ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။
ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ၏ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် ဩဂုတ်လ (၁၁) ရက်တွင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အဂ္ဂါပေဟိုတယ်၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
“၁၁ ရက်နေ့က လုပ်တဲ့ အစည်းအဝေးမှာ မိုးညှင်းမြိုနယ်အတွင်း အင်းတော်ကြီးဒေသကို သျှမ်းနီအဖွဲ့ ပြန်သိမ်းသွားတာကြောင့် ဖြစ်ပေါ်လာတဲ့ ကချင်-သျှမ်းနီ ကိစ္စကြောင့် လူမျိူးရေး မဆိုးစေရန် လုပ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။” ဟု မိုးညှင်းမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မိုးညှင်းမှ ၈ ဦး၊ ဟိုပင်မှ ၆ ဦး၊ ဘုန်းကြီး ၄ ပါး၊ တရားဟော ဆရာတော်များနှင့် စုစုပေါင်း ၁၂၀ ကျော် တက်ရောက်ခဲ့ပြီး ကချင်ပြည်နယ်က တိုင်းရင်းသားရေးရာ ဝန်ကြီးပါ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့-PCG ၊ ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် JHG ၊ တိုင်းလိုင်(သျှမ်းနီ) စာပေနှင့် ယဉ်ကျေးမှုအသင်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ အင်းတော်ကြီးမြို့နှင့် မိုးကောင်းမြို့မှ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့ဝင်များ၊ ဒေသခံ သျှမ်းနီနှင့် ကချင်တိုင်းရင်းသားများ၊ သံဃာတော်နှင့် တရားဟောဆရာများအပြင် ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်လည်း တက်ရောက်ခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူများထံမှ သိရသည်။

“သျှမ်းနီက ကချင်လူမျိုးများကို နှိပ်စက်ဖမ်းဆီးမှု၊ ကချင်ကလည်း သျှမ်းနီလူမျိုးများကို ဖမ်းဆီးမှုများ တင်ပြဆွေးနွေးခဲ့ကြတယ်။ မနက် ၉ နာရီမှ ညနေ ၅ နာရီကျော်အထိ ကြာခဲ့တယ်။ နှစ်ဘက်လုံး ထပ်မံ မဆိုးရွားစေရန် တင်ပြခဲ့ကြပေမယ့် ကောင်းလာနိုင်စေရန် ခက်ခဲနေဦးမှာ၊ SNA နဲ့ KIA တွေ့ဆုံဖို့က အလှမ်းဝေးဦးမှာပါ”ဟု မိုးညှင်းမြို့နယ် ဟိုပင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယမန်နှစ် ၂၀၂၄ မှ စတင်ပြီး မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ကချင်လွတ်လပ်ရေးတပ် KIA ၊ PDF ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ရေးအပြင် လူမျိုးရေးပြဿနာများ ကြုံတွေ့နေရခြင်းကြောင့် သျှမ်းနီနှင့် ကချင်အရပ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံကာ ပြဿနာဖြေရှင်းရန် ကြိုးစားလာကြခြင်း ဖြစ်ကြောင်း သိရသည်။












Leave a Comments