မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည် ညီညွတ်ရေး၏ ပြယုဂ်တခုအဖြစ် ရည်ရွယ်ခြင်းဖြစ်သည်။

စာရွက်ပေါ်တွင် စစ်အစိုးရကို ညီညွတ်စွာ ပူးပေါင်းတိုက်ထုတ်ရေး၊ ဖက်ဒရယ်စနစ် ကျင့်သုံးရေးနှင့် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ရေး စသည့် မူဝါဒများသည် ခိုင်မာမှန်ကန်မှု ရှိသည်။ သို့သော်လည်း တော်လှန်ရေး အသိုင်းအဝိုင်းအတွင်းမှ ပြန်လည်ထွက်ပေါ်လာသည့် ဝေဖန်ကန့်ကွက်မှုများသည် နာကျင်ဖွယ်ရာ အမှန်တရားတစ်ခုကို ဖော်ပြနေသည်။

နိုင်ငံ၏ အနာဂတ်အတွက် သော့ချက်ဖြစ်သော အင်အားစုများကို ဖယ်ကျဉ်ထားပြီး သီးသန့် ရေးဆွဲခဲ့သည့် စာတမ်းတစ်ခုသည် မည်သို့မျှ “ဘုံ” သဘောတူညီချက် ဖြစ်မလာနိုင်သကဲ့သို့ ညီညွတ်ရေးဟုလည်း ကြေညာ၍ မရနိုင်ပေ။

ထိုလုပ်ရပ်အပေါ် ဝေဖန်မှုများသည် စာတမ်းပါ အကြောင်းအရာများအပေါ် တိုက်ခိုက်ခြင်းမဟုတ်ဘဲ လုပ်ငန်းစဉ်၏ လိုအပ်ချက်များအပေါ် မီးမောင်းထိုး ထောက်ပြလိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) အား အတူတကွ ပူးပေါင်းပါဝင်ရန် မဖိတ်ခေါ်မီ အဆိုပါမူကြမ်းကို “အတည်ပြုပြီးသား သဘောတူညီချက်” အဖြစ် ဖော်ပြခဲ့ခြင်းအပြင် ပထမအဆင့် လက်မှတ်ရေးထိုးသူများ အဖြစ် ဗမာအများစု လွှမ်းမိုးထားသည့် အဖွဲ့အစည်း ၇ ခုဖြင့်သာ ကန့်သတ်ထားခဲ့သည်။

ထို့ကြောင့် ခေါင်းဆောင်ပိုင်းသည် “ဟန်ပြ ပူးပေါင်းဆောင်ရွက်မှု” ဟူသည့် ချောက်နက်ထဲသို့ ရိုးရာမပျက် ဆင်းသွားပြန်သည်။

“ဗမာ ဦးစားပေး” ချဉ်းကပ်မှု၏ အရင်းအနှီး

မြန်မာနိုင်ငံ၏ တော်လှန်ရေးဆိုသည်မှာ တသတ်မှတ်တည်း၊ တစ်သွေးတစ်သံတည်း သွားနေသည့် အစုအဖွဲ့တစ်ခုမဟုတ်ပေ။

မတူညီကွဲပြားသော တိုင်းရင်းသားအစုအဖွဲ့များစွာဖြင့် ဖွဲ့စည်းထားပြီး အရောင်အသွေးစုံလင်သည့် ပန်းချီကားချပ်တခုကဲ့သို့ ဖြစ်သည်။

အဖွဲ့တစ်ခုချင်းစီတွင် တိုက်ပွဲဝင်ခဲ့သည့် သမိုင်းကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ယုံကြည်မှုဆိုင်ရာ စိန်ခေါ်မှုများ အသီးသီး ရှိကြသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဆိုင်ရာ (၆) ပွင့်ဆိုင် ဦးဆောင်ကောင်စီ (SCEF) တွင် NUG၊ CRPH တို့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကဲ့သို့သော အဓိက အဖွဲ့အစည်းများ ပါဝင်ပြီး နယ်စပ်ဒေသ တော်လှန်ရေး၏ အဓိက ကျောရိုးကြီးလည်း ဖြစ်သည်။

