စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မိုင်းလားသို့ ဆက်လက်သွားရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။
ဩဂုတ်လ ၆-၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပြင် ရွေးကောက်ပွဲကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း WSTV မှ ယမန်နေ့ (ဩဂုတ် ၇ ရက်) တွင် သတင်းထုတ်ပြန်သည်။
အလားတူ သျှမ်းပြည်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် NDAA ထိန်းချုပ် မိုင်းလားမြို့သို့ ဆက်လက်သွားရောက်ပြီး ဩဂုတ်လ ၇-၈ ရက်တို့တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ခေါ် မိုင်းလားတပ်ဖွဲ့ NDAA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နဲ့ ဝန်ကြီးအဖွဲ့၊ တြိဂံဒေသတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နဲ့ အရာရှိအဖွဲ့ အားလုံးပေါင်း ၆၄ ယောက် မိုင်းလားနယ် ရောက်လာတယ်။ ဝပြည် ပန်ဆန်းလည်း သွားခဲ့တယ်။ သူတို့က အဓိကတော့ ဒေသဖွံ့ဖြိုးရေးကိစ္စ လာကြည့်တာပါ။ အထက်က ဒီလိုခိုင်းလာတာဆိုတော့ ကျနော်တို့ဒေသ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး တိုးတက်ရေးကို အတည်ပြု ဝန်ခံတဲ့သဘောနဲ့ လာတာပါ”ဟု NDAA ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
UWSA ထိန်းချုပ် ပန်ဆန်းမြို့နှင့် NDAA ထိန်းချုပ် မိုင်းလားသို့ သီးခြားစီ သွားရောက်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ သျှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(သျှမ်းအရှေ့) ဥက္ကဋ္ဌ ဦးတင်လင်း၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် တို့ ပါဝင်ကြောင်း WSTV ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်၊ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးထွဋ်လည်း အဆိုပါအစည်းအဝေးများတို့ အတူတက်ရောက်ကြောင်း ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတရာထူး ရယူထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ သျှမ်းပြည်အတွင်း (၁၅) မြို့နယ်ကို အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ထိုထဲတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ဟိုပန်မြို့နယ်နှင့် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ် မိုင်းလားမြို့နယ်တို့လည်း ပါဝင်သည်။
၎င်းနောက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကိုယ်စား စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ UWSA နှင့် NDAA ဌာနချုပ်များသို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးအပြင် လာမည့် ဒီဇင်ဘာလလယ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြောင်း UWSA ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
“အစက ကြေညာတဲ့အခါ အားလုံးက သဘောမပေါက်ဘူးပေါ့၊ နားမလည်ဘူး။ အဲ့ဒါနဲ့ နေပြည်တော်ကို သက်ဆိုင်ရာလူကြီးတွေကိုလည်း ကျနော်တို့ အားလုံးတင်ပြပါတယ်။ တင်ပြပြီးမှ ဒါကြောင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖွဲ့နဲ့၊ တြိဂံတိုင်း တိုင်းမှူးအဖွဲ့နဲ့ အတူတူ ရောက်လာတယ်။ ကျွန်တော်တို့ကို ဘာမှမရှိပါဘူး၊ စိတ်အေးအေးနဲ့နေပါ ဆိုပြီးတော့ ဒီသဘောထားနဲ့ လာဖော်ပြတယ်” ဟု NDAA ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ဆက်ပြောသည်။

ဩဂုတ်လ ၆-၇ ရက်တွင် ပန်ဆန်းမြို့၌ စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲသို့ UWSA ဘက်မှ ဒုဥက္ကဋ္ဌ သုံးဦးဖြစ်ကြသည့် ဒုစစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန်၊ ပြင်ပဆက်ဆံရေးဌာနမှူး ဦးကျောက်ကော်အန်နှင့် ဦးလော်ယာခု၊ နိုင်ငံရေးဌာနကြီးမှူး ဦးကျောက်အိုက်နပ်လိုင်းတို့ ဦးဆောင်တက်ရောက်ခဲ့ကြောင်း UWSA ဘက်မှ ထုတ်ပြန်သည်။
ထို့နောက် ဩဂုတ်လ ၇ ရက် နေ့လယ်ပိုင်းတွင် သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်များသည် မိုင်းလားမြို့သို့ ဆက်လက်သွားရောက်ကာ NDAA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှုအသေးစိတ်ကို NDAA ဘက်မှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါ။
တစ်ဆက်တည်းတွင် ယမန်နေ့က ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးခြင်းနှင့် ပတ်သက်ပြီး ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရ အဆက်ဆက်နှင့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို UWSA နှင့် NDAA ထိန်းချုပ်နယ်မြေများတွင် ယခင်က မကျင်းပနိုင်ခဲ့သော်လည်း ယခုခရီးစဉ်သည် သျှမ်းပြည်အရှေ့ပိုင်းရှိ အထူးဒေသ(၂) UWSA ထိန်းချုပ် ‘ဝ’ဒေသနှင့် အထူးဒေသ(၄) NDAA ထိန်းချုပ် မိုင်းလားဒေသတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်ကောင်စီဘက်က ခြေလှမ်းပြင်ဆင်လာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။
အခြားတစ်ဘက်၌ ယမန်နှစ် ၂၀၂၄ ဇွန်လအတွင်းက ‘ဝ’ဒေသရှိ မိုင်းပေါက်ခရိုင်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် နည်းပြသင်တန်းကို စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဖွင့်လှစ်ပေးခဲ့သည်။












Leave a Comments