နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ စစ်အာဏာသိမ်းပြီးနောက် ဖန်တီးခဲ့သည့် နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ဖြင့် တရားစွဲဆို ဖမ်းဆီးခံရသူများကို ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) မှ စတင်လွှတ်ပေးခဲ့သည်။

သို့သော် သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများ၏ မှတ်ပုံတင်ကို PSMS အက်ပလီကေးရှင်း အသုံးပြု၍ နဂိုအတိုင်း စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း မိုင်းရှူး-တောင်ကြီး ပြေးဆွဲနေသည့် ခရီးသည်ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဂိတ်တွေမှာ စစ်တာတော့ နဂိုအတိုင်းပဲ၊ ခရီးသည်ဆီက မှတ်ပုံတင် တောင်းကြည့်တယ်။ စစ်ကြည့်လို့ သူတို့လိုချင်တဲ့လူဆိုရင် ဂိတ်မှာ ထားခဲ့ခိုင်းတာ။ ကားသမားကိုလည်း ဒီလူတော့ ထားခဲ့လို့ အဲ့လို တစ်ခါတည်း ပြောတယ်။ ကားဆိုရင်လည်း လိုင်စင်ရှိတာတောင် စစ်တယ်။ အခုကျတော့ စစ်တပ် ဂိတ်တွေမှာ စစ်တာကြမ်းလို့ သွားရလာရ အရမ်းခက်တယ်” ဟု မိုင်းရှူး-တောင်ကြီး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယခုလ နိုဝင်ဘာလလယ်တွင် သျှမ်းပြည်တောင်ပိုင်းမှ မြောက်ပိုင်းသို့ ခရီးသွားမည့် အမျိုးသားတစ်ဦး၏ မှတ်ပုံတင်ကို ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် PSMS စက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ စစ်မှုမထမ်းလိုသည့် စစ်ပြေးမှုဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း အမည်မဖော်လိုသည့် ခရီးသည်တစ်ဦးထံမှ သိရသည်။

“အခုက PSMS ဆော့ပ်ဝဲနဲ့ စစ်နေတာပဲ၊ စစ်တပ်ဂိတ်တိုင်း အဲ့လိုစစ်တယ်။ တာကော်တံတားရယ်၊ ကျိုင်းတုံမှာရယ်၊ မိုင်းပွန်နဲ့ တောင်ကြီးမြို့အဝင်က ၄ မိုင်မှာ စစ်တယ်။ ကားစီးရင်တော့ နေရာတိုင်း စစ်ခံရတယ်။ လေယာဉ်စီးရင်တောင် ဥပမာ တာချီလိတ်လေဆိပ်ကနေ တက်ရင် အဲ့မှာ PSMS နဲ့စစ်တယ်၊ ဟဲဟိုးလေဆိပ်မှာ လေယာဉ်ဆင်းရင် တစ်ခါ ထပ်စစ်တယ်”ဟု မိုင်းရှူးမြို့နယ်မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင်လက်အောက်ခံ စစ်ဆေးရေးဂိတ်များတွင် CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံရသူများအပြင် နယ်စပ်မှ တင်သွင်းလာသည့် ကုန်စည်များအား စစ်ဆေးမှု တင်းကြပ်နေခြင်းကြောင့် ပြည်သူလုံခြုံရေးနှင့် စီးပွားရေးများ ထိခိုက်နစ်နာနေရကြောင်း ခရီးသွားယာဉ်လိုင်းများထံမှ သိရသည်။

နိုဝင်ဘာလ (၂၆) ရက် ညပိုင်းတွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်ဟုဆိုကာ နိုင်ငံရေးပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ (၂၃၆၁) ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာခဲ့သည်။

TaungOo
နိုင်ငံရေးပုဒ်မ ၅၀၅-ကဖြင့် ပြစ်ဒဏ်ကျခံရပြီး တောင်ငူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများ (ဓာတ်ပုံ-တယ်လီဂရမ်)

ထို့အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ထောင်ဒဏ်ကျခံနေရသူ (၇၂၄) ဦးကိုလည်း ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထွက်ပြေးတိမ်းရှောင်နေ၍ ရာဇဝတ်ကျင့်ထုံး ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ (၅၅၈၀) ဦးကိုလည်း အမှုများပိတ်သိမ်းလိုက်ကြောင်း စစ်ကော်မရှင်ဘက်မှ ထုတ်ပြန်ခဲ့သည်။

ထိုသို့ နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆို ဖမ်းဆီးထောင်ချခံရသူ (၈၆၀၀) ကျော်ကို ဖြေလျှော့လွှတ်ပေးခဲ့သော်လည်း လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေတွင် မဲရုံသို့ ဆန္ဒမဲသွားထည့်မည့် ပြည်သူအရေအတွက်မှာ များစွာ လျော့ကျမည်ဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။

“မလုံခြုံရင်တော့ ရွေးကောက်ပွဲလည်း ခက်မှာပေါ့။ အခု စစ်တပ်က ပြောင်းလုပ်မယ့် ရွေးကောက်ပွဲစနစ်ကို သေချာနားလည်ပြီး တကယ်အလုပ်ဖြစ်ဖို့ဆိုရင် လူငယ်တွေရှိနေမှ ကူနေမှရမှာ။ လူငယ်တွေကပဲ မဲသွားပေးမယ့် လူကြီးတွေကို ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပေးနိုင်မှာ။ ဒါပေမယ့် လူငယ်တွေလည်း လုံခြုံရေး စိုးရိမ်ရလို့ ထွက်ပြေးရတော့ ရွေးကောက်ပွဲမှာ မဲပေးမယ့်လူကတော့ နည်းမှာ သေချာတယ်”ဟု မိုင်းရှူးမြို့နယ်မှ ၎င်းကုန်သည် အမျိုးသားက ထပ်လောင်းပြောသည်။

လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စစ်ကော်မရှင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအကြို ကာလအတွင်း မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သတင်းပေးပို့ချက်များ တိုးလာနေသည်ဟု ကုလသမဂ္ဂမှ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က နိုဝင်ဘာလ ၂၆ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အတွင်း ယခုနှစ် ၂၀၂၅ ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲနှောက်ယှက်မှုဥပဒေအရ ရွေးကောက်ပွဲကို ဝေဖန်ခြင်း၊ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် ကလေးများအပါအဝင် လူအများအပြား ဖမ်းဆီးခံရသည်ဆိုသော သတင်းပေးပို့ချက်များကို IIMM က စုဆောင်းထားကြောင်း ရေးသားထားသည်။

ထို့အပြင် ဥပဒေကြောင်းအရ အခြေအမြစ်မရှိဘဲ သို့မဟုတ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မပါဘဲ ဖမ်းဆီးထောင်ချသည့် အထောက်အထားများကို စုဆောင်းနေပြီး အချက်အလက်များ လက်ဝယ်ရရှိထားပါက IIMM ယန္တရားသို့ ဆက်သွယ်ရန် တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...