ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။
သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စတင်သိမ်းပိုက်ခဲ့သည်။
ကွတ်ခိုင်မြို့သည် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါသည့် မြို့ဖြစ်သည်။
ထို့အပြင် ကွတ်ခိုင်မြို့ အရှေ့မြောက်အရပ် မိုင် ၅၀ အကွာတွင် MNDAA ထိန်းချုပ်သည့် တာမိုးညဲမြို့ နှင့် အနောက်ဘက် မိုင် ၂၀ အကွာတွင်လည်း MNDAA ထိန်းချုပ်သည့် သိန္နီမြို့ တည်ရှိသည်။
ကွတ်ခိုင်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) လည်း သွားလာလှုပ်ရှားပြီး နမ့်ဖတ်ကာကျေးရွာဘက်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) တပ်စွဲထားသည်။
“၁၀၂၇ စစ်ဆင်ရေး” မြို့သိမ်းတိုက်ပွဲအပြီး ကွတ်ခိုင်မြို့ပေါ်ကို TNLA နှင့် MNDAA တပ်ဖွဲ့တို့မှ ပြည်ထောင်စုလမ်းမကြီး တစ်ဖက်စီ ပူးတွဲအုပ်ချုပ်ခဲ့ကြရာ ယခုနှစ် ၂၀၂၆ ဖေဖော်ဝါရီလဆန်ပိုင်းမှ စတင်ပြီး မြို့လုံခြုံရေး အတွက်ဟုဆိုကာ MNDAA တပ်ဖွဲ့က မြို့ပေါ်နှင့် ရပ်ကွက်များတွင် စောင့်ကြည့်ကင်မရာ (CCTV) တပ်ဆင်ခဲ့ရာ ညီနောင်မဟာမိတ်တပ် အချင်းချင်းကြား ပဋိပက္ခ စတင်ခဲ့သည်။
ထို့နောက် ယခုနှစ် ၂၀၂၆ မတ် (၁၄)ရက်တွင် ကွတ်ခိုင်မြို့နယ်ရှိ TNLA တပ်စခန်းများကို MNDAA ဘက်မှ တပြိုင်တည်း စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၅ ရက်တွင် ကွတ်ခိုင်တစ်မြို့လုံးကို MNDAA က အလုံးစုံ ထိန်းချုပ်ခဲ့သည်။
ကွတ်ခိုင်မြို့နယ်ကို သိမ်းပိုက် အုပ်ချုပ်ခဲ့သည့် ညီနောင်မဟာမိတ်တပ်ဖွဲ့TNLA နှင့် MNDAA တို့သည် ပြည်သူများအတွက် ၎င်းတပ်ဖွဲ့ (၂)ဖွဲ့မှ ကျန်းမာရေး၊ ပညာရေးနှင့် ပြည်သူ့လုံခြုံရေးတို့ကို ကြည့်ရှုစောင့်ရှောက်ပေးခြင်း မရှိကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“TNLA ရော MNDAA ရော ကွတ်ခိုင်ကို အုပ်ချုပ်ပေမယ့် ပြည်သူ့ကျန်းမာရေးကတော့ ကိုယ့်ဘာသာ ကိုယ်လုပ်ရတယ်။ ဒီဒေသခံက လူတွေက မန္တလေးဆေးရုံကိုပဲ အားကိုးရတာ။ ကွတ်ခိုင်ဆေးရုံ ဆိုရင်လည်း ဘာမှမရှိဘူး” ဟု ကွတ်ခိုင်မြို့ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိ ကာလသည် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် လောင်စာဆီပြဿနာ ကြီးထွားလာပြီး ကွတ်ခိုင်ပြည်သူများ၏ ကျန်းမာရေး ဆေးကုသရန်အတွက် မန္တလေးသို့ သွားမည့် ခရီးစရိတ်မှာလည်း ယခင် အသွားအပြန် ကျပ်ငွေ ၈ သိန်းမှ လက်ရှိ အသွားအပြန် ကျပ်ငွေ သိန်း ၂၀ အထိ မြင့်တက်လာသည်။
“ကျောက်ကပ်၊ နှလုံး၊ သွေးတိုး စတဲ့ အရေးပေါ် လူနာဆိုရင်တော့ သွားကို သွားရမှာမလို့ လိုက်ပို့တယ်။ အများအားဖြင့် လူနာတွေကို မန္တလေးထိ ပို့ရတာ။ အရင်က အသွားအပြန်ကို ဆီဖိုး ၈ သိန်းပဲကုန်တာ၊ အခု သိန်း ၂၀ ဝန်းကျင်လောက်ထိ ကုန်တယ်။ စက်သုံးဆီတွေ ဈေးကြီးနေတော့ ခုက အရမ်းအရေးပေါ် ဖြစ်နေမှပဲ သွားတော့တယ်”ဟု ကွတ်ခိုင်မြို့နယ်ရှိ လူမှုကူညီရေး အသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကွတ်ခိုင်မြို့နယ်ကို TNLA ထိန်းချုပ်စဉ်ကာလ မြို့နယ်ဆေးရုံတွင် ဆေးဝါးလုံလောက်မှု မရှိခြင်းကြောင့် အရေးပေါ်လူနာနှင့် နာတာရှည်လူနာများသည် လားရှိုး၊ မန္တလေးရှိ ဆေးရုံများထံ သွားရောက်ကုသကြကြောင်း ကွတ်ခိုင်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။
