အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ယူနီဖောင်းချွတ် အစိုးရအသွင်ပြောင်းရန် စစ်ကော်မရှင်ဘက်က လုပ်ဆောင်နေစဉ် တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ (၃၀) ရက်တွင် NUG မှ ထုတ်ပြန်ကြေညာခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
လက်ရှိတော်လှန်ရေးကို အဆင့်တက်၍ အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စများကို ညှိနှိုင်းအကောင်အထည် ဖော်ရန် SCEF ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ မတ်လ (၃၁) ရက်တွင်လည်း မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရန်အတွက် စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်စေရန် သက်ဆိုင်သည့် အင်အားစုများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေး အခင်းအကျင်းများနှင့် ပတ်သက်၍ “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB)” မှ အချက် (၉) ချက် ပါဝင်သည့် ဆန္ဒသဘောထားကို ထုတ်ပြန်ကြေညာခဲ့သည်။
“တန်ပြန်မှာလား ပူးပေါင်းမှာလား ဆိုတဲ့ဟာတော့ နည်းနည်း စောင့်ကြည့်ရဦးမယ် ထင်တယ်။ အထူးသဖြင့် ပြည်တွင်း ဖွဲ့တဲ့ဟာမှာဆိုရင် သူတို့ကတော့ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို သွားတယ်။ အခု ဒီဘက်က ထပ်ဖွဲ့လိုက်တဲ့အဖွဲ့ ဆိုတာကလည်း KNU ၊ KIA ၊ KNPP ၊ ပြီးသွားရင် NUG ရယ်ပေါ့။ ကြည့်လိုက်ရင်တော့ အဖွဲ့အစည်းက အားလုံးတောင်မှ မပါသေးဘူး၊ ခါတိုင်းလည်း အရင်တုန်းက ပေါင်းဖြစ်နေတဲ့ အဖွဲ့တွေပဲ။ အခုက နာမည်ပြောင်း ဖွဲ့လိုက်တဲ့ ပုံစံမျိုးလို့ နားလည်ရတယ်” ဟု မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောဆိုသည်။
SCEF ဖွဲ့စည်းခြင်းကို မတ်လ (၃၀) ရက်တွင် အွန်လိုင်းမှတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အလားတူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၊ ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့လည်း အွန်လိုင်းမှတဆင့် တက်ရောက်ပြီး မိန့်ခွန်း အသီးသီး ပြောကြားခဲ့ကြသည်။
SCEF ၏ နိုင်ငံရေးဦးတည်ချက် (၆) ချက်တွင် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေး၌ စစ်တပ်ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအောက် ထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန် ချမှတ်ထားသည်။
ထို့အပြင် ဖက်ဒရယ်နှင့် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ ၎င်းအခြေခံဥပဒေသစ်နှင့်အညီ ပြည်ထောင်စုတည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး ဖော်ဆောင်ရန် SCEF နိုင်ငံရေးဦးတည်ချက်တွင် ရေးသားဖော်ပြထားသည်။
သို့သော် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြင့် ယခင်က ဖွဲ့စည်းထားခဲ့သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ၏ အခန်းကဏ္ဍများ မပါဝင်ဘဲ စုဖွဲ့မှုပုံစံအသစ်ဖြင့် ထပ်မံပေါင်းစည်းထားခြင်းကြောင့် စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
