Monday, May 6, 2024

စစ်ကောင်စီ နှင့် KIA တိုက်ပွဲကြောင့် မြစ်ကြီးနား – ဗန်းမော် လမ်းကြောင်း ပိတ်ထားဆဲ

Must read

ကချင်ပြည် လိုင်ဇာဒေသ အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် ( KIO/KIA) တို့ တိုက်ပွဲကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်းကြောင်း ပိတ်ထားရကြောင်း စုံစမ်း သိရသည်။

KIA

ဇူလိုင် ၄ ရက်မှ စတင်ကာ မြစ်ကြီးနား – ဗန်းမော်လမ်းကြောင်းကို ပိတ်ထားရပြီး ယနေ့ အချိန် အထိ ပိတ်ထားရကြောင်း KIA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ်။ လမ်းကြောင်းက ပိတ်ထားရပါတယ်။ အဓိက ကတော့ နမ်ဆန်ယန်ဘက်မှာ တိုက်ပွဲဖြစ်နေလို့ ဒီလမ်းကြောင်းကို ပိတ်ထားရတာပါ၊ လမ်းကြောင်း ပြန်ဖွင့်ဖို့ကတော့ စစ်ရေး အခြေအနေတွေ ငြိမ်သက်မှပဲ ပြန်ဖွင့်နိုင်မှာ” ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ကာ လိုင်ဇာဒေသ နမ်ဆန်ယန် ကျေးရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလာခဲ့သည်မှာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။

လက်ရှိ ပိတ်ထားရသည့် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းသည် နမ်ဆန်ယန်ကျေးရွာသို့လည်း ရောက်ရှိနိုင်သည့် လမ်းကြောင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ဇူလိုင်လ ၄ ရက်တွင်လည်း “ဗန်းမော် – မြစ်ကြီးနား လမ်းပိုင်းကို ကား ၊ ဆိုင်ကယ်များ ဖြတ်သန်း သွားလာခြင်း မပြုကြရန်၊ စစ်ရေးသတင်း စုံစမ်းပြီးမှ သွားလာကြရန်” KIO/KIA က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားရာ နမ်ဆန်ယန်ကျေးရွာသည် KIA ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာ နှင့် မိုင်အနည်းငယ်သာ ကွာဝေးပြီး စစ်ကောင်စီမှ နောက်မဆုတ်ပါက စစ်ရေး ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

Leave a Comments

- Advertisement -spot_img

Latest article