Tuesday, January 27, 2026

ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန် ပထမဆင့်ဖြစ်သော အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ ၁၅ ရက်တာ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။

လုပ်သားရှားပါးမှုကို ဖြေရှင်းရန် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအား ဝေါ့ခ်ပါမစ် အသစ် ပြုလုပ်ပေးရန် စာရင်းတင်သွင်းမှုကို ထိုင်းအစိုးရဘက်မှ ပြီးခဲ့သော အောက်တိုဘာလအတွင်း ရက်ပိုင်းခန့် ဖွင့်လှစ်ပေးခဲ့သော်လည်း နယ်စပ်ပဋိပက္ခများကြောင့်ဆိုကာ ဝေါ့ခ်ပါမစ် ထုတ်ပေးမည့် အစီအစဉ်ကို ခေတ္တရပ်ဆိုင်းခဲ့သည်။

ယခင်နှင့်မတူသော ယခုအစီအစဉ်သစ်တွင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ခေါ် ဘတ်စာရင်း တင်သွင်းကြေးကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော ဝက်ဘ်ဆိုဒ်စာမျက်နှာ လင့်ခ်မှတဆင့် ပေးသွင်းရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဘတ်အသစ်ပြုလုပ်ရန် ထိုင်းငွေ ၂,၉၈၀ ဘတ်မှ ၃,၈၇၀ ဘတ် ကုန်ကျမည်ဖြစ်ပြီး ဘတ်အမည်စာရင်း လျှောက်ထားမည့် အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၁ နှစ်သက်တမ်း ရရှိမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။

ထို့အပြင် အလုပ်လုပ်ခွင့်လက်မှတ် အသစ် လျှောက်ထားမည့်သူများ အနေဖြင့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ် ရှိထားပါက တစ်ပါတည်း လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

သို့သော် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ပေးမည့် အစီအစဉ်သစ်တွင် တကျော့ပြန် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများအတွက် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။

ရေကြည်ရာ မြက်နုရာသို့

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လူငယ်များသည် စစ်ရေး ပဋိပက္ခများ၊ စီးပွားရေး ပြိုလဲမှုများနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ရသည့် နည်းလမ်းဖြင့် ထွက်ခွာရန် ကြိုးစားနေကြသည်။

ပြီးခဲ့သော သြဂုတ် ၁၂ ရက်က ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) မှ ဖော်ပြသော “ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း” အစီရင်ခံစာတွင် လူငယ် ၇,၀၀၀ ကျော်၏ အမြင်များကို မေးမြန်းခဲ့ရာ လူငယ် ၁၀ ယောက်တွင် ၄ ယောက်က မြန်မာနိုင်ငံမှ ထွက်ခွာလိုကြကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ လူငယ်အများစု အသွားချင်ဆုံး နိုင်ငံမှာ ဂျပန်နိုင်ငံ ဖြစ်သော်လည်း လက်တွေ့မှာတော့ ထိုင်းနိုင်ငံကိုသာ သွားရောက်မှု အများနိုင်ငံဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် နည်းလမ်းဖြင့် လည်းကောင်း၊ တရားဝင် နည်းလမ်းဖြင့်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာသူ သန်းနှင့်ချီ ရှိနေကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ခန့်မှန်း ပြောဆိုနေကြသည်။

ယခုနှစ် ၂၀၂၅ အတွင်း ထိုင်းအစိုးရမှ ထုတ်ပြန်သော ဇူလိုင်လအထိ စာရင်းများအရ အလုပ်လုပ်ခွင့်လက်မှတ် လျှောက်မည့်သူ၊ သက်တမ်းတိုးမည့်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂ ဒသမ ၉ သန်းရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင်မှု အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လျှောက်ထားဆဲ မြန်မာရွေ့ပြောင်းအလုပ်သမား ၉၃,၃၀၅ ဦးရှိသည်ဟု ချင်းမိုင်ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ယခုနှစ် ၂၀၂၅ သြဂုတ် ၆ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဘတ်ရိုက်ရန်အတွက် အကြွေးတင်နေသူများ

ထိုင်းအစိုးရဘက်မှ ယခုစတင်မည့် ဘတ်အမည်စာရင်း တင်သွင်းခြင်း လုပ်ငန်းစဉ်တွင် အစအဆုံး ပေးသွင်းရမည့် ကုန်ကျစရိတ်ကို ထိုင်းဘတ်ငွေ ၃,၈၇၀ ( မြန်မာကျပ်ငွေ ကာလပေါက်စျေး ၄ သိန်းခွဲကျော်) ကျသင့်မည်ဟု တရားဝင် ကြေညာထားသည်။

သို့သော် ပြင်ပ အကျိုးဆောင် ပွဲစားများဖြင့် လုပ်ဆောင်မည်ဆိုပါက ထိုင်းဘတ်ငွေ ၈,၀၀၀ မှ ၁၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၁၀ သိန်းမှ ၁၂သိန်းကျော်) ပေါက်ဈေး ရှိနေသည်ဟု ဘတ်စာရင်း အသစ်လျှောက်မည့်သူများက ပြောကြသည်။

ထို့အပြင် အချို့သော ပွဲစားများသည် VIP လမ်းကြောင်းဟုဆိုကာ ထိုင်းဘတ်ငွေ ၁,၈၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၂၂ သိန်းကျော်) အထိ တောင်းယူကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

“အရင်တစ်ခါက VIP လမ်းကြောင်းဆိုပြီး ဘတ် ၁၈,၀၀၀ ပေးပြီး လုပ်လိုက်တာ မရဘူး။ ပိုက်ဆံပဲ လိမ်သွားလား မပြောတတ်ဘူး” ဟု ဘတ်အသစ် လျှောက်မည့် ကိုကျော် (အမည်လွှဲ)က ပြောသည်။

