို တိုက်ရိုက်ပြုစုပေးတဲ့ နေရာတွေ နည်းနေပါသေးတယ်။ ဒါကြောင့် ဒီပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုအပ်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ မူးယစ်ဆေးကြောင့် လမ်းမှားရောက်နေတဲ့ လူငယ်တွေနဲ့ မိဘတွေကိုဘာများ မှာကြားချင်ပါသလဲ။

ဖြေ။ ။ မူးယစ်ဆေးဝါးကို ဘယ်အကြောင်းပြချက်နဲ့မှ လုံးဝမစမ်းပါနဲ့။ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အပျော်အပါးကြောင့်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတိုက်တွန်းလို့ပဲဖြစ်ဖြစ် လုံးဝ မထိတွေ့ပါနဲ့။ သုံးစွဲလိုက်ပြီဆိုတာနဲ့

လူ့ဘဝရဲ့ အညွန့်တုံးသွားပါပြီ။ မျှော်လင့်ချက်တွေနဲ့ အနာဂတ်တွေ ပျောက်ဆုံးသွားပါလိမ့်မယ်။

မိဘပြည်သူတွေကိုလည်း မိမိတို့ သားသမီးတွေကို မူးယစ်ဆေးဝါးနဲ့ မပတ်သက်မိအောင် အထူးဂရုစိုက် စောင့်ရှောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ကျနော်တို့ နိုင်ငံမှာ ပျက်စီးနေတဲ့ တကယ့် လူငယ်တွေ အများကြီး ရှိပါတယ်။ လမ်းမှားရောက်နေရင်တောင် အခု ပြန်ပြင်ဖို့ ကြိုးစားရင် မနောက်ကျသေးပါဘူး။ လူဆိုတာ မမှားဖူးတဲ့သူ မရှိပါဘူး။ မူးယစ်ဆေးက ကျွန်တော်တို့ရဲ့ ဘဝမဟုတ်ဘူးဆိုတာ သိပြီး လမ်းမှားကနေ ပြန်ထွက်လာကြပါ။ ပြန်ကြိုးစားချင်တဲ့စိတ် ရှိနေသရွေ့ မရှုံးသေးပါဘူး။ သင်တန်းကျောင်းတွေမှာ အကူအညီယူပြီး လှပတဲ့ ဘဝအနာဂတ်ကို ပြန်လည် တည်ဆောက်ကြပါလို့ ခွန်အားပေး မှာကြားချင်ပါတယ်။

အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...