“နေမကောင်းတဲ့လူ အများစုက ဆေးခန်းလောက်ပဲ သွားကြတယ်။ အရမ်း နေမကောင်းရင်လည်း လားရှိုးဆေးရုံကို ကိုယ်တိုင် သွားပြကြတယ်။ ပြည်သူ့ဆေးရုံကို သိပ်မသွားကြတာ များတယ်၊ ဆေးနဲ့ စက်ပစ္စည်း မစုံဘူး လို့ပဲ ပြောရမလား။ အရေးပေါ် ဖြစ်ရင်တောင်မှ မန္တလေးထိ သွားကြတယ်”ဟု ကွတ်ခိုင်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ဖော်ဆောင်ချိန်တွင် စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ခိုက်မည်ဆိုသည့် ခေါင်းစဉ်ဖြင့် သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အပါအဝင် ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုးမိတ်၊ နမ္မတူ၊ ချင်းရွှေဟော်၊ လောက်ကိုင် စသည့် ဒေသများကို ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် MNDAA ၊ TNLA နှင့် အာရက္ခတပ်တော် (AA) တို့က လက်တွဲကာ စစ်ကော်မရှင်ကို တိုက်ခိုက်ခဲ့သည်။
ထိုနောက် “၁၀၂၇ စစ်ဆင်ရေး”ဖြင့် စစ်အာဏာရှင်တပ်ကို တိုက်ခိုက်ခဲ့သည့် MNDAA ၊ TNLA နှင့် AA တို့်သည် လူထုအားပေးထောက်ခံမှု များစွာရရှိခဲ့ပြီး ထိန်းချုပ်နယ်မြေများလည်း သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။
သို့သော်လည်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ၎င်းတို့ သိမ်းပိုက်နိုင်ခဲ့သော မြို့အချို့ကို စစ်ကော်မရှင်ထံ ပြန်လည်အပ်နှံပေးခဲ့ရပြီး မြို့အချို့ကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး အစမှာတော့ မဟာမိတ်တပ်တွေက လူထုအားပေးမှု တခဲနက် ရတယ်။ ပြီးတော့ တော်တော်လည်း အားကောင်းခဲ့ပေမယ့် တကယ် လာအုပ်ချုပ်တော့ လူထုရဲ့ အခြေခံ လိုအပ်ချက် ကျန်းမာရေးတောင် ဘာမှ မလုပ်ပေးနိုင်ဘူး။ အခု ခက်ခဲချိန်ဆိုရင် ပိုဆိုးတယ်” ဟု ကွတ်ခိုင်မြို့နယ် ဒေသခံ အမျိုးသားက ဆိုပြန်သည်။
လက်ရှိ MNDAA ထိန်းချုပ်သည့် ကွတ်ခိုင်မြို့နယ်တွင် စက်သုံးဆီ ဓာတ်ဆီ တစ်လီတာလျှင် ကျပ်ငွေ တစ်သောင်းခွဲမှ ကျပ်ငွေ နှစ်သောင်းထိ ကျပ်အထိ မြင့်တက်နေပြီး၊ စက်သုံးဆီ ပြဿနာကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အခြေအနေအထိ သက်ရောက်မှုရှိပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်။
“စက်သုံးဆီအရေးက လူထုတစ်ရပ်လုံးကို ဒုက္ခဖြစ်နေတာ၊ အရေးပေါ်လူနာတွေ အတွက်ဆိုရင် ပိုပြီး ဒုက္ခရောက်တယ်။ ဆေးကုခလည်း တက်သလို ခရီးစရိတ်ကလည်း တက်လာတော့ သူတို့ဆို ပိုတောင် စိတ်ညစ်နေကြမှာ” ဟု ကွတ်ခိုင်မြို့နယ်မှ ပရဟိတ အသင်းသား တစ်ဉီးက ပြောဆိုလိုက်သည်။












Leave a Comments