“ကျနော်တို့ပြည်သူတွေ ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကို ထမ်းပြီး တော်လှန်ဖို့ လိုတယ်”

“၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မဟာမိတ်များ ဦးဆောင်၍ စစ်ကောင်စီအား ဖယ်ရှားနိုင်ခဲ့သည့် နယ်မြေများကို အခြေခံပြီး တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို သင့်လျော်သည့် ပြည်သူလူထု ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းနိုင်ရန် အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီမှ ကြေညာလိုက်သည်။

ဇွန်လ (၁) ရက်မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကောင်စီ (TPCC) ၏ နိုင်ငံရေးထိပ်သီး အစည်းအဝေးတွင် တအာင်းပြည်ကောင်စီ (Ta’ang Land Council – TLC) ကို တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေး အာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ မတ်လ (၂၄) ရက်တွင် ဖွဲ့စည်းခဲ့သည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ TPCC တွင် တအာင်းအမျိုးသားပါတီ TNP ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တအာင်း(ပလောင်) အရပ်ဘက်အစုအဖွဲ့များ ပါဝင်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အဓိကမဏ္ဍိုင်(၃)ခုကို ထိန်းကျောင်းရန် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အသစ်ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် တအာင်းပြည်ကောင်စီတွင် TNLA ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC မှ လွေးမိုးခမ်းက ဒုဥက္ကဋ္ဌ (၁)၊ တအာင်းအမျိုးသားပါတီ TNP မှ တားအေးမောင်က ဒုဥက္ကဋ္ဌ(၂)၊ အဖွဲ့ဝင် (၄) ဦး၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး တစ်ဦးစီ၊ စုစုပေါင်း (၉) ဦးဖြင့် ဖွဲ့စည်းထားပြီး ထိုထဲတွင် အမျိုးသမီး (၄) ဦး ပါဝင်သည်။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC မှ တအာင်းပြည်ကောင်စီ TLC အဖြစ် ပြောင်းလဲဖွဲ့စည်းရာတွင် ပါဝင်သည့် အဖွဲ့အစည်းများ၊ လုပ်ငန်းတာဝန်များနှင့် တော်လှန်ရေးကာလ ပြည်သူ့အစိုးရ ဆက်လက်ဖွဲ့စည်းမည့် အခြေအနေကို TPCC အတွင်းရေးမှူးဖြစ်သူ မိုင်းနိုင်ဂေါင်ဇာရ် ထံ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ အခု ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ တအာင်းပြည်ကောင်စီ TLC ဆိုတာ ဘယ်လို အဖွဲ့အစည်းမျိုး ဖြစ်ပါသလဲ၊ ဘယ်အဖွဲ့အစည်းတွေ ဘယ်သူတွေ ဦးဆောင်ပါဝင်ပြီး ဖွဲ့စည်းထားတာလဲ။

ဖြေ ။ ။ နိုင်ငံရေးအရ အမြင့်ဆုံးအာဏာပိုင် အစုအဖွဲ့ဖြစ်တယ်။ ဒါ့အပြင် မဏ္ဍိုင်ကြီး (၃)ရပ်ကို ထိန်းကျောင်းကွပ်ကဲ ဦးဆောင်ဖို့ စုဖွဲ့ထားတဲ့ ကောင်စီဖြစ်တယ်။ အစုအဖွဲ့ (၃)ခု ဖြစ်တဲ့ တအာင်းအမျိုးသားပါတီ TNP ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တအာင်းအရပ်ဖက် အင်အားစုများ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။

မေး ။ ။ တအာင်းပြည်ကောင်စီ TLC ဟာ တော်လှန်ရေးကာလမှာ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင် အဖွဲ့အစည်းအဖြစ် ဆောင်ရွက်မယ်ဆိုတော့ ဘယ်လိုလုပ်ငန်းတာဝန်တွေ ခွဲခြားထားလဲ။

ဖြေ ။ ။ အဓိကကတော့ ဒီတော်လှန်ရေးကာလ အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်ရေး၊ မဏ္ဍိုင်ကြီး (၃) ရပ်ကို ထိန်းကြောင်းကွပ်ကဲ ကြပ်မတ်ဖို့နဲ့ တအာင်းတွေရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ဦးဆောင်ဖို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။

မေး ။ ။ TLC ကနေ အဓိကမဏ္ဍိုင်ကြီး ၃ ခုကို ထိန်းကျောင်းဖို့ ပြောင်းလဲဖွဲ့စည်းလိုက်တာဆိုတော့ နောက်ပိုင်းမှာ ဘယ်လိုဌာနတွေ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားဖို့ ရှိလဲ။

