ပဋိပက္ခကြား မူးယစ်ဆေး သုံးစွဲမှု ပိုကြီးထွားနေ

“WY ဆေးနှစ်ပြားလောက် သုံးထားရင် အရမ်းကို နေလို့ကောင်းသွားတယ်၊ မပင်ပန်းဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က ပြောနေပါတယ်။

ကိုမောင်ငယ်က စိုက်ပျိုးရေးလုပ်ကိုင်သူ ဖြစ်တဲ့အလျောက် ပေါက်ပြားတစ်လက်နဲ့ ခြံဆွရတယ်။ တောတွေ ရှင်းရတယ်၊ ထင်းခုတ်ရတယ်။

ဒီအလုပ်က သူ့ရဲ့နိစ္စဓူဝ လုပ်ရတော့ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် တစ်ရက် “၁၀၀၀”ကျပ် ရင်းပြီး WY ယာဘဆေးပြားကို ဝယ်ကာ သောက်သုံးပါတော့တယ်။

“ဆေးတစ်လုံးကို (၅၀၀)ကျပ်၊ နှစ်လုံး ဝယ်သောက်ပြီး တနေကုန် အလုပ်လုပ်တာ မပင်ပန်းဘူး။ အလုပ်ကြမ်းတွေလည်း ပိုလုပ်နိုင်တယ်လေ” လို့ ကိုမောင်ငယ်က ပြုံးရွှင်ပြီး ပြောပြနေပါတယ်။

WY ယာဘဆေး ရှူရှိုက်နေစဉ်

ကိုမောင်ငယ် ဟာ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျေးရွာတခုမှာ နေထိုင်ပြီး၊ “WY” ဆေးပြားသုံးစွဲပြီး အလုပ်လုပ်နေတာ နှစ်နဲ့ချီ ရှိလာပါပြီ။ ကိုယ်တိုင်လည်း ယာဘဆေးပြားတွေကို ရောင်းချနေသူတစ်ဉီး ဖြစ်နေပြန်ပါတယ်။

“WY” ယာဘဆေးပြားကို သုံးစွဲနေတာကတော့ ရွာငံမြို့နယ်မှာ ကိုမောင်ငယ် တစ်ယောက်အပြင် အလုပ်ကြမ်းလုပ်ကိုင်တဲ့ အမျိုးသားအားလုံးနီးပါး သုံးစွဲနေကြပါတယ်။

“ဒီဆေးကို သုံးစွဲရင် ပင်ပန်းမှုကို ပျောက်စေပြီး အရသာကို သဘောကျလို့။ မဟုတ်ရင် အရမ်းပင်ပန်းတယ်၊ မကောင်းတာတော့ သိတယ်” လို့ ကိုမောင်ငယ် က ဆိုပြန်ပါတယ်။

ကိုမောင်ငယ် ထံ နေ့စဉ်နဲ့အမျှ ဖုန်းနဲ့တစ်ဖုံ၊ လူနဲ့တစ်မျိုး “WY” ယာဘဆေးပြားကို လာရောက်ဝယ်ယူ သုံးစွဲနေကြပြီး၊ အဲ့ဒီထဲမှာတော့ အရွယ်မရောက်သေးဘဲ ကျောင်းဆက်မတက်တော့တဲ့ လူငယ်လေးတွေ အပါအဝင် ရွာထဲမှာ အလုပ်ကြမ်း လုပ်တဲ့သူတိုင်းက “WY” ယာဘဆေးပြားကို သောက်သုံးနေကြပါတယ်။

ရွာငံမြို့နယ်က ဆယ်ကျော်သက် လူငယ်တွေဟာ ကိုဗစ်-၁၉ ကြောင့် ကျောင်းနားထားရာမှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ကျောင်းဆက်မတက်နိုင်တော့ဘဲ လေလွှင့်မှုတွေ ကြုံနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

အဲ့ဒီလူငယ်တွေဟာ လက်ရှိမှာတော့ ရွာငံမြို့နယ် ကျေးရွာထဲမှာ ခြံအလုပ်ကို အရွယ်နဲ့မလိုက် လုပ်ကိုင်နေကြရသလို အခုလို စီးပွားရေး ခက်ခဲချိန်၊ ဝမ်းရေးအတွက် ရုန်းကန်နေရချိန်မှာ မိသားစုဝင်တွေကို တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာနေသူတွေ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လောကရဲ့ ဒဏ်ကို ငယ်ရွယ်ချိန် မခံနိုင်တဲ့အတွက် စိတ်ကြွမူးယစ်ဆေး “WY” ယာဘဆေးပြားကို သုံးစွဲလာကြပါတယ်။

