စစ်ကျန်လက်နက် ရှာကောက်ပြီး ဝမ်းရေးဖြေရှင်းနေရသည့် “၁၀၂၇ စစ်ဆင်ရေး”နယ်မြေက ပြည်သူများ

သျှမ်းပြည်မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့သော သီပေါနှင့် သိန္နီမြို့နယ်ရှိ ပြည်သူများသည် စစ်လက်နက် အကြွင်းအကျန်များကို ရှာဖွေကောက်ယူပြီး ပြန်လည်ရောင်းချကာ မိသားစု ဝမ်းရေးအတွက် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သီပေါမြို့နယ်ရှိ ပြည်သူများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပွားနေသဖြင့် စစ်လက်နက် အကြွင်းအကျန်များကို ရှာဖွေကောက်ယူပြီး နယ်မြေအတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထံ ပြန်လည်ရောင်းချနေကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်ပြီးနောက်တော့ ဒေသခံတွေလည်း အလုပ်အကိုင် မရှိကြဘူး။ ရှိတဲ့အလုပ်နဲ့ ဝမ်းရေးကို ဖြေရှင်းကြတာပေါ့။ စစ်ကျန်လက်နက်တွေ၊ ဗုံးတွေ အသက်အန္တရာယ် ထိခိုက်နိုင်တာကို သိသိရက်နဲ့ ကောက်ပြီး လက်နက်ကိုင်တွေဆီ သွားရောင်းတယ်။ မြေမြှုပ်မိုင်းတွေ၊ မပေါက်သေးတဲ့ ဗုံးတွေ ကောက်ပြီး ကြိုက်တဲ့ လက်နက်ကိုင်တွေဆီ သွားရောင်းလို့ရတယ်၊ သူတို့ ဈေးများများပေးပြီး ပြန်ဝယ်တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

ထိုစစ်လက်နက် အကြွင်းအကျန်များကို အမျိုးအစားပေါ် မူတည်ပြီး စျေးကောင်းပေး ဝယ်ယူနေကြောင်း၊ ထိုစစ်ကျန်ပစ္စည်းများကို ကောက်ယူပြီး ပြန်လည်ရောင်းချရာတွင် အနည်းဆုံး ကျပ်ငွေ (၁၅)သိန်းခန့် စတင်ရရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

စစ်လက်နက် အကြွင်းအကျန်များတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးများ၊ ဗုံးများနှင့် မြေမြှုပ်မိုင်းများ ပါရှိသကဲ့သို့ ပေါက်ကွဲပြီးသည့် စစ်လက်နက်ပစ္စည်း အပိုင်းအစများကိုလည်း စစ်ကောင်စီ တပ်စခန်းဟောင်းအနီး သွားရောက်ရှာဖွေ ကောက်ယူပြီး ဝမ်းစာရှာနေရသည်။

“ဒေသခံတွေလည်း ဈေးကောင်းရတော့ အသက်အန္တရာယ်တွေ များနေပါစေ၊ အသက်ရင်းပြီးကို ရှာပြီး သွားရောင်းကြတယ်။ အနည်းဆုံးဈေးက ၁၅ သိန်းဝန်းကျင်တောင် ရှိတယ်။ ဒါက ကောက်ရတဲ့ အမျိုးအစားပေါ် မူတည်တာပေါ့။ ဈေးကောင်းရမှန်းသိလို့ ကလေး လူငယ်တွေက အစ လိုက်လုပ်ကြတယ်”ဟု သီပေါဒေသခံ ၎င်းအမျိုးသားက ပြောသည်။

၎င်းစစ်လက်နက် အကြွင်းအကျန်များကို ရှာဖွေကောက်ယူပြီး နေအိမ်သို့ သယ်ယူလာကာ ပေါက်ကွဲခြင်းကြောင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာရပြီး အသက်ဆုံးရှုံးသွားသူများလည်း ရှိလာကြောင်း သီပေါ ဒေသခံများက ပြောသည်။

သီပေါမြို့နယ် ကုံးစုံကျေးရွာရှိ မိသားစုတစ်စုသည် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကို ရှာဖွေကောက်ယူပြီး ပြန်ရောင်းစားရန်အတွက် နေအိမ်ထဲ သိမ်းထားရာ ဖေဖော်ဝါရီလ (၂၁) ရက် နံနက်ပိုင်းအစောပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဉီး အပါအဝင် (၂) ဉီး သေဆုံးကာ မိသားစုဝင် (၃)ဉီးနှင့် ကလေးတစ်ဉီး ဒဏ်ရာပြင်းထန်ခဲ့သည်။

အလားတူ သီပေါမြို့နေ အခြားကလေးငယ်တစ်ဉီးလည်း မပေါက်ကွဲသေးသည့် ဗုံးကို ရောင်းစားရန်အတွက် ကောက်ယူလာရာ အိမ်အပြန်လမ်းတွင် ၎င်းကောက်ယူလာသော ဗုံးပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ပြန်ရောင်းစားနိုင်တယ် ဆိုတဲ့သတင်းကြောင့် အသက်သေတဲ့ လူတွေလည်း မနည်းတော့ဘူး၊ ကလေးတွေကအစ သေနေရတာ။ ဒီအချိန်က ဝမ်းရေးအတွက်ဆိုတော့ အသက်ပါပေးပြီး ရှာစားနေရတယ်” ဟု သီပေါမြို့မှ ပရဟိတ ကူညီလုပ်ဆောင်နေသူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင်လည်း မြေမြှုပ်မိုင်း၊ စစ်လက်နက် အကြွင်းအကျန် ပစ္စည်းများကို ကောက်ယူပြီး ပြန်လည်ရောင်းချနေသူများ ရှိကြောင်း သိန္နီမြို့ဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။

“သိန္နီမှာလည်း လက်နက်ကိုင်တွေက