စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့က ပြိုကျပျက်စီးသွားသည့် Sky Villa Condo တွင်ပိမိပျောက်ဆုံးနေသော သမီးဖြစ်သူအား မူဆယ်ကမိဘများကလာရောက်စောင့်ဆိုင်းကာ ငိုကြွေးအားပေးစကားပြောဆိုနေသည့် ဗီဒီယိုဖိုင် လူမှုကွန်ယက်စာမျက်နှာတွင်ပျံ့လာသည်။
မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေး Sky Villa ကွန်ဒိုကြီးအောက် အသက် ၂၄ နှစ်အရွယ်မူဆယ်သူ နန်းခမ်းလဲ့(ခ)နန်းအေဌေး တစ်ယောက်လည်းပိမိနေသဖြင့် မူဆယ်မှ မိဘ နှစ်ဉီးက အပြိုအပျက်များရှေ့ရောက်လာပြီး သမီးဖြစ်သူအား – အားတင်းထားရန်နှင့် ကယ်ဆယ်ရေးသမားများလည်း ကူညီကယ်တင်နေကြောင်း ငိုကြွေးအော်ဟစ်နေခြင်းဖြစ်သည်ဟု နန်းအေဌေး၏မိသားစုဝင်တစ်ဉီးက သျှမ်းသံတော်ဆင့်အားပြောပါသည်။
“မူဆယ်ကနေ ရောက်လာတာ အဒေါ်က ။ ဒီကနေ့ ကယ်ဆယ်ရေးတွေနဲ့အတူ သူ့သမီးကို တနေကုန် သွားရှာနေတာ။ ဝိုင်းရှာပေးဖို့ ကယ်ဆယ်ရေးတွေကို အော်ငိုပြီးအကူအညီတောင်းတယ်။ သူ့သမီး အေဌေးကိုလည်း အိပ်ပျော်မသွားအောင်သတိနဲ့အားတင်းထားဖို့နဲ့ အားမငယ်ဖို့အော်ဟစ်ငိုယိုပြီးပြောတာ။ သူ့သမီးက အဲဒီကွန်ဒိုရဲ့ ၁၀ လွှာ မှာနေတာ။ ငလျင်လှုပ်တော့ တိုက်ပေါ်ကနေ ပြေးဆင်းချိန် တိုက်ပြိုကျသွားတာလေ” – ဟု ၎င်း၏ အစ်မဝမ်းကွဲဖြစ်သူ နန်းအွန်ခမ်းဟွမ်က ပြောသည်။

ပျောက်ဆုံးသူနန်းခမ်းလဲ့(ခ)နန်းအေဌေးသည် Sky Villa ကွန်ဒို တွင်အခန်းဝယ်ပြီး ပြောင်းရွှေ့နေထိုင်သည်မှာ မကြာသေးကြောင်း၊ ၎င်းနှင့်အတူ နေထိုင်သည့်အခန်းဖော်တစ်ဉီးကိုတော့ တိုက်ပြိုကြား မတ် ၃၀ရက်တွင် အသက်ရှင်လျှက် ပြန်လည်ကယ်ထုတ်နိုင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် ဆုံးသွားကြောင်း အစ်မဖြစ်သူက ပြောသည်။
အဆိုပါ ကွန်ဒိုတိုက်ခန်းတွင် သျှမ်းပြည်မြောက်ပိုင်းက ဒေသခံများ စစ်ဘေးတိမ်းရှောင်ကာ လာရောက်နေထိုင်နေသည်လည်းရှိကြောင်းအရေအတွက် အတိအကျတော့မသိရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ငလျင်ကြောင့် ပြိုကျသွားသော Sky Villa ကွန်ဒို တိုက်ခန်းသည် တိုက် ၃ တိုက်တွဲလျက်ရှိနေပြီး တစ်တိုက်လျှင် ၁၁ ထပ်ရှိသည်။
လက်ရှိတွင် ၂ တိုက်သည် လုံးဝ ပြိုကျပျက်စီးသွားပြီး ကျန်တစ်တိုက်မှာ ၅ ထပ်သာ မပျက်စီးဘဲကျန်နေသည်ကိုတွေ့ရသည်။ အဆိုပါတိုက်ခန်း တစ်တိုက်တွင် နေထိုင်သူ လူဉီးရေ ၂၀၀ ခန့်ရှိရာ ငလျင်ကြောင့် တိုက်ပြိုကျမှုအတွင်း လူဉီးရေ မည်မျှပိကျန်နေပြီး သေဆုံးနေသည်ကိုတော့ အတိအကျမသိရသေးပေ။

မတ် ၂၈ ရက်ကနေ မတ် ၃၀ ရက် ညနေပိုင်းအထိ Sky Villa ကွန်ဒို တိုက်ခန်းအပြိုအပျက်အတွင်း လူ ၃၇ ဉီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထိုသူများအနက် အသက်ရှင်လျှက် ၂၉ ဉီးရှိပြီး ၈ ဉီးမှာသေဆုံးသွားကြောင်း ၊ အမျိုးသမီး ၅ လောင်း နှင့် အမျိုးသား ၃ လောင်း ပါဝင်ကြောင်းကူညီကယ်ဆယ်ရေးအဖွဲ့က သျှမ်းသံတော်ဆင့်အားပြောပါသည်။
အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။












Leave a Comments