“လူငယ်တွေ သုံးတာများတယ်၊ အသက် ၁၄၊ ၁၅ နှစ် အရွယ်ကစ သုံးနေပြီ။ ကျနော်က သောက်လည်း သောက်တယ်၊ ရောင်းလည်းရောင်းတော့ ကလေးတွေက ဖုန်းဆက်ပြီး ဝယ်ကြတယ်လေ” လို့ ကိုမောင်ငယ်က သက်ပြင်းချ ပြောဆိုလိုက်ပါတယ်။

ကိုမောင်ငယ် ထံ စိတ်ကြွမူးယစ်ဆေး လာဝယ်သူတွေဟာ တစ်နေ့အနည်းဆုံး ၃ ဦးမှ အများဆုံး ဆယ်ဂဏန်းအထိ ရှိကြောင်း၊ တစ်ဉီးလျှင် ၂ ပြားမှ ၃ပြားအထိ ဝယ်ယူသုံးစွဲကြကြောင်းလည်း ဆိုပြန်ပါတယ်။

မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ “WY” ယာဘဆေးပြား သုံးစွဲမှုဟာ အလုပ်အကိုင် ပင်ပန်းမှုကို ဖြေဖျောက်ရန် အတွက် အသုံးပြုကြတယ်လို့ ဆင်ခြေပေးပြီး စတင်သုံးစွဲလာကြပေမယ့် နောက်ဆက်တွဲမှာတော့ မူးယစ်ဆေးကြောင့် ခိုးဆိုးလုယက်မှုတွေ၊ တစ်ကြိမ်တစ်ခါမျှ မကြားဖူးတဲ့ မိဘကို ပြန်ပြီး သတ်ဖြတ်တဲ့ အမှုတွေဟာ ရွာငံမြို့ပေါ်မှာ တစ်စထက်တစ်စ ပိုပြီးများလာပါတယ်။

ဒီလို မူးယစ်ဆေးသုံးစွဲတဲ့ လူတော်တော်များများဟာ ဆေးမသုံးရတဲ့အချိန်မှာ စိတ်မရှည်မှုတွေ၊ ဒေါသတွေ ထွက်လာကာ ရှိသမျှ အိမ်ကလူတွေကို ပြဿနာရှာတက်လာကြောင်းလည်း ရွာငံက မူးယစ်ဆေးသုံးစွဲနေတဲ့ အမျိုးတော်စပ်သူ တစ်ဉီးက ပြောပါတယ်။

” ကျမ အကိုဆိုရင် အရင်က အရမ်းအေးတယ်။ စကားမပြောဘူး။ လိမ္မာတယ်။ အခုဆိုရင် ဒေါသကြီးလာတယ်။ အဖေ အမေကို ပြန်မပြောတက်သူက ပြန်ပြောလာတယ်။ ကြောက်စရာကောင်းလာတယ်” ဟု သူကဆိုပြန်ပါတယ်။

WY ဆေးပြား

ရွာငံမြို့နယ်ဟာ ဓနုလူမျိုးတွေ အများဆုံးနေထိုင်ကြပြီး တောင်ယာအလုပ်၊ ခြံအလုပ်ကို အေးအေးချမ်းချမ်း လုပ်ကိုင်သူဖြစ်ကြကာ နိုင်ငံရေးဖိစီးမှု၊ စီးပွားရေး ကျဆင်းမှုကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မမျှရာမှ တစ်ဖက်မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့အတိုင်း မူးယစ်ဆေးကို အကျယ်အပြန့် ဖြန့်ချိရောင်းချလာပါတယ်။

