သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲတိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ခရီးသည်တင် ယာဉ်ပေါ်တွင် စုစုပေါင်း (၁၇) ဦး လိုက်ပါလာပြီး တောင်ကြီးမြို့မှ မန္တလေးမြို့သို့ အပြန်လမ်းတွင် ကလောမြို့နယ်အတွင်း ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ကျန်ခရီးသည်များ ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒဏ်ရာရထားတဲ့ ၁၀ ယောက်ကျော်ကိုတော့ ကလောဆေးရုံကို ပို့ထားတယ်။ ၃ ယောက်က ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတယ်၊ မြေးအဖွား ၂ ယောက်နဲ့ အန်တီတစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်”ဟု ကလောမြို့မှ လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောသည်။
သေဆုံးသွားသည့် ခရီးသည် (၃) ဦးထဲတွင် (၇) နှစ်အရွယ်ခန့် ကလေးငယ် (၁) ဦးနှင့် အဖွားဖြစ်သူသည် ရွှေညောင်မြို့တွင် နေထိုင်ပြီး အခြားအမျိုးသမီးတစ်ဦးသည် မိတ္ထီလာမြို့နယ် ဇာတိဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကလောမြို့နယ်အတွင်း တိမ်းမှောက်ခဲ့သည့် “ဖြိုးရတနာအောင်” ယာဉ်လိုင်းမှ Jinbei အမျိုးအစား ခရီးသည်တင်ကားနှင့် ယာဉ်မောင်းတို့ကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
အလားတူ ယခုလ နိုဝင်ဘာ (၂) ရက်တွင်လည်း ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသား (၂) ဉီး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။












Leave a Comments