“တစ်ခု ရှိနေတာက KIO မှာ ဗိုလ်ချုပ်ဂွမ်မော် ပြောထားတဲ့ဟာပေါ့။ တကယ်လို့ စစ်တပ်က ခေါ်ပြီးတော့ တွေ့ဆုံဆွေးနွေးခဲ့ရင် တစ်ဖွဲ့တည်းအနေနဲ့ မဆွေးနွေးနိုင်ဘူး။ NUG ကိုပါ ခေါ်ဆွေးနွေးရင်တော့ သူတို့လည်း ဆွေးနွေးဖို့ စဉ်းစားမယ် ဆိုတဲ့ဟာမျိုး ၆၅ နှစ်ပြည့် ဗီဒီယို မိန့်ခွန်းတစ်ခုမှာ ပြောထားတာ ရှိတယ်။ အဲလိုသဘောအရဆိုရင် အခုဒီလို စုဖွဲ့လိုက်တာက ပြည်တွင်းမှာ ဖွဲ့လာတဲ့ Platform ၊ နောက်အခု ပြောင်းလဲလာမယ့်ဟာမှာ စေ့စပ်ဆွေးနွေးရေး ဆိုတာမျိုး ဖြစ်လာခဲ့ရင် NUG ကျန်နေခဲ့မှာ စိုးလို့ လုပ်ပေးတဲ့ Platform မျိုး ဖြစ်လား ဆိုတာကတော့ နည်းနည်း သံသယထားပြီး စောင့်ကြည့်ရမယ့် ကိစ္စလို့ ထင်တယ်”ဟု မြန်မာ့နိုင်ငံရေးသုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်သည်။
ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ရခိုင်အမျိုးသားပါတီ ALP ဥက္ကဋ္ဌ ဦးသာထွန်းလှ တို့ ဦးဆောင်သော ပြည်တွင်းနိုင်ငံရေး အင်အားစုများ ဖြစ်ကြသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။
PCB ထုတ်ပြန်ချက်တွင် အသင်းအဖွဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို အာခံချက်ပေးရန်၊ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းနှင့် စစ်မှုထမ်းစေခြင်း မပြုလုပ်ရန်၊ CDM များကို အရေးယူ ဆောင်ရွက်ခြင်း မပြုလုပ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်ပရောက် အင်အားစုများ ဂုဏ်သိက္ခာရှိစွာ ပြည်တွင်းပြန်ဝင်ရောက်နိုင်မည့် အခင်းအကျင်း ဖော်ဆောင်ပေးရန် တိုက်တွန်းထားသည်။
အလားတူ တိုင်းပြည်၏ အရင်းခံပြဿနာများကို ဖြေရှင်းရန် သက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး ကြိုးပမ်းကြရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံ၊ ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖော်ပြထားသည်။
“အခု ဖွဲ့လိုက်တဲ့ဟာမှာ ကျွန်တော်တို့ သျှမ်း Major Player တွေ မပါသေးဘူး။ အဲတော့ အခု ကြည့်လိုက်ရင် တရုတ်နဲ့ အနီးစပ်ဆုံး ဖြစ်ပြီးတော့ နယ်မြေရေးရာကိစ္စ၊ ပြီးရင် နိုင်ငံရေးရာကိစ္စ တွေမှာ လွှမ်းမိုးမှု ရှိနေတယ်။ အထူးသဖြင့် တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေတဲ့ TNLA ၊ MNDAA ၊ ဒီဘက်က SSPP/SSA ပေါ့နော်။ အဲဒါတွေနဲ့ တကယ့် သျှမ်း Major Player တွေ တကယ် ပူးပေါင်းပါဝင်မှု ရှိမနေဘူး ဆိုတာကလည်း အခု ပေါ်လာတဲ့ Platform အသစ်ကို မေးခွန်းထုတ်စရာတော့ ရှိနေတယ်။ ဘာကြောင့်လဲ၊ ဘာဖြစ်လို့ မပါလဲ၊ သျှမ်းတွေ ဘာဖြစ်လို့ မယုံလဲ ဆိုတဲ့ဟာ မေးခွန်းထုတ်စရာပေါ့” ဟု မြန်မာ့နိုင်ငံရေးသုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထပ်လောင်းပြောသည်။
အခြားတစ်ဘက်တွင် စစ်ကော်မရှင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်တွင် သမ္မတရွေးချယ်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်မည့် စစ်ယူနီဖောင်းချွတ် အသွင်ပြောင်းစစ်အစိုးရကို ဖွဲ့စည်းရန် ဆက်တိုက်လုပ်ဆောင်နေလျက် ရှိသည်။












Leave a Comments