စစ်အာဏာမသိမ်းခင်ကာလ ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ရွာငံမြို့နယ်ဟာ အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့၊ ကော်ဖီစိုက်ခင်းများနဲ့ ကမ္ဘာကျော်ဒေသ ဖြစ်သလို ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်တဲ့ နေရာဒေသလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ အစောပိုင်းမှာ ဆေးကြောင်တဲ့ အသက် ၂၅ နှစ်ကျော်အရွယ် သားဖြစ်သူတစ်ဉီးက ဖခင်ကို ဓားနဲ့ခုတ်မှုကြောင့် ဖခင်ဟာ ဒဏ်ရာ ၁၂ ချက် ချုပ်လိုက်ရပါတယ်။ ဒါပေမယ့် ဆေးကြောင်တဲ့ သားကိုတော့ ရဲစခန်းက တစ်ညသာ ချုပ်နှောင်ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

“ သားက ဆေးကြောင်လို့ အဖေကို ဓားနဲ့ခုတ်တဲ့ အမှုတွေ၊ ခိုးဆိုး လုယက်မှုတွေ၊ လိမ္မော်ခြံထဲက အသီးခိုးမှုတွေက အရင်က တစ်ခါမျှ မကြားဖူးဘူး။ ကျမအမျိုးသားလည်း ဆေးသုံးတယ်၊ သူဆေးသုံးလာရင် ကြောက်နေရတယ်” လို့ ၂၀၂၁ ခုနှစ် အလွန်မှာ ရွာငံမြို့နယ် ဒေသခံ အမျိုးသမီး တစ်ဉီးဖြစ်တဲ့ မကျော့ က ကြုံတွေ့နေရတဲ့ အရာကို စိတ်မကောင်းစွာ ပြောလာပါတယ်။

မကျော့ရဲ့ အမျိုးသားလည်း မူးယစ်ဆေးသုံးစွဲသူ တစ်ဉီးဖြစ်နေပြီး၊ အဲ့ဒီ မူးယစ်ဆေးဒဏ်ကြောင့် ဆန်၊ ဆီ၊ ဆား အပြင် အိမ်တွင်းရှိ လက်ဖက်ခြောက်အိတ်တွေ ခိုးယူတဲ့ အိမ်တွင်းသူခိုး အကြီးစားတစ်ဉီး ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ပါတယ်။

“အိမ်မှာရှိတဲ့ပစ္စည်း အကုန်ခိုးရောင်းပစ်တယ်။ ဆန်တွေကို သူမြင်တဲ့နေရာ မထားရဲဘူး၊ ဆီတွေတောင် သူတွေ့ရင် ခိုးရောင်းတယ်။ အိမ်မှာ ရှိတဲ့ လက်ဖက်ခြောက်အိတ်တွေလည်း အကုန်ကုန်ပြီ။ သူဆေးသုံးလာရင် ဘယ်အချိန် အသတ်ခံရမလဲ မသိဘူး။ တလောက ပိုက်ဆံမပေးလို့ ကျမကို ဓားနဲ့လိုက်ခုတ်သေးတယ်။ ဘေးလူတွေ ဝိုင်းဆွဲပြီး ထိန်းသိမ်းရေးစခန်း ပို့ပစ်လိုက်ကြတယ်” လို့ မကျော့က ဝမ်းနည်းတဲ့ လေသံနဲ့ ပြောဆိုလာပါတယ်။

ဒီလို မူးယစ်ဆေးဝါး သုံးစွဲပြီး စိတ်ကြွရူးသွပ်နေသူတွေက ကိုယ့်မိဘတွေ၊ ကိုယ့်အိမ်ထောင်ဖက် အမျိုးသမီးတွေကို ဓားနဲ့လိုက်ခုတ်နေတာ ရွာငံမြို့နယ်တင် မကပါဘူး။

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်မှာလည်း ယခုနှစ် ၂၀၂၅ ဖေဖော်ဝါရီလ အစပိုင်းမှာ သားဖြစ်သူက ဆေးကြောင်ပြီး မိဘနှစ်ပါးကို ဓားခုတ်သတ်တဲ့အမှု ရှိခဲ့ကြောင်းလည်း နမ့်စန်မြို့ ဒေသခံတွေက ပြောဆိုလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်စန်မြို့ အတွင်းမှာလည်း မူးယစ်ဆေးသုံးစွဲသူတွေ များလာတဲ့အပြင် နာမည်ကြီး ကလပ်၊ ဘားတွေ နဲ့ KTV တွေ လောင်းကစားရုံနဲ့ ပွဲလမ်းသဘင်တွေမှာ မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူ သုံးစွဲလာကြကြောင်း နမ့်စန်မြို့ ဒေသခံ အမျိုးသမီး တစ်ဉီးက ပြောလာပါတယ်။