ထိုအဖွဲ့အစည်းများသည် လက်ရှိ “နွေဦးတော်လှန်ရေး” မစတင်မီ ဆယ်စုနှစ်များစွာ ကတည်းက တိုက်ပွဲဝင်လာခဲ့ကြသူများ ဖြစ်သည်။ CPA ကို ထုတ်ပြန်လိုက်သည့်အခါ တိုင်းရင်းသား မဟာမိတ်များအတွက် ရရှိလိုက်သော သတင်းစကားမှာ “တန်းတူ ပူးပေါင်းဆောင်ရွက်မှု” မဟုတ်ဘဲ “အဆင့်အတန်း ခွဲခြားမှု” သာ ဖြစ်သွားသည်။

မူကြမ်းရေးဆွဲခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ ကြေညာခြင်းနှင့် ထိုမှတဆင့် အကြံပြုချက်များ တောင်းခံခြင်း စသည့် လုပ်ငန်းစဉ် အဆင့်ဆင့်သည် ဗမာခေါင်းဆောင်ပိုင်းအနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများမှာ နိုင်ငံသစ်ကို အတူတကွ တည်ဆောက်မည့် တန်းတူ ဗိသုကာရှင်များအဖြစ် မမြင်နိုင်ဘဲ ထိန်းကျောင်းစီမံခန့်ခွဲရမည့် အစုအဖွဲ့များအဖြစ်သာ သဘောထားကြောင်း ပြသနေသည်။

ထို့သို့ချည်းကပ်မှုကြောင့် မြေပြင်တွင် “အမျိုးသားညီညွတ်ရေးအစိုးရ” ကို “ဗမာညီညွတ်ရေးအစိုးရ” အဖြစ် ပြောင်းလဲရှုမြင်သွားစေနိုင်သည့် အန္တရာယ်ရှိသည်။

အကယ်၍ SCEF က ၎င်း၏ အခန်းကဏ္ဍသည် နေပြည်တော် သို့မဟုတ် ပြည်ပရောက် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များကို ဟန်ပြ အတည်ပြု တံဆိပ်တုံးနှိပ်ပေးရုံမျှသာဖြစ်သည်ဟု ခံစားသွားရပါက တော်လှန်ရေး၏ စည်းလုံးညီညွှတ်မှုမှာ ပျက်စီးသွားမည်ဖြစ်ပြီး ပြည်တွင်းစစ်ကာလအတွင်း မပျက်စီးသင့်ဘဲ ပျက်စီးသွားမည့် စေတနာနှင့် ယုံကြည်မှုတို့သည် ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်သလောက်ဖြစ်သွားမည်ဖြစ်သည်။

ဗမာခေါင်းဆောင်ပိုင်း၏ အခန်းကဏ္ဍ – “နေရာရယူခြင်း” မှ “အတူတကွ တည်ဆောက်ခြင်း” သို့

NUCC အနေဖြင့် ၎င်း၏ နိုင်ငံရေး ရပ်တည်ချက်ကို နေရာယူရန်အတွက်သာ အသည်းအသန်ကြိုးပမ်းနေသည်ဟု ဝေဖန်ခံရခြင်းသည် ၎င်းတို့၏ အဓိကစိုးရိမ်ချက်ကို သွားထိမှန်သည့်အတွက် အတော်ပင် ခံရခက်စေသည်။

အရာရာကို လွှမ်းမိုးဦးဆောင်လိုသည့် ဗမာခေါင်းဆောင်များအနေဖြင့် ဖက်ဒရယ် တိုက်ပွဲတွင် စစ်မှန်သော ခေါင်းဆောင်မှုဆိုသည်မှာ လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ အခြားသူများ၏အသံကို ပထမဆုံးနားထောင်ပေးခြင်း ဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်သည်။

ထိုကြောင့် ထုတ်ပြန်ကြေညာချက်များပြုလုပ်နေခြင်းထက် အတူတကွဖန်တီးတည်ဆောက်ခြင်းကို ဦးစားပေးရန်လိုအပ်သည်ဟူသော ခံယူချက်အသစ်ကို ဗမာခေါင်းဆောင်များအနေဖြင့် လက်သင့်ခံကျင့်သုံးရမည်ဖြစ်သည်။

အနာဂတ် နိုင်ငံရေး သဘောတူညီချက် မှန်သမျှကို KIO၊ KNPP၊ KNU နှင့် CNF တို့ ပါဝင်သည့် SCEF အကျိုးအတွက် ရေးဆွဲပေးခြင်း မဟုတ်ဘဲ SCEF နှင့်အတူ အတူတကွ ရေးဆွဲရမည် ဖြစ်သည်။