ဖြေ ။ ။ ဘယ်လိုဌာန‌တွေ ထပ်ပြီးဖွဲ့စည်းသွားမလဲ ဆိုတာကတော့ လောလောဆယ်မှာ ပြောဖို့ ခက်ခဲနေပါသေးတယ်။ အားလုံးက TLC ရဲ့ ဦးဆောင်မှုနဲ့ အတူပဲ ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလ အစိုးရ တစ်ရပ်မှာ ရှိသင့်ရှိထိုက် လိုအပ်တဲ့ဌာနတွေ စုံအောင်တော့ ပြင်ဆင်စုဖွဲ့သွားဖို့ ရှိတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။

မေး ။ ။ “၁၀၂၇ စစ်ဆင်ရေး”အတွင်းမှာ TNLA နဲ့ မဟာမိတ်တွေ ဦးဆောင်ပြီး စစ်ကောင်စီကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့တဲ့ နယ်မြေကို အခြေခံပြီး ၂၀၂၅ ထဲမှာ တော်လှန်ရေးကာလ ပြည်သူ့အစိုးရ ဆက်လက်ဖွဲ့စည်းမယ်ဆိုတော့ အဓိကအားဖြင့် ဘယ်မြို့ ဘယ်နယ်နိမိတ်တွေ ဖြစ်မလဲ။

ဖြေ ။ ။ အကြမ်းအားဖြင့် ပြောနိုင်တာကတော့ “၁၀၂၇ စစ်‌ဆင်ရေး”လှိုင်းမှာ PSLF/TNLA က ထိန်းချုပ်ထားတဲ့ မြိုနယ်တွေ ပါပါတယ်ဗျ။

မေး ။ ။ NUG နဲ့ TPCC ကြားမှာ ခိုင်မာတဲ့ သဘောတူညီချက်တွေ ရရှိထားတယ်လို့ ကြားသိထားရသလို အခု TLC ကလည်း မြန်မာပြည် တော်လှန်ရေးအင်အားစုများနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားတဲ့အပေါ်မှာ NUG ကို ညွှန်းဆိုချင်တာလား၊ ဘာကြောင့်လဲ။

ဖြေ ။ ။ ဆရာ/မတို့ ဘယ်ကနေ ကြားသလဲတော့ မသိဘူး၊ ကျနော်တို့တောင် သိချင်တယ် ဘယ်လိုခိုင်မာတဲ့ သဘောတူညီချက်လဲ ဆိုတာကို။ ပြောနိုင်တာကတော့ NUG နဲ့ TPCC ကြားမှာ ဘာမှ ခိုင်မာတဲ့ သဘောတူညီချက် ချမှတ်တာ မရှိသေးပါဘူး။ ဒီတော်လှန်ရေးမှာ ကျနော်တို့ ဘယ်လို ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမလဲ ဆိုတာကတော့ TLC ကနေပဲ ဆက်လက် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ အခြားဖြည့်စွက်ပြောဆိုချင်တာ ရှိရင်လည်း ဖြေကြားပေးပါဦးခင်ဗျ။

ဖြေ ။ ။ ဟုတ်ကဲ့ပါဗျ၊ ဒီချိန်က တော်လှန်ရေးရဲ့ အမြင့်ဆုံး ရေချိန်အမှတ်သို့ ရောက်ရှိနေချိန် ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ အဆုံးသတ်တိုက်ပွဲနဲ့ ဒီအကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျဖို့အတွက် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ဟန်ချက်ညီညီ စုပေါင်းအင်အား၊ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းလုပ်ဆောင်မှုတွေနဲ့အတူ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

တစ်ဘက်မှာလည်း အကြမ်းဖက်စစ်ကောင်စီက ‌အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေချိန် ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေ ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကို ထမ်းပြီး တော်လှန်ဖို့ လိုတယ်။ ဒီတော်လှန်ရေးအင်အားစုနဲ့ ကျနော်တို့ပြည်သူတွေ ဒီအားတွေ စုမိသွားပီဆိုရင် အောင်ပွဲက အမြန်ဆုံးရရှိလိမ့်မယ်လို့ ယုံကြည်တယ်။

ခုအချိန်မှာ အခက်အခဲ အတားအဆီးတွေ အများကြီး ကြုံရပါလိမ့်မယ်၊ ဒါကြောင့် သတိဝိရိယရှိရှိနဲ့ သွား‌ဖို့ လိုအပ်တယ်လို့ နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...