“မူးယစ်ဆေးကို KTV တွေ၊ ဘားတွေမှာ ရောင်းတော့ ဘယ်လောက်ထိ လွယ်နေလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ပိုက်ဆံလည်း ရတာလွယ်သလို သုံးရတာလည်း လွယ်ကြတယ်။ ဒီမှာက လူငယ်တွေ စသုံးနေတယ်” လို့ ၎င်းအမျိုးသမီးက ဆိုပြန်ပါတယ်။

လက်ရှိမှာ ဆယ်ကျော်သက်အရွယ်ကစ သုံးစွဲလာပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ၊ မူးယစ်ဆေးဝါး ရရှိတဲ့နေရာတွေဟာ နမ့်စန်မြို့ ပြည်သူ့စစ် အသိုင်းအဝိုင်းတွေနဲ့ မကင်းတဲ့နေရာတွေ ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

နမ့်စန်မြို့မှာတော့ “WY” ယာဘဆေးပြားအပြင် Ketamine Hydrochloride အတိုကောက်အားဖြင့် ကေ ‘K’ လို့ ခေါ်ဆိုကြတဲ့ မူးယစ်ဆေးဝါး အဖြူရောင်အမှုန့်၊ Happy Water ဆိုတဲ့ ကော်ဖီအမှုန့် ပုံစံ ကော်ဖီအနံ့နဲ့ သစ်သီးအနံ့ စိတ်ကြွဆေးကို ပိုပြီး သုံးစွဲကြပါတယ်။

“မူးယစ်ဆေး ရောင်းနေသူနောက်က အာဏာရှိနေတဲ့သူလေ၊ ဖမ်းဖို့နေနေသာသာ ဒီတိုင်းလွှတ်ထားမှာပဲ။ လူငယ်တွေရဲ့ ရှေ့ရေးကို ရင်လေးတယ်” လို့ နမ့်စန်မြို့နေ သူက ဆိုပြန်ပါတယ်။

၂၀၂၄ ခုနှစ် မြန်မာဘိန်းစစ်တမ်း အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ ထုတ်လုပ်မှု အနည်းငယ် ကျဆင်းခဲ့ပေမယ့် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်တယ်လို့ ယမန်နှစ် ဒီဇင်ဘာလ ၁၂ ရက်စွဲနဲ့ UNODC က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးထဲမှာ သျှမ်းပြည်က ၈၈ ရာခိုင်နှုန်း အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ဖြစ်နေကြောင်း UNODC ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ခုနှစ်အတွင်း မြန်မာနိုင်ငံတဝှမ်း မြန်မာကျပ်ငွေ တစ်ဘီလီယံနဲ့အထက် မူးယစ်ဆေး ဖမ်းဆီးရပြီး၊ အဲ့ထဲမှာ စိတ်ကြွဆေးပြား အများဆုံးဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်အခြေအနေ၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကုန်သွယ်မှု မြင့်မားလာနေပြီး စိတ်ကြွဆေးနဲ့ ဘိန်းဖြူ ဖမ်းဆီးရရှိမှု သိသိသာသာ တိုးလာနေကြောင်း ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ ကလည်း ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ပြောဆိုလာပါတယ်။

ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်နေတဲ့ အဓိကလမ်းကြောင်းက တောင်တန်းပေါ် (သို့မဟုတ်) မဲခေါင်မြစ်ကို ဖြတ်ပြီး သယ်လာကြောင်း၊ အဲ့ဒီ သယ်ဆောင်လာတဲ့ထဲမှာ Methamphetamine မက်သဖက်သမင်း နဲ့ Ice အိုက်စ်တွေ ဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) ၏ ဒုတိယအတွင်းရေးမှူး Apikit Ch.Rojprasert က ပြောဆိုခဲ့ပါတယ်။

မူးယစ်ဆေးဝါး ရာဇ၀တ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ သျှမ်းပြည်နဲ့ ကချင်ပြည်နယ်မှာ အထူးဓာတ်ခွဲခန်းများ ထူထောင်ရန် ပြည်သူ့စစ်တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ထားကြောင်း ထိုင်းအာဏာပိုင်များက ဆိုပြန်ပါတယ်။

