သျှမ်းပြည် သိန္နိမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်သူအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ (၇) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၇ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ် ပန်လော့ဈေးတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ဖမ်းဆီးရမိထားသော ရာဇဝတ်မှု ကျူးလွန်သူ (၇) ဦးကို အများပြည်သူရှေ့ သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုထဲတွင် (သြဂုတ်လ ၂၈ ရက်)က မန်ပန်ရွာရှိ တရုတ်ကျောင်းဆရာမတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်သူအပါအဝင် အခြားသတ်ဖြတ်မှု၊လက်နက်ကိုင် လုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညစ်မှု ကျူးလွန်သူ စုစုပေါင်း (၇) ဦးပါဝင်ကြောင်း ကြားနာပွဲသို့ ကိုယ်တိုင်တက်ရောက်နားထောင်ခဲ့သူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မြေးအဖိုးကို ဓားပြတိုက်လူသတ်မှုနဲ့ တရုတ်ကျောင်းဆရာမကို မုဒိမ်းကျင့်လူသတ်မှု အပါအဝင် တခြားလူသတ်မှု ကျူးလွန်သူ ၄ ယောက်။ ကျန်တဲ့သူတွေတော့ ခိုးဆိုးလုယက်တွေ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရာဇဝတ်မှုကျူးလွန်သူများအနက် တစ်ဦးသည် ကိုးကန့်တပ်သားတစ်ဦးဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း MNDAA အရာရှိများက ဖတ်ကြားခဲ့သည်ဟု ၎င်းက ပြောသည်။
သိန္နီမြို့ကို ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် ယခုစက်တင်ဘာလအတွင်း သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်အပ်ရမည်ဟု သတင်းထွက်ပေါ်နေချိန် ယခုကဲ့သို့ ပြစ်ဒဏ်စီရင်ခြင်း လုပ်ဆောင်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့တွင်လည်း လားရှိုးမြို့၌ ကိုးကန့်တပ်ဖွဲ့ MNDAA မှ မုဒိမ်းမှုကျူးလွန်သူ တစ်ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှင့် လူသတ်မှု၊ ခိုးမှု၊ လုယက်မှု ကျူးလွန်သူ (၇) ဦးကို သေဒဏ်များ အများပြည်သူရှေ့ စီရင်ချက် ချမှတ်ခဲ့သည်။
“သူတို့ပစ်သတ်မယ် သတင်းကြားရတာနဲ့တင် နှလုံးရောဂါက ထချင်ပြီ။ လားရှိုးတုန်းကလို သူတို့ဆုတ်ခါနီးပြီဆို လူသတ်ပြတာ” ဟု သိန္နီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နှစ် ၂၀၂၄ ခုနှစ် ဧပြီလနှင့် ဒီဇင်ဘာလတို့တွင်လည်း လောက်ကိုင်မြို့၌ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်ပေးဆွဲမှု၊ ငွေညစ်မှု၊ မုဒိမ်းမှုနှင့် လူသတ်မှု စသည့် ရာဇဝတ်မှု ကျူးလွန်သူများကို သေဒဏ် အပါအဝင် တစ်သက်တစ်ကျွန်း ထောင်ဒဏ်များ လူစုလူဝေးရှေ့မှောက် ၂ ကြိမ်တိုင်တိုင် စီရင်ချက်ချမှတ်ခဲ့သည်။
ထိုသို့ သေဒဏ်ချမှတ်ခဲ့စဉ်က ဥရောပသမဂ္ဂ EU က အပြင်းထန်ဆုံး ရှုတ်ချပြီး သေဒဏ်ချမှတ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည်။
၎င်းထုတ်ပြန်ချက်ထဲတွင် သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သော ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုကြောင်း ဖော်ပြထားပြီး ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံတကာ စံနှုန်းများနှင့်အညီ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ကို တိုက်တွန်းထားသည်။












Leave a Comments