ကွတ်ခိုင်မြို့နယ် မန်ဝိန်းပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အရေးယူရန် ဒေသခံတောင်းဆို

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ (၁၈) ရက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာသို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူးဆိုသူ စိုင်းစိန္နနှင့် အဖွဲ့သည် စစ်ပြေးဖမ်းဆီးရန် နမ့်ခမ်းဘက်မှ ရောက်လာကြောင်း မန်ဝိန်းဒေသခံများက ပြောသည်။

SSPP တပ်ရင်းမှူး စိုင်းစိန္နနှင့် အဖွဲ့သည် စစ်ပြေးဖမ်းဆီးပြီး ပြန်လည်ထွက်ခွာစဉ် မန်ဝိန်းကျေးရွာ အထွက်လမ်း၌ ကားဘီးနွံထဲနစ်၍ ဆက်မသွားနိုင်ဘဲဖြစ်ရာ အနီးရှိ လယ်ကွက်ထဲတွင် နွားကျောင်းနေသည့် အသက် (၃၀) အရွယ်ခန့် စိုင်းဆမ်းထွန်း သည် ပေါက်ပြားဖြင့် သွားရောက်ကူညီခဲ့သည်။

သေနတ်ပစ်ခတ်မှုကျူးလွန်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူ စိုင်းစိန္န (ဘယ်)၊ သေနတ်ပစ်ခံရပြီး သေဆုံးသူ စိုင်းဆမ်းထွန်း (ညာ)

ထို့သို့ကူညီပြီးနောက် SSPP တပ်ဖွဲ့ဝင်များမှ စိုင်းဆမ်းထွန်းကို ကားတင်ခေါ်ဆောင်သွားရန် လုပ်ဆောင်ခဲ့စဉ် ၎င်းမှ အကြောင်းရင်း မသိရဘဲ မလိုက်နိုင်ကြောင်း ပြောဆိုပြီး ကားပေါ်မှ ခုန်ဆင်းလာစဉ် ခြေထောက်နှင့် ရင်ဘတ်ကို သေနတ်ဖြင့် တစ်ချက်စီ ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ မုံးဟွမ်ဒေသခံတစ်ဦးက ပြောသည်။

“တံတားနား ခုန်ဆင်းတဲ့အချိန်မှာ ခြေထောက်ကို သေနတ်နဲ့ တစ်ခါပစ်တယ်။ အဲ့လောက်နဲ့ မကျေနပ်လို့ ကားပေါ်က ဆင်းပြီးတော့ ရင်ဘတ်ကို နောက်တစ်ချက် ထပ်ပစ်တယ်၊ နှစ်ခါတောင် ပစ်တာ။ အထက်ကလည်း ကျူးလွန်တဲ့လူကို အပြစ်ပေး အရေးယူစေချင်တယ်။ အားလုံးလည်း ဒီဒေသက လူတွေပဲ၊ ပွင့်ပွင့်လင်းလင်းနဲ့ အမှန်အတိုင်း ဝန်ခံခိုင်းစေချင်တယ် ဘာမှ ဖုံးကွယ်စရာ မလိုဘူး”ဟု မုံးဟွမ်ဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းတွင် SSPP ၏ ပန်ဆိုင်းမြို့ဘက်မှ တာဝန်ရှိသူ (၃) ဦးသည် ကွတ်ခိုင်မြို့နယ် မန်ဝိန်းကျေးရွာ စာသင်ကျောင်းသို့ လာရောက်၍ သံဃာတော်များ၊ ကျေးရွာလူကြီး၊ ရပ်မိရပ်ဖနှင့် ရွာသားများ စုစုပေါင်း (၂၀၀) ကျော်ကို တွေ့ဆုံရှင်းပြခဲ့သော်လည်း ဒေသခံများ ကျေနပ်လောက်သည့် ဖြေရှင်းမှု မရရှိခဲ့ကြောင်း ဆိုသည်။

“ဘာကြောင့် နွားကျောင်းတဲ့ ပြည်သူတစ်ယောက်ကို ခေါ်သွားပြီး လမ်းမှာ ခွေးလိုဝက်လို ပစ်သတ်တာလဲ၊ သူက ဘာအပြစ်ရှိလို့ သေနတ်နဲ့ ပစ်သတ်ရတာလဲ ဆိုတာ အားလုံးက သိချင်တယ်။ သေနတ်ပစ်တဲ့ စစ်သားကို သိနေတာတောင် မဝန်ခံခိုင်းသေးဘူး။ အမိန့်ပေးတဲ့ အထက်လူကြီး ကိုယ်တိုင် လာဖြေရှင်းဖို့ ဒေသခံတွေ တောင်းဆိုထားတယ်”ဟု မုံးဟွမ်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့နောက် SSPP ဘက်မှ တာဝန်ရှိသူများ ၃ ရက်အတွင်း ထပ်မံလာရောက်ပြီး ဖြေရှင်းပေးမည်ဟု ရွာသားများကို ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ လာရောက်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သူလည်း ဇူလိုင်လ (၁၉) ရက် ညပိုင်းတွင် မန်ဝိန်းကျေးရွာ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခဲ့သော်လည်း တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ရှောင်တိမ်းနေကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူကို သေနတ်နဲ့ပစ်တာ မဟုတ်သေးဘူးလေ မကျေနပ်ဘူး။ သူတို့ကိုယ်တိုင်လည်း အဲ့မှာ သွားစစ်ဆေးပြီးပြီ၊ စစ်သားကိုယ်တိုင်ပဲ ကျည်ဆံပြန်သွားကောက်လာတာ။ ကိုယ့်လူမျိုး အချင်းချင်း စစ်သားလုပ်တဲ့လူတွေ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်ပြီး ခေါင်းရှောင်တာမျိုး မလိုချင်ဘူး၊ ပြည်သူက အဖွဲ့အစည်းကို ပြန်ထိန်းဖို့လုပ်ရမယ်”ဟု မန်ဝိန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံ သျှမ်းသံတော်ဆင့်က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

သို့သော်လည်း SSPP ၏ ပန်ဆိုင်းမြို့နယ် အုပ်ချုပ်ရေးနယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် ပြည်သူလူထုနှင့် သျှမ်းတပ်အကြား ပြဿနာကို SSPP ထိပ်ပိုင်းခေါင်းဆောင်များ သိရှိထားပြီး အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန် SSPP ဌာနချုပ်မှ သက်ဆိုင်ရာ တပ်ရင်းများသို့ ညွှန်ကြားထားကြောင်း ယမန်နေ့ (ဇူလိုင်လ ၂၂ ရက်) တွင် SSPP Info မှ သတင်းထုတ်ပြန်သည်။

ပြဿနာအရင်းခံပေါ် မူတည်၍ စုံစမ်းစစ်ဆေးမှု ရလဒ်အတိုင်း ပြစ်မှုကျူးလွန်သူနှင့် သက်ဆိုင်သူများကို တရားဥပဒေအရ အပြစ်ပေး အရေးယူမှုများ ဆက်လက်လုပ်ဆောင်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း SSPP ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သူ စိုင်းဆမ်းထွန်းသည် မူးယစ်ဆေးဝါး သုံးစွဲသူလည်း မဟုတ်ဘဲ နွားကျောင်းကာ သမ္မာအာဇီဝ လုပ်ကိုင်စားသောက်သူဖြစ်ပြီး လက်ရှိတွင် ဇနီးနှင့် သားသမီး (၃) ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...