သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ “ရက် ၁၀၀ စီမံချက်” ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့် တရုတ်ကုန်ပစ္စည်းများကို ပိတ်ဆို့ရန် ကြိုးပမ်းရာတွင် အောက်ခြေစစ်ဆေးရေးဂိတ်များက ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်သည်။
အထူးသဖြင့် ကျောက်မဲ၊ နောင်ချို၊ ဝက်ဝံ နှင့် ၁၆ မိုင် ဂိတ်များတွင် အထူးတင်းကျပ်ထားပြီး ပုံမှန် ၆ ဘီး ကုန်တင်ကားတစ်စီးလျှင် လမ်းရှင်းခ ကျပ်သိန်း ၈၀၀ မှ ၁,၀၀၀ ကျော်အထိ ပေးဆောင်နေရကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများက ပြောသည်။
“အခုက စားသောက်ကုန်ကလွဲရင် အဝတ်အစား၊ ဖိနပ်တွေတောင် ပေးမဖြတ်ဘူး။ ဒါပေမယ့် ပွဲစားနဲ့ချိတ်ပြီး လမ်းရှင်းခပေးရင်တော့ အဆင်ပြေတယ်။ ၆ ဘီးကားတစ်စီးဆိုရင် သိန်း ၈၀၀ ကနေ ၁၀၀၀ အထိ ပေးရတာမျိုး ရှိတယ်။ စစ်တပ်ကပဲ လုံခြုံရေးယူပြီး ပေးဖြတ်တာ” ဟု ကုန်တင်ကားမောင်းသူ သျှမ်းမြောက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုကဲ့သို့ လမ်းစရိတ် အဆမတန် မြင့်မားလာခြင်းကြောင့် ကုန်သည်များသည် တိုက်ရိုက်လမ်းကို မသွားနိုင်တော့ဘဲ မိုးကုတ်-မတ္တရာ လမ်းနှင့် ကျောက်ဂူ-စည်သာ လမ်းပိုင်းများမှတစ်ဆင့် ခက်ခဲစွာ ပတ်၍ သွားလာနေကြကြောင်း သိရသည်။
“လမ်းကတော့ အမျိုးမျိုးရှိတယ်။ ဒါပေမယ့် ဘယ်လမ်းသွားသွား ဂိတ်ကြေးကတော့ ပေးနေရတာပဲ။ အရင်က တစ်ရက်ကို ကားအစီး ၁၀ ကျော် ထွက်နိုင်ပေမဲ့ အခုတော့ ၂ စီး၊ ၃ စီးလောက်ပဲ ထွက်နိုင်တော့တယ်” ဟု အဆိုပါ ယာဉ်မောင်းက ဆက်ပြောသည်။
စစ်ကောင်မရှင်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) ထိန်းချုပ်ရာဒေသမှ ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ရန် ရည်ရွယ်ထားသော်လည်း လက်တွေ့တွင် ထိုဒဏ်ကို ပြည်သူများကသာ တိုက်ရိုက်ခံစားနေရသည်။
“သူတို့ရဲ့ ကန့်သတ်ချက်က လက်နက်ကိုင်အဖွဲ့တွေကို မထိခိုက်ဘူး။ ပြည်သူတွေကိုပဲ ထိခိုက်တာ။ ပစ္စည်းတွေက သယ်ရခက်တော့ ဈေးတွေက ၂ ဆ၊ ၃ ဆ တက်ကုန်ပြီ။ ပြည်သူတွေကတော့ ငတ်ပြတ်ဖို့ပဲ ရှိတော့တယ်” ဟု မူဆယ်မြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် နောင်ချို-မန္တလေး လမ်းပိုင်း၌ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်ပေါင်း ၁၅ ဂိတ်မှ ၂၀ နီးပါးအထိ ရှိနေပြီး ကုန်တင်ကားများသာမက ခရီးသည်တင်ကားငယ်များကိုလည်း စစ်ဆေးငွေတောင်းခံမှုများ ရှိနေသည်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် သွင်းကုန်လျှော့ချရန် ရက် (၁၀၀) ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
သို့သော်လည်း မြေပြင်တွင် စစ်ဆေးရေးဂိတ်များ၏ အဂတိလိုက်စားမှုနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါးဖြစ်ကာ စီးပွားရေးကျပ်တည်းလာနေကြောင်း ဒေသခံများက ပြောသည်။













Leave a Comments