စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ စစ်အာဏာသိမ်းပြီးနောက် ဖန်တီးခဲ့သည့် နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ဖြင့် တရားစွဲဆို ဖမ်းဆီးခံရသူများကို ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) မှ စတင်လွှတ်ပေးခဲ့သည်။
သို့သော် သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများ၏ မှတ်ပုံတင်ကို PSMS အက်ပလီကေးရှင်း အသုံးပြု၍ နဂိုအတိုင်း စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း မိုင်းရှူး-တောင်ကြီး ပြေးဆွဲနေသည့် ခရီးသည်ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဂိတ်တွေမှာ စစ်တာတော့ နဂိုအတိုင်းပဲ၊ ခရီးသည်ဆီက မှတ်ပုံတင် တောင်းကြည့်တယ်။ စစ်ကြည့်လို့ သူတို့လိုချင်တဲ့လူဆိုရင် ဂိတ်မှာ ထားခဲ့ခိုင်းတာ။ ကားသမားကိုလည်း ဒီလူတော့ ထားခဲ့လို့ အဲ့လို တစ်ခါတည်း ပြောတယ်။ ကားဆိုရင်လည်း လိုင်စင်ရှိတာတောင် စစ်တယ်။ အခုကျတော့ စစ်တပ် ဂိတ်တွေမှာ စစ်တာကြမ်းလို့ သွားရလာရ အရမ်းခက်တယ်” ဟု မိုင်းရှူး-တောင်ကြီး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
ယခုလ နိုဝင်ဘာလလယ်တွင် သျှမ်းပြည်တောင်ပိုင်းမှ မြောက်ပိုင်းသို့ ခရီးသွားမည့် အမျိုးသားတစ်ဦး၏ မှတ်ပုံတင်ကို ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် PSMS စက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ စစ်မှုမထမ်းလိုသည့် စစ်ပြေးမှုဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း အမည်မဖော်လိုသည့် ခရီးသည်တစ်ဦးထံမှ သိရသည်။
“အခုက PSMS ဆော့ပ်ဝဲနဲ့ စစ်နေတာပဲ၊ စစ်တပ်ဂိတ်တိုင်း အဲ့လိုစစ်တယ်။ တာကော်တံတားရယ်၊ ကျိုင်းတုံမှာရယ်၊ မိုင်းပွန်နဲ့ တောင်ကြီးမြို့အဝင်က ၄ မိုင်မှာ စစ်တယ်။ ကားစီးရင်တော့ နေရာတိုင်း စစ်ခံရတယ်။ လေယာဉ်စီးရင်တောင် ဥပမာ တာချီလိတ်လေဆိပ်ကနေ တက်ရင် အဲ့မှာ PSMS နဲ့စစ်တယ်၊ ဟဲဟိုးလေဆိပ်မှာ လေယာဉ်ဆင်းရင် တစ်ခါ ထပ်စစ်တယ်”ဟု မိုင်းရှူးမြို့နယ်မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကော်မရှင်လက်အောက်ခံ စစ်ဆေးရေးဂိတ်များတွင် CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံရသူများအပြင် နယ်စပ်မှ တင်သွင်းလာသည့် ကုန်စည်များအား စစ်ဆေးမှု တင်းကြပ်နေခြင်းကြောင့် ပြည်သူလုံခြုံရေးနှင့် စီးပွားရေးများ ထိခိုက်နစ်နာနေရကြောင်း ခရီးသွားယာဉ်လိုင်းများထံမှ သိရသည်။
နိုဝင်ဘာလ (၂၆) ရက် ညပိုင်းတွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်ဟုဆိုကာ နိုင်ငံရေးပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ (၂၃၆၁) ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ထို့အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ထောင်ဒဏ်ကျခံနေရသူ (၇၂၄) ဦးကိုလည်း ခံဝန်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထွက်ပြေးတိမ်းရှောင်နေ၍ ရာဇဝတ်ကျင့်ထုံး ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ (၅၅၈၀) ဦးကိုလည်း အမှုများပိတ်သိမ်းလိုက်ကြောင်း စစ်ကော်မရှင်ဘက်မှ ထုတ်ပြန်ခဲ့သည်။
ထိုသို့ နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆို ဖမ်းဆီးထောင်ချခံရသူ (၈၆၀၀) ကျော်ကို ဖြေလျှော့လွှတ်ပေးခဲ့သော်လည်း လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေတွင် မဲရုံသို့ ဆန္ဒမဲသွားထည့်မည့် ပြည်သူအရေအတွက်မှာ များစွာ လျော့ကျမည်ဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။
“မလုံခြုံရင်တော့ ရွေးကောက်ပွဲလည်း ခက်မှာပေါ့။ အခု စစ်တပ်က ပြောင်းလုပ်မယ့် ရွေးကောက်ပွဲစနစ်ကို သေချာနားလည်ပြီး တကယ်အလုပ်ဖြစ်ဖို့ဆိုရင် လူငယ်တွေရှိနေမှ ကူနေမှရမှာ။ လူငယ်တွေကပဲ မဲသွားပေးမယ့် လူကြီးတွေကို ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပေးနိုင်မှာ။ ဒါပေမယ့် လူငယ်တွေလည်း လုံခြုံရေး စိုးရိမ်ရလို့ ထွက်ပြေးရတော့ ရွေးကောက်ပွဲမှာ မဲပေးမယ့်လူကတော့ နည်းမှာ သေချာတယ်”ဟု မိုင်းရှူးမြို့နယ်မှ ၎င်းကုန်သည် အမျိုးသားက ထပ်လောင်းပြောသည်။
လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စစ်ကော်မရှင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအကြို ကာလအတွင်း မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သတင်းပေးပို့ချက်များ တိုးလာနေသည်ဟု ကုလသမဂ္ဂမှ ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က နိုဝင်ဘာလ ၂၆ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်အတွင်း ယခုနှစ် ၂၀၂၅ ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲနှောက်ယှက်မှုဥပဒေအရ ရွေးကောက်ပွဲကို ဝေဖန်ခြင်း၊ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် ကလေးများအပါအဝင် လူအများအပြား ဖမ်းဆီးခံရသည်ဆိုသော သတင်းပေးပို့ချက်များကို IIMM က စုဆောင်းထားကြောင်း ရေးသားထားသည်။
ထို့အပြင် ဥပဒေကြောင်းအရ အခြေအမြစ်မရှိဘဲ သို့မဟုတ် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မပါဘဲ ဖမ်းဆီးထောင်ချသည့် အထောက်အထားများကို စုဆောင်းနေပြီး အချက်အလက်များ လက်ဝယ်ရရှိထားပါက IIMM ယန္တရားသို့ ဆက်သွယ်ရန် တောင်းဆိုထားသည်။












Leave a Comments