စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက်
သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် – မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် – မြန်မာ နယ်စပ် ဝမ်တိန်တံတားဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ၎င်းတို့ တစ်နှစ်နီးပါး လွှင့်ထူထားခဲ့သည့် အထူးဒေသ အလံကိုဖြုတ်၍ မြန်မာနိုင်ငံတော် အလံကို ပြန်လည်လွှင့်ထူခဲ့ကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဧပြီလ ၂၈ ရက်နေ့ ညနေလောက်ကပဲ မြန်မာနိုင်ငံအလံ ပြောင်းပြီးတော့ ပြန်လွှင့်ထူ ထားလိုက်ပါပြီ။ အရင်ကတော့ ဒီနယ်စပ်ဂိတ်မှာ သူတို့ထိန်းချုပ်နိုင်တော့ ကိုးကန့်အလံကို လွှင့်ထားတာပါ”ဟု အသက် ၄၀ ဝန်းကျင် ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် MNDAA တို့ တရားဝင် အပစ်အခတ် ရပ်စဲရေး သဘောတူနိုင်ခဲ့ပြီးနောက် MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း (ကြူကုတ်) နယ်စပ်ဂိတ်ကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် တရုတ်အာဏာပိုင်များမှ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ဖြတ်သန်းသွားလာခြင်းနှင့် ပစ္စည်းသယ်ဆောင်ခွင့်များ မရှိသေးကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။
“ပန်ဆိုင်းဂိတ်က ဖွင့်တာတော့ ကြာပြီ၊ ဒါပေမယ့် တရုတ်လူမျိုးတွေပဲ ဝင်ထွက်သွားလာလို့ ရတာပါ။ စားသောက်ကုန်တွေလောက်ပဲ တပိုင်တနိုင် သယ်သွား သယ်လာ လုပ်လို့ရတာ။ အခုကတော့ တရုတ်ဘက်ကလည်း ဂိတ်ပြန်ဖွင့်ပြီး အရင်လို ဝင်ထွက်သွားလာနိုင်ဖို့ စီစဉ်နေတဲ့အကြောင်း တရုတ်ဘက်မှာနေတဲ့ လူတွေက ပြောလာတယ်”ဟု ၎င်းက ဆက်ပြောသည်။
မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ၂၀၂၃ နိုဝင်ဘာလ ၂ ရက်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။
အလားတူ ပြီးခဲ့သည့် (မတ် ၂၆ ရက်)တွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ရှိ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ပြီး ရွှေလီမြစ်တစ်ဘက်ကမ်း မန်ဟီးရိုးမြို့နှင့် အနီးတဝိုက် ကျေးရွာများမှ ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အစိမ်းရှိသူများ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။












Leave a Comments