သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသူကို မုဒိမ်းကျင့်ခဲ့သည့် ကျောင်းဆရာကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၅နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅)ရက် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်တွင် ပြန်ကာ အနားယူနေစဉ် အဆိုပါ ကျောင်းဆရာ က မုဒိမ်းကျင့်ခဲ့သည်။
ထိုကျောင်းဆရာသည် အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်၏ သားလည်းဖြစ်သည်။
ထိုဖြစ်စဉ်ကြောင့် နစ်နာသူ ကျောင်းသူမှ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ကျောင်းဆရာ ဇာနည်သွေးကို တောင်ကြီးခရိုင်တရားရုံးက ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
ထို ရာဇသတ်ကြီးပုဒ်မ ၃၇၆(၁)ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀)၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် (၂)နှစ်နှင့် ရာဇသတ်ကြီး ပုဒ်မ ၃၉၄ဖြင့် အလုပ်နှင့် ထောင်ဒဏ် (၃)နှစ် စသဖြင့် အသီးသီးချမှတ်ခဲ့ပြီး စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် (၂၅)နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့သည်။
“ထောင်ဒဏ် (၂၅)နှစ်ဆိုတာက ဒီလို လိင်ပိုင်းဆိုင်ရာ ဖြစ်စဉ်အတွက် လုံလောက်မှုမရှိဘူးလို့ မြင်တယ်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အမှုနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံက ထိထိရောက်ရောက် မလုပ်ပေးနေဘူး၊ ငွေပေးရင် လွတ်မြောက်တဲ့ ဥပဒေက ရှိနေတုန်းပဲ၊ နောက်သုံးနှစ်နေရင် လူတွေမေ့နေချိန်ဆို ပြန်လွတ်လာတော့မှာထင်တယ်။”ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က မြန်မာနိုင်ငံတွင် ယခုကဲ့သို့သော လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့်အမှုနှင့် ပတ်သက်၍ စနစ်တကျ အရေးယူမှုများ ပြုလုပ်ခဲ့လျှင် ယခုကဲ့သို့ သော ကိစ္စရပ်တွေ ဖြစ်လာစရာ အကြောင်းမရှိကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။
ထောင်ဒဏ် (၂၅)နှစ် ချမှတ်ခံရသည့် အပေါ်တွင် တောင်ကြီးမြို့ခံများ အနေဖြင့် ချမှတ်ထားသော (၂၅)နှစ်အတိုင်း ကျခံစေလိုပြီး မည်သည့် လွတ်ငြိမ်းခွင့်မှ မရစေလိုကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“၂၅ နှစ်ဆိုတာက ကျူးလွန်သူအတွက် အပြည့်အဝ ခံရမယ်ဆိုရင်တော့ တော်သေးတယ်၊ လွတ်ငြိမ်းတို့ အခါကြီးရက်ကြီး တွေမှာ သက်သာခွင့်နဲ့ လွှတ်ပေးရင်တော့ ဘယ်လိုမှ အဆင်မပြေဘူး။ သူချမှတ်ခံထားတဲ့ နှစ်အတိုင်း အပြည့်ဝကျခံစေချင်တယ်။”ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။
ဆက်လက်ပြီး မြို့ခံများမှလည်း ယခုကဲ့သို့ (၂၅)နှစ်သည် လုံလောက်မှုမရှိကြောင်းနှင့် ထောက်ဒဏ် တစ်သက် တစ်ကျွန်းနှင့် ညီမျှသည့် နှစ်(၈၀) အထိချမှတ်သင့်ကြောင်း မှတ်ချက်ပြုကြသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းကို ပညာရေးဌာနမှ ရာသက်ပန် ပိတ်သိမ်းရန် အရေးယူခဲ့ကြောင်း သိရသည်။













Leave a Comments