ဒီအချက်ကို ကြည့်ချင်းအားဖြင့် သျှမ်းပြည်အတွင်း မူးယစ်ဆေးဝါး ရောင်းနေတဲ့ ဂိုဏ်းတွေ၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ အာဏာပိုင်တွေ ရှိနေသရွေ့ သျှမ်းပြည်လူထုကိုလည်း မူးယစ်ဆေးဝါး အန္တရာယ်က ခြိမ်းခြောက်နေဦးမှာပါ။

“မူးယစ်ဆေးရောင်းနေတဲ့ ဂိုဏ်းအကြီးတွေ၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူ ရှိနေရင်တော့ ကျနော်တို့ လူငယ်တွေ အနာဂတ်က ရင်လေးနေရအုံးမှာပါ။ တရားဉပဒေ မရှိသရွေ့တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆင်ခြင်နေရမယ်” လို့ သျှမ်းပြည် တောင်ကြီးမြို့တွင် နေထိုင်တဲ့ စိုင်းသန်း က ထောက်ပြပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဒေသတွင်း တရားဥပဒေ စိုးမိုးမှု မရှိတဲ့ တိုင်းပြည်မှာတော့ မူးယစ်ဆေးဝါး ပပျောက်ဖို့ထက် ပိုကြီးထွားမလာအောင်ဘဲ ထိန်းချုပ်ရမှာဖြစ်ကြောင်းလည်း သူက ဆိုပြန်ပါတယ်။

“ကျနော်တို့ လူငယ်တွေကို မတော်လှန်နိုင်အောင် မူးယစ်ဆေးတွေ ပေါ်တင် ရောင်းနေတဲ့ သဘောပဲ။ မူးယစ်ဆေးသုံးရင် လူတွေက ထုံထိုင်းမယ်၊ တော်လှန်ချင်စိတ် မရှိကြတော့ဘူးလေ။ သူတို့လက်ခုပ်ထဲမှာပဲ နေဖို့ မူးယစ်ဆေးကို တမင်သက်သက် ဖြန့်နေတဲ့သဘော” လို့ စိုင်းသန်း က ပြောဆိုလိုက်ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ဖို့အတွက် လက်ရှိမှာတော့ အချင်းချင်းကြား ထိန်းသိမ်းဖို့နဲ့ လူငယ်တွေ အချင်းချင်းကြား မူးယစ်နွံထဲ မရောက်အောင် ဖေးမကူညီဖို့ အရေးကြီးကြောင်း၊ ကိုယ့်ပတ်ဝန်းကျင်မှာ မူးယစ်ဆေးသုံးစွဲမှု ကင်းစင်အောင် အချင်းချင်း ဝိုင်းဝန်းကူညီ သင့်ကြောင်းလည်း စိုင်းသန်းက တောင်းဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...

ချင်းရိုင်တွင် အသက် ၁၄ မှ ၁၆ အရွယ် မူးယစ်ဆေးသယ်ဆောင်သူ လူငယ် ၄ ဦးထပ်မံဖမ်းမိ

0
ချင်းရိုင်ခရိုင်၊ မယ်ချန် (Mae Chan) နယ်မြေအတွင်း ဆယ်ကျော်သက်လူငယ်များကို ဘတ်ငွေ ၁၂,၀၀၀ ဖြင့် ငှားရမ်းကာ မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသည့် သံသယရှိသူ ၄ ဦးနှင့်အတူ ဘတ်သန်းနှင့်ချီတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သိန်းကျော်နှင့် ကီတမင်း ၁၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ဇွန်လ ၈...

ချင်းမိုင်မြို့ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ပို့မည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အဝေးပြေးကားဂိတ်တွင် ဘန်ကောက်သို့ မှောင်ခိုတင်ပို့ရန် ပြင်ဆင်နေသည့် စိတ်ကြွဆေးပြား ၁.၈ သန်းကျော်ကို သံသယရှိသူ သုံးဦးနှင့်အတူ ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (မေလ ၁၄ ရက်) တွင် ချင်းမိုင်မြို့ မဲ့ပင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အမှတ် (၃) အဝေးပြေးကားဂိတ်၊...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...