သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာတွင် မန္တလေးသို့ ဆေးကုသွားသည့် ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
သေဆုံးသွားသူများသည် အသက် (၇၀)အရွယ်ရှိ ဒေါ်ကြင်ဟန်နှင့် သားဖြစ်သူ အသက်(၄၄)နှစ်အရွယ် ညီညီ နှင့် အသက် ၄၀ အရွယ်ရှိ တောင်ခေါင်းပွာကျေးရွာမှ အမျိုးသားတစ်ဉီး တို့သည် မတ် ၂၈ရက်တွင် မန္တလေးသို့ ဆေးသွားကု သွားသည့် လမ်း၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုဖြင့် ကြုံခဲ့ရသည်။
ထိုသို့သွားရာတွင် ဇွဲချယ်ရီယာဉ်လိုင်း အန်စာတုံးကားအမျိုးအစား၊ ခရီးသည် ၁၂ဉီးဆံ့ကားဖြစ်ကာ မန္တလေးသို့သွားချိန်တွင် ငလျင်လှုပ်ခတ်သည့်အချိန်ဖြစ်သဖြင့် ကားရပ်ပြီး လမ်းဘေးသို့ ထွက်ပြီးရှောင်နေစဉ် တိုက်ပိပြီး ခရီးသည် ၃ဉီး သေဆုံးခဲ့ကြောင်း အကြောင်းသိသော အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ အလောင်းတွေကိုတော့ မတ် ၃၀ ရက်မှာ ပြန်သယ်လာတာ။ အဲ့နေ့က သယ်လာပြီး သင်္ဂြိုဟ်လိုက်တာ။ အဲ့ထဲက သားအမိ နှစ်ယောက်အတွက် မနေ့က (ဧပြီ ၃)ရက်မှာ တရားနာတယ်။ သူတို့ သားအမိ က လမ်းဘေးမှာ တိုက်ပိပြီးဆုံးသွားတာ။ သူ့သားက သူ့အမေကို ဖက်ရင်းဆုံးသွားတာ။ ဘယ်သူမှ ကြိုမသိတဲ့ အရာဆိုတော့လေ ကံတရားပဲပေါ့။” ဟု ၎င်းအမျိုးသား ကပြောသည်။
ထို့အပြင် ရွာငံဒေသ၌ ငလျင်ဒဏ်ကြောင့် စေတီပုထိုးများ ၊ နေအိမ်အဆောက်ဦးများ ပြိုကျပျက်စီးခဲ့ပြီး သက်ကြီးရွယ်အိုများ မူးဝေ အော့အန်ခြင်းများ ဖြစ်ပေါ်နေကြသည်ဟု ၎င်းကဆက်ပြောသည်။

ဆက်လက်ပြီး ရွာငံဒေသ၌ ရေထွက်ဦးများ ရေခမ်းခြောက်ခြင်း ရေပြာအိုင် အရောင် ပြောင်းသွားခြင်း မြေကြီးများ ကွဲအက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ရွာငံဒေသခံ လူငယ် တစ်ဦးက ပြောသည်။
“ရေတွေလည်း အရောင်ပြောင်းကုန်ပြီ၊ ရေယူနေကြ ရေတံခွန်ကလည်း ဒီနှစ် ရေယူလို့ရပါ။ အုံးမလားတောင်မသိဘူး။ ရေတွေ ခမ်းကုန်ရင်တော့ ရေငတ်ရုံပဲ ရှိတယ်။ ခုတလော အရမ်းလည်း ပူလာတယ်။ ကုန်ဈေးနူန်းတွေကတက် အလုပ်ကရှားနဲ့ဆိုတော့ အဆင်မပြေနေပါဘူး။” ဟု အဆိုပါ လူငယ် တစ်ဦးက ပြောသည်။

ငလျင်ဒဏ်ကြောင့် သျှမ်းပြည်တောင်ပိုင်း အောင်ပန်းနှင့် အင်းလေးတွင် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး အင်းလေးဒေသတွင် ကူညီကယ်ဆယ်ရေးများ ၊စားနပ်ရိက္ခာ ၊ရေသန့်နှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေလျှက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ (၃၉,၁၁) ဦးရှိပြီး ဒဏ်ရာ ရရှိသူ(၅၉,၇၈) ဦးနှင့် ပျောက်ဆုံးသူ (၇၆၉) ဦးရှိကြောင်း DVB သတင်းဌာန ထုတ်ပြန်ချက်အရသိရသည်။












Leave a Comments