သျှမ်းပြည် သိန္နီမြို့မဈေးထဲ ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မသင်္ကာသူအဖြစ် ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။
မတ်လ (၁၂) ရက် ညပိုင်းတွင် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) ၌ ငါးခြောက်ရောင်းချသည့် အသက် (၅၀) ကျော် အမျိုးသမီးတစ်ဦးကို အမြဲရောင်းကူနေသည့် အခြားအမျိုးသမီးတစ်ဦးမှ ဓားပြတိုက်ပြီး တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
ယင်းနောက် မတ်လ (၁၃) ရက်တွင် လူသတ်မှုကျူးလွန်သည့် အသက် (၄၀) ကျော် အမျိုးသမီးကို ကိုးကန့်တပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ ဈေးအတွင်း နေထိုင်သည့် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦးကိုလည်း မသင်္ကာသူအဖြစ် ဖမ်းဆီးသွားခဲ့ရာ ရိုက်နှက်စစ်ဆေးနေစဉ် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဟိုနေ့က သိန္နီမြို့မဈေးထဲမှာ အသတ်ခံရတဲ့ကိစ္စ မသင်္ကာသူဆိုပြီး ဈေးထဲမှာ နေတဲ့ စည်ပင်ဝန်ထမ်းတစ်ဦးကို ဖမ်းခေါ်သွားတယ်။ အဲ့ဒီလူကို စစ်မေးတာ သေသွားတယ်၊ ဒီနေ့ သင်္ဂြိုဟ်တယ်”ဟု ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယခင်က သိန္နီမြို့ ကြာကန်အနီး မြို့တော်ခန်းမတွင် နေထိုင်ခဲ့ပြီး လက်ရှိ မြို့မဈေးအတွင်း ပြောင်းရွှေ့နေထိုင်သည့် အသက် (၅၀) အရွယ်ခန့် ၎င်းစည်ပင်ဝန်ထမ်း အမျိုးသားကို လူသတ်မှုအတွက် မသင်္ကာသူအဖြစ် MNDAA မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်စစ်ဆေးစဉ် တစ်ရက်အကြာတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“အရင် အဲ့ဒီလူက ကြာကန်နားမှာ နေတာ၊ ကိုးကန့်တွေက ဖယ်ခိုင်းတော့ ဈေးထဲကို ရောက်လာတာ။ အမှိုက်ကားမောင်း အမှိုက်သယ်တဲ့သူ အရမ်းအေးတယ်။ ဈေးထဲမှာနေတော့ သူ့ကို မသင်္ကာသူဆိုပြီး ဖမ်းခေါ်သွားတာ တစ်ရက်ပဲကြာတယ် ရိုက်စစ်တာ သေသွားတယ်”ဟု ၎င်းဒေသခံ အမျိုးသမီးက ထပ်လောင်းပြောသည်။
သိန္နီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဓားပြတိုက်ခံရပြီး ရိုက်နှက်ဒဏ်ရာဖြင့် လူသေဆုံးမှု၊ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခံရပြီး သေဆုံးမှုများအတွက် သျှမ်းသံတော်ဆင့်မှ ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူများထံ ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
အလားတူ မတ်လ (၁၃) ရက်ကလည်း သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် ကြံသွားပို့ရင်း လားရှိုး-သိန္နီ အစပ်ရှိ မိုင်းပါးကျေးရွာအုပ်စု ပန်ဖိတ်ကျေးရွာအနီး ကားပျက်၍ ညအိပ်စောင့်နေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး နှစ်ဦးစလုံး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဦးဆောင်မှုဖြင့် တရုတ်နှစ်သစ်ကူး ကာလမှ စ၍ တပေါင်းပွဲအချိန်ထိ ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းများကို အဆက်မပြတ် ဖွင့်လှစ်ခွင့် ပြုထားခြင်းကြောင့် ခိုးဆိုးလုနှိုက်နှင့် ဓားပြတိုက်မှု အန္တရာယ်အပြင် လုံခြုံရေး စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုသည်။
ပုံ(၁) – သိန္နီမြို့ဝင်ဆိုင်းဘုတ်












Leave a Comments