လုပ်ငန်းစဉ်များသည် ပွင့်လင်းမြင်သာမှုရှိပြီး တဆင့်ချင်း ပြုပြင်ဖန်တီးသွားရမည့် အခြေအနေရှိရမည်။ မူကြမ်းများရရှိလာပါကလည်း အတည်ပြုချက်ရယူရန်သာလိုသည့် အပြီးသတ်ပြီးသား ထုတ်ကုန်တစ်ခု မဟုတ်ဘဲ အားလုံး၏ ဘုံသဘောတူညီချက်ဖြင့်သာ အခြေအနေနှင့်အမျှ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်သွားရမည့်် စာရွက်စာတမ်းတစ်ခုဖြစ်ရမည်။

တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) သည် ယခုမှ အသစ်ဝင်ရောက်လာသော ကစားသမားများ မဟုတ်သည်ကို သဘောပေါက်ရန်လိုအပ်သည်၊ KIO နှင့် CNF တို့သည် ဖက်ဒရယ် ဆွေးနွေးပွဲများတွင် ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး KNU နှင့် KNPP တို့သည်လည်း လက်ရှိ ဗမာခေါင်းဆောင်များ မမွေးဖွားမီ အချိန်တည်းက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။

ထို့ကြောင့် မူကြမ်းများရေးဆွဲရာတွင် ထိုအတွေ့အကြုံများကို လစ်လျှူရှုလိုက်ခြင်းသည် သတိလက်လွတ် ပေါ့ဆမှုတခုသာမဟုတ်ဘဲ ရေရှည်အတွက် အမှားအယွင်းကြီးတစ်ခုဖြစ်သွားသည်။

ပြည်သူလူထုသည် ပြည်ပရောက် အဖွဲ့အစည်းများ၏ နိုင်ငံရေး ကစားကွက်များကို စိတ်မဝင်စားတော့ဘဲ ပေါင်းစည်ညီညွှတ်သော ကွပ်ကဲမှုနှင့် ဘုံရည်မှန်းချက်တစ်ခုကိုသာ အဓိက အလေးထားလာကြသည်။ သို့ဖြစ်ရာ ဗမာခေါင်းဆောင်များ၏ နိုင်ငံရေးခြေလှမ်းများကြောင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ မပြိုကွဲစေရန် မြေပြင်စစ်ပွဲ၏ လက်တွေ့အခြေအနေများနှင့် ကိုက်ညီအောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်သည်။

ရှေ့ဆက် လမ်းကြောင်း – SCEF နှင့် ဗမာအစုအဖွဲ့များ

SCEF နှင့် NUG၊ CRPH တို့အကြား ဆက်ဆံရေးကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်သည်။ SCEF သည် ပြိုင်ဘက်မဟုတ်ဘဲ တိုင်းရင်းသား ပြည်နယ်များဆီသို့ ဆက်သွယ်ပေးသည့် တံတားတစ်စင်း ဖြစ်သည်။

တော်လှန်ရေး အောင်မြင်ရန်အတွက် NUG နှင့် CRPH တို့သည် SCEF ကို ကျော်လွန်ဆောင်ရွက်ခြင်း မပြုဘဲ SCEF နှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ရှေ့ဆက်ရမည့် အဆင့်များတွင် CPA ကို ပြန်လည်ရေးဆွဲရန် ဗမာအဓိက အင်အားစုများနှင့် တိုင်းရင်းသား အဓိက အင်အားစုများမှ အချိုးကျ တန်းတူပါဝင်သည့် ပူးတွဲ မူကြမ်းရေးဆွဲရေး ကော်မတီတရပ် ဖွဲ့စည်းရန် ပါဝင်သည်။

တစ်ဖက်သတ် ကြေညာချက်များ ထုတ်ပြန်ခြင်းကို ရပ်ဆိုင်းလိုက်ရန်လိုအပ်သည်။ မဖြစ်မနေ ပါဝင်ရမည့် အဖွဲ့အစည်းအားလုံး ဆွေးနွေးညှိနှိုင်းခွင့်နှင့် လက်မှတ်ရေးထိုးခွင့် ရပြီးသည့် အချိန်အထိ မည်သည့် နိုင်ငံရေး သဘောတူညီချက်ကိုမျှ အတည်ပြုပြီးကြောင်း သဘောတူညီချက်အဖြစ် လူသိရှင်ကြား ကြေညာခြင်း မပြုသင့်ပေ။

ထို့ပြင် မူကြမ်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်ပြီး လက်ရှိ စာတမ်းသည် မူကြမ်းအဆင့်သာ ဖြစ်ပါက စတင်ချိန်ကတည်းက ERO များအား ပြင်ဆင်ရေးဆွဲရေး လုပ်ငန်းစဉ်တွင် ဦးဆောင်ရန် ပွင့်လင်းစွာ ဖိတ်ခေါ်ရမည် ဖြစ်သည်။

