ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက် ကျန်းမာရေးစောက်ရှောက်မှုနှင့် အခြားသော အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။
ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လက်ခံကူညီပေးသည့် ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်လူဦးရေ (၂၀၀၀) ကျော်၊ အိမ်ထောင်စု (၇၀၀) ဝန်းကျင်အထိ ရှိပြီး အများစုသည် ဗန်းမော်မြို့ဒေသခံများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မိုးတွင်းကာလဖြစ်ခြင်းကြောင့် စစ်ဘေးရှောင် ကလေးနှင့် သက်ကြီးရွယ်အိုများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း မြစ်ကြီးနားမြို့မှ စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကျန်းမာရေးစောင့်ရှောက်မှုတွေက လိုအပ်နေပါတယ်။ အဓိကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက်က ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုလိုအပ်တာပေါ့။ ပြီးတော့ နေရတဲ့ နေရာတွေကလည်း မိုးကာတဲထဲ နေနေရတာဆိုတော့လေ မလုံခြုံဘူး၊ အမိုးအကာလည်း မရှိတော့ နေမကောင်းတွေ ဖြစ်နေကြတာ”ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

ရှမ်းမျိုးနွယ်စုများ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီသည် မြစ်ကြီးနားမြို့ အတွင်းရှိ ရှမ်းမျိုးနွယ်စုဓမ္မာရုံ၊ ရွှေပြည်သာစခန်း၊ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ အပါအဝင် စုစုပေါင်းနေရာ (၉) ခုတွင် စစ်ဘေးရှောင်များကို လက်ခံကူညီနေကြောင်း သိရသည်။
စစ်ဘေးရှောင်များ နေထိုင်နေကြသည့် ရွှေပြည်သာစခန်း၊ ဝေပုလ္လကျောင်းနှင့် စံတော်ရှင် ဘုန်းကြီးကျောင်းတို့တွင် နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရခြင်းကြောင့် သွပ်နှင့် အမိုးအကာများ အကူအညီ လိုအပ်နေကြကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။
“ခေါင်မိုးကိုလည်း မိုးကာနဲ့ အမိုးလုပ်ထားတာ၊ သွပ်တွေတော့ လိုအပ်နေတယ်။ နေပူရင်လည်း အဆင်မပြေဘူး၊ မိုးရွာရင်လည်း အဆင်မပြေဘူး။ ဘုန်းကြီးကျောင်းတွေမှာ နေနေကြတဲ့ လူတွေကတော့ ထမင်းစားတဲ့ ဟောထဲမှာခင်းပြီး ဒီတိုင်းနေနေကြရတာပေါ့” ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။
ထိုစစ်ဘေးရှောင်များအတွက် ထောက်ပံ့ကူညီနေသည့် အန်ဂျီအို (NGO) အဖွဲ့အစည်းများသည် ယခု ၂၀၂၅ နှစ်ဆန်းပိုင်းတွင် အထောက်အပံ့များ ရပ်ဆိုင်းခံရခြင်းကြောင့် လက်ရှိတွင် စားနပ်ရိက္ခာ အကူအညီများလည်း လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၂၄ ခုနှစ် မတ်လစပြီး စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဆင်ဘိုမြို့၊ တာလောကြီးတိုက်နယ်၊ စံကင်းကျေးရွာတို့မှ ဒေသခံများအပြင် ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများသည် မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း သိရသည်။












Leave a Comments