အဆိုပါ ဈေးနှုန်းသည် ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ တရားဝင် ကြေညာထားသော သတ်မှတ်နှုန်းထက် နှစ်ဆ၊ သုံးဆ ကုန်ကျစရိတ် ပိုမိုကြီးမြင့်နေသည်။ ထိုငွေပမာဏများသည် ရွှေ့ပြောင်းအလုပ်သမားများအတွက် မလွယ်လှပေ။

ကိုကျော်သည် ဘတ်စာရင်း ခေါ် အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ် ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာကာ ခရီးစရိတ်အတွက် ထိုင်းဘတ်ငွေ စုစုပေါင်း ၁၅,၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၁၈ သိန်းကျော်) ကုန်ကျခဲ့ကြောင်း ပြောသည်။

“တချို့တွေကျတော့ လယ်ရောင်း၊ ခြံရောင်းပြီး လာကြတယ်။ တချို့တွေကျတော့လည်း အတိုးယူပြီးတော့ လာကြတာပေါ့” ဟု ကိုကျော်က လမ်းစရိတ် အခက်အခဲကို ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ် ပြုလုပ်ရန်အတွက် တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာကြရာ အချို့လည်း လမ်းပိုင်းတွင် ဖမ်းဆီးခံရပြီး မြန်မာပြည်သို့ ပြန်ပို့ခံရသူများလည်း ရှိနေသည်။

ထို့အပြင် ဘတ်စာရင်း ပြုလုပ်ပေးမည့် ပွဲစားအချင်းချင်း အဝေ မတည့် ဖြစ်ရာမှ ပွဲစားတစ်ဦးက နေရာအတိအကျဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနထံ တိုင်ကြားသဖြင့် ဝင်ရောက်ဖမ်းခံရသူများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်ဖြစ်စေရန် ရည်ရွယ်၍ ထိုင်းအစိုးရဘက်မှ အလုပ်လုပ်ခွင့် အသိအမှတ်ပြုလက်မှတ် ခေါ် ဝေါ့ခ်ပါမစ်ကို နှစ်စဉ် ထုတ်ပေးသည်။ ထိုလုပ်ငန်းစဉ်အား ဘတ်ရိုက်ခြင်း (သို့မဟုတ်) ပန်းရောင်ကတ် ပြုလုပ်သည်ဟုလည်း ခေါ်ကြသည်။

ယခုဘတ်ရိုက်လုပ်ပေးမည့် လုပ်ငန်းစဉ်တွင် ဝေါ့ခ်ပါမစ် သက်တမ်းကုန်ဆုံးနေသူများ၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူများနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများ အကျုံးဝင်ကြောင်း နိုဝင်ဘာလ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သော ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်ထဲတွင် ပါရှိသည်။

အခုလုပ်မည့် လုပ်ငန်းစဉ်တွင် အမည်စာရင်းတင်သွင်းခြင်း၊ အလုပ်လုပ်ခွင့် လျှောက်လွှာတင်ခြင်း၊ ငွေသွင်းခြင်း၊ ကျန်းမာရေး ဆေးစစ်ခြင်း၊ အာမခံဝယ်ယူခြင်းနှင့် လက်ဗွေနှိပ်ခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများ ဘတ်ရိုက်ရာတွင် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။

“အရင်က ပုံစံအတိုင်းပဲ၊ သတ်မှတ်ထားတဲ့ ၁၅ ရက်အတွင်း လုပ်ပေးမှာ။ စာရင်းပေးသွင်းစရာရှိတာ သွင်းရမယ်။ ပြီးမှ တစ်လ၊ နှစ်လအတွင်းထဲမှာ သွေးစစ်ရမယ်၊ လက်ဗွေနှိပ်ရမယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးလျှင် ရွှေ့အလုပ်သမားများအနေဖြင့် တရားဝင် နေထိုင်ခွင့်အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံကူးလက်မှတ် Passport (သို့မဟုတ်) CI စာအုပ်များကို ရက်ပေါင်း ၁၈၀ အတွင်း ပြုလုပ်ကာ ဗီဇာထည့်သွင်းခြင်း လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ် လျှောက်ထားကြမည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း လိမ်လည်မှုများ မကြုံရအောင် ဝန်ဆောင်မှုယူမည့် ပွဲစားများကို သေချာစိစစ် ရွေးချယ်ကြရန် အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများကလည်း သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖမ်းဆီးခဲ့သည့်ရဲအရာရှိကို မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့သည့် မြန်မာလုပ်သားများ

0
ထိုင်းနိုင်ငံ အန်ထောင် (Ang Thong ) ခရိုင်ရှိ အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် မှောင်ခိုကူးသူဟု သံသယရှိသူ ၃ ဦးတို့ကို...

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

တားမြစ်လုပ်ငန်းများ လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးရန် ထိုင်းညွန်ကြားရေးမှူးချုပ် အမိန့်ပေး

0
ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသော အလုပ်များကို မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ မလုပ်စေရေးအတွက် ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများကို စစ်ဆေးရန် ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်က အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသား အစားအသောက်ပို့ဆောင်သူတစ်ဦးကို ဝိုင်းဝန်းရိုက်နှိက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...

အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လျှောက်ကြရန် ထိုင်းအာဏာပိုင် ထပ်မံအသိပေး

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာလ ၂၆ ရက်မတိုင်ခင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လျှောက်ထားကြရန် ထိုင်းအလုပ်အကိုင် စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အသိပေးလိုက်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် စုံချိုင်မော်လကွတ်စီဝမ်က မြန်မာ၊...