သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (မတ် ၁၄)ရက် မနက် ၈နာရီခွဲကျော်တွင် တန့်ယန်းမြို့ ရပ်ကွက် (၆) ၊ မိုးဆန်းပန်း ပန့်ဆီဆိုင် အရှေ့တွင် ကားနှင့် ဆိုင်ကယ် တိုက်မိရာမှ အမျိုးသမီး တစ်ဉီး ဒဏ်ရာရရှိပြီး ကလေး နှစ်ဉီး သေဆုံးခဲ့ကြောင်း တန့်ယန်းမြို့ အရန်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကားနဲ့ဆိုင်ကယ်တိုက်မိတာ။ကလေး နှစ်ဉီးနဲ့ သူ့အမေက ဆိုင်ကယ်နဲ့ပါ။အကြီးတယောက်ကတော့ ပွဲချင်းပြီးသေတယ်။နောက်ကလေးတယောက်ကတော့ ဒဏ်ရာမရှိဘူး၊ နံရိုးကျိုးသွားတာထင်တယ်၊ ဆေးရုံမှာ ဆုံးတာ၊ အမေကတော့ အခုထိ သတိလစ်နေတုန်း” ဟု ၎င်းက ဆိုသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ကလေးသည် အသက် ၁၀နှစ်အရွယ်နှင့် အသက် ၇နှစ်အရွယ်ရှိ ကလေးဖြစ်ပြီး၊ အသက် ၁၀နှစ်အရွယ် ကလေးသည် ဉီးခေါင်းဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။

လက်ရှိ ကလေးနှစ်ဉီး၏ မိခင်သည် တန့်ယန်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားသည်။
တန့်ယန်းပြည်သူများအနေဖြင့် ဆိုင်ကယ်မောင်းနှင်ချိန် ဆိုင်ကယ်ဉီးထုတ်ဆောင်းရန်၊ လမ်းကြော ကိုလည်း ကောင်းမွန်စွာ နားလည်ရန် လိုအပ်ကြောင်း တန့်ယန်းဒေသခံ အမျိုးသားတစ်ဉီးက ပြောသည်။
“ ဆိုင်ကယ်မောင်းရန် ဉီးထုတ်ဆောင်းပါ။ ဖြစ်သလိုမစီးပါနဲ့။ ဟိုရက်ကလည်း ကားတိုက်ပြီး သေတာရှိတယ်။အသက်မပြည့်ဘဲ ဆိုင်ကယ်တွေ ကားတွေ မောင်းနေကြတာ။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလည်း မသိကြ” ဟု ၎င်းက ပြောသည်။
တန့်ယန်းမြို့တွင် ယာဥ်စည်းကမ်း/လမ်းစည်းကမ်းကို စနစ်တကျမလိုက်နားသဖြင့် နေ့စဉ်နီးပါး ယာဉ်တိုက်မှုများဖြစ်ပွားနေပြီး သေဆုံးမှုလည်း မကြခဏဖြစ်လေ့ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနစ်တ ဇူလိုင်လ စပြီး တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့က ဝင်ရောက်ထိန်းချုပ်ပေးခဲ့ပြီး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ လည်း သွားလာလှုပ်ရှားနေသည့် ဒေသတစ်ခုလည်းဖြစ်သည်။












Leave a Comments