နိဂုံး
“ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) သည် စစ်မှန်သော ဘုံသဘောတူညီချက် ဖြစ်လာမှသာလျှင် သမိုင်းဝင် အကွေ့အပြောင်းတစ်ခု ဖြစ်လာနိုင်သည့် အလားအလာ ရှိသည်။ ဗမာခေါင်းဆောင်ပိုင်းအနေဖြင့် ၎င်းတို့ကိုယ်တိုင် နှိမ့်ချဆက်ဆံပြီး အမြှော်အမြင်ရှိမှုကို ပြသရန် အခွင့်အရေးကောင်းတခု ရှိနေသည်။

စင်ပေါ်က အမြဲနေခြင်းမှ SCEF အဖွဲ့ဝင်များဖြစ်သည့် KIO၊ KNPP၊ KNU နှင့် CNF တို့နှင့် ထိုင်ခုံတခုတည်းတွင် တန်းတူညီမျှစွာ အတူထိုင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးအရ အမှားအယွင်းတခုကို ဖက်ဒရယ်စနစ်အတွင်း အကျိုးရှိသည့် သင်ခန်းစားတခုအဖြစ် သမိုင်းဝင် ပြောင်းလဲနိုင်သည်။

တော်လှန်ရေးသည် ထပ်မံထုတ်ပြန်မည့် ကြေညာချက်များကို မလိုအပ်ဘဲ စစ်မှန်သော ညီညွတ်မှုကိုသာ လိုအပ်သည်။ ဗမာခေါင်းဆောင်များအနေဖြင့် စကားမပြောမီ နားထောင်ရန် သင်ယူနိုင်ပါက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ သွားရာလမ်းသည် ရှင်းလင်းလာမည် ဖြစ်သည်။

မိမိတို့၏ နိုင်ငံရေး ရပ်တည်ချက်ကို ဘုံဆန္ဒထက် ဦးစားပေးနေပါက တော်လှန်ရေး၏ အင်အားအကောင်းဆုံး မဟာမိတ်များကို ဘေးဖယ်ထားမိသည့် အန္တရာယ်နှင့် ရင်ဆိုင်လာရမည်။ စစ်ပွဲသည်ရှည်လျားသည့်အလျောက် စိတ်ဝမ်းကွဲပြားမှုကြောင့် ပေးဆပ်ရမည့်တန်ဖိုးမှာလည်း အလွန်ကြီးမားပေသည်။

ဤဆောင်းပါးပါ အကြောင်းအရာများသည် စာရေးသူစိုင်းဝမ်းဆိုင်၏ အတွေးအမြင်နှင့် အာဘော်သာဖြစ်သည်။

ဤဆောင်းပါးအား စာရေးသူ စိုင်းဝမ်းဆိုင်၏ BEYOND THE DRAFT: Why Bamar Leadership Must Learn the Art of True Unity အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စေ့စပ်ဆွေးနွေးရေး ဖြစ်လာခဲ့ရင် NUG ကျန်နေခဲ့မှာလား

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ယူနီဖောင်းချွတ် အစိုးရအသွင်ပြောင်းရန် စစ်ကော်မရှင်ဘက်က လုပ်ဆောင်နေစဉ် တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ (၃၀) ရက်တွင် NUG မှ ထုတ်ပြန်ကြေညာခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက ပြဿနာရှာ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီးဟု စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်

0
ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက ဆက်တိုက်ဖမ်းဆီး နေရကြောင်းဆိုကာ Ba Kaung အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုမှ ဇန်နဝါရီလ ၁၇ ရက်တွင် ရေးသားဖြန့်ဝေခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းစွာနေလိုသည့် မြန်မာများက တော်လှန်ရေးထောက်ခံသူများကို လက်မခံဘဲ ထိုင်းရဲများထံသို့ တိုင်းကြားသတင်းပေး ကြရန်...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် ထိုင်းရောက်မြန်မာများကို NUG သတိပေး

0
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ သတိပေးစာ ထုတ်ပြန်လိုက်သည်။ ယနေ့ (ဇူလိုင် ၂ ရက်) တွင် ထုတ်ပြန်ခဲ့သည့် NUG ၏ အသိပေးမေတ္တာရပ်ခံချက်ထဲတွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံသားများ...