MNDAA စစ်ဦးစီးမှူးများကို တရုတ် အရေးပေါ်ခေါ်တွေ့၊ စစ်ကောင်စီနှင့် မကြာမီ ထပ်မံဆွေးနွေးမည်

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA ၏ ခရိုင်စစ်ဦးစီးမှူးများကို တရုတ်အာဏာပိုင်များ အရေးပေါ် ခေါ်ယူတွေ့ဆုံနေပြီး စစ်ကောင်စီနှင့်လည်း မတ်လ (၂၂) ရက်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၁၃ ရက်) မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ဖွဲ့စည်းသတ်မှတ်ထားသည့် ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နှင့် မုံးကိုးခရိုင်တို့မှ စစ်ဦးစီးမှူးများကို တရုတ်အာဏာပိုင်များမှ ကူမင်းမြို့သို့ အရေးပေါ် ခေါ်ယူတွေ့ဆုံနေသည်။

ထို့အတူ စစ်ကောင်စီနှင့် MNDAA တို့လည်း မတ်လ (၂၂) ရက်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ရာ စစ်ကောင်စီနှင့် မတွေ့ဆုံခင်စပ်ကြား ကြိုတင်ဆွေးနွေးခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခရိုင်စစ်ဦးစီးမှူးတွေကို တရုတ်က အရေးပေါ်ဆိုပြီး ခေါ်တွေ့နေတယ်၊ မနေ့ကမှ သွားကြတယ်။ ဘာတွေ ဆွေးနွေးမယ် ဆိုတာကတော့ မသိရသေးဘူး။ ကြည့်ရတာ ဒီလ ၂၂ ရက်နေ့ စစ်ကောင်စီနဲ့ ထပ်တွေ့မယ့် ဆွေးနွေးပွဲအတွက် ဖြစ်မယ်ထင်တယ်။ တရုတ်က ဘာတွေ ကြိုတင်ဆွေးနွေးမလဲ၊ ခေါ်သွားပြီး ပြန်မလွှတ်တော့ဘူးလား ဆိုတာလည်း မပြောတတ်ဘူး”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံ(၁) – စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်၌ တွေ့ဆုံနေစဉ်

၎င်းတွေ့ဆုံမှု မတိုင်ခင် မတ်လဆန်းမှ စတင်ပြီး လားရှိုးမြို့မှ ကိုးကန့်တပ်သား အင်အားအများအပြား စစ်လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး သိန္နီမြို့ဘက်သို့ မျက်နှာမူ၍ ချီတက်သွားခဲ့ခြင်းကြောင့် ယခင်က သတင်းထွက်ပေါ်ခဲ့သည့်အတိုင်း ဇွန်လမတိုင်မီ လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်များ အသုတ်လိုက် ဆုတ်ခွာသွားမည်ကို ဒေသခံများက စိုးရိမ်နေပြီး စစ်ကောင်စီနှင့် တိုက်ပွဲထပ်မံ ဖြစ်ပွားလာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

သို့သော် လားရှိုးမြို့မှ MNDAA တပ်ဆုတ်ခြင်းမျိုး မဟုတ်ဘဲ ပုံမှန် တပ်အပြောင်းအရွှေ့ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သီပေါမြို့နယ် နောင်အန်ကျေးရွာအုပ်စုနှင့် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုတွင်လည်း MNDAA ဘက်မှ ကတုတ်ကျင်း ခံတပ်များ အခိုင်အမာ တပ်စွဲထားဆဲဖြစ်ကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့အပြင် လာမည့် မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဒေသခံများမှ ဦးဆောင်၍ တရုတ်နိုင်ငံ ဘေဂျင်းအစိုးရကို ဆန္ဒထုတ်ဖော်ပြီး မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အားလုံးကို ဖိအားပေးခြင်း မပြုလုပ်ရန် စသည့် အချက်များကို တောင်းဆိုသွားမည်ဟု ဒေသခံများက ပြောဆိုသည်။

လားရှိုးမြို့ MNDAA လုံခြုံရေး

“ဒေသခံတွေပဲ ဦးဆောင်ပြီးတော့ တရုတ်အစိုးရကို ဆန္ဒပြမှာ။ တရုတ် ဘေဂျင်းအစိုးရက မြန်မာနိုင်ငံ ပြည်တွင်းရေး ကိစ္စအရပ်ရပ်ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ဖို့ပေါ့။ ညီနောင်မဟာမိတ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို တရုတ်အစိုးရဘက်က ဝင်ရောက်စွက်ဖက်တာ မလုပ်ဖို့၊ ဘယ်လို ဖိအားမျိုးမှ မပေးဖို့ ဒီအချက်တွေ ဆန္ဒထုတ်ဖော်သွားမယ်”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသခံများ၏ ကြွေးကြော်သံ၊ တောင်းဆိုသံများကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာဖြင့် ရေးသားပြီး လမ်းလျှောက်ချီတက်၍ ဆန္ဒထုတ်ဖော်မည်ဟု ကနဦး သိရှိရပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ကိုလည်း အသိပေး အကြောင်းကြားထားကြောင်း သိရသည်။

သို့သော် လားရှိုးဒေသခံများမှ တရုတ်ဘေဂျင်းအစိုးရကို ဆန္ဒပြရန် လုပ်ဆောင်မည့်အပေါ် အမြင်သဘောထား အမျိုးမျိုး ကွဲပြားနေပြီး တရုတ်အစိုးရ၊ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ ပြဿနာအကြား လူထုအသုံးချခံ ဖြစ်သွားမည်ကို စိုးရိမ်ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုသည်။

“တရုတ်၊ SAC နဲ့ ကိုးကန့်တပ်ကြားက ပြဿနာကို လူထုအသုံးချပြီး ကိုင်တွယ်ဖြေရှင်း တာမျိုးဆိုရင်တော့ ဒါကို လုံးဝကန့်ကွက် ရှုတ်ချသင့်တယ်။ အဖွဲ့အစည်း တစ်ခုခုကနေ ဖိအားပေး လုပ်ခိုင်းတာ မဟုတ်ရင်တောင်မှ ပြည်သူတွေကတော့ အာဏာရှင် မဆန်ဘဲ၊ စစ်ရေးအမိန့်ကနေ ဆင်းသက်လာတာ မဟုတ်ဘဲ ပြည်သူအုပ်ချုပ်တဲ့ အစိုးရမျိုးကို လိုချင်ကြတာ”ဟု သျှမ်းပြည် နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

ရုရှားနှင့် ဘီလာရုစ်နိုင်ငံမှ ပြန်ရောက်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက မတ်လ (၁၀) ရက်နေ့တွင် နေပြည်တော်၌ လာရောက်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ အွန်လိုင်းကျားဖြန့် ပပျောက်ရေးနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...