သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။
သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင် မှောင်ခိုရောင်းချနေသည့် စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ် ၁၃,၀၀၀ အထိ ဆက်လက်မြင့်တက်နေသေးကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဆီဈေးကတော့ ကျလာပြီ။ မြို့ပေါ်ဆီဆိုင်မှာ တစ်လီတာကို ငါးထောင်ဝန်းကျင်ပဲ ရှိတယ်။ မြို့ပေါ်တက်ပြီး ဆီထည့်ရင်တော့ အဆင်ပြေတယ်။ ဒါပေမယ့် ရပ်ရွာထဲမှာတော့ ခုထိဈေးမကျသေးဘူး။ တချို့က မြို့ပေါ်မှာ ဆီသွားတန်းပြီး ရွာထဲမှာ ဈေးတင်ရောင်းကြတယ်။ မြို့ပေါ်မတက်နိုင်တဲ့သူတွေကတော့ ဈေးကြီးပေးဝယ်သုံးနေရတယ်” ဟု ၎င်းက ပြောသည်။
အလားတူ ပင်းတယမြို့နယ် ကျေးရွာဘက်များတွင်လည်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၅,၀၀၀ အထိ ပေါက်ဈေးရှိနေသဖြင့် တပိုင်တနိုင် စီးပွားရေးလုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
“မြို့ပေါ်ထိ ဆီသွားမတန်းနိုင်တော့ ရွာထဲကရောင်းတဲ့ဈေးနဲ့ပဲ ဝယ်ရတယ်။ စိုက်ခင်းကိစ္စ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေကြောင့် တစ်ခါသွားလာရင် နှစ်သောင်းလောက်ကုန်တယ်။ နေ့စဉ်ဝင်ငွေနဲ့ မမျှတတော့ အဆင်မပြေဘူး” ဟု ပင်းတယမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့ရှိ ရပ်ကွက်အချို့တွင် လိုင်စင်မဲ့ယာဉ်များ စက်သုံးဆီဝယ်ယူရာ၌ တစ်လီတာလျှင် ကျပ် ၁၀,၀၀၀ အထိ ပေးနေရသဖြင့် လိုင်စင်မဲ့ယာဉ်အသုံးပြုသူများအတွက်လည်း အများနည်းတူ ဈေးလျှော့ရောင်းချပေးစေလိုကြောင်း တောင်ကြီးမြို့တွင် အလုပ်လာရောက်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“လိုင်စင်ရှိတဲ့သူတွေကတော့ အဆင်ပြေတယ်။ ဆီဆိုင်မှာ သွားထည့်ရင် ဈေးသက်သာတယ်။ ကျမတို့လို လိုင်စင်မရှိတဲ့သူတွေကျတော့ အဆင်မပြေဘူး။ အလုပ်သွားဖို့ တစ်ပတ်ကို ငါးသောင်းလောက်ကုန်တယ်။ ရတဲ့ဝင်ငွေနဲ့ မလောက်ဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိ တောင်ကြီး BOC စက်သုံးဆီဈေးနှုန်းအရ ဓာတ်ဆီ 92 တစ်လီတာလျှင် ကျပ် ၄,၈၂၅ သာရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများ၏ သက်ရောက်မှုကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်ကောင်စီက “စက်သုံးဆီချွေတာရေး” ခေါင်းစဉ်ဖြင့် မော်တော်ယာဉ်များကို စုံ/မ နေ့အလိုက် မောင်းနှင်စေကာ စည်းကမ်းမလိုက်နာသူများကို အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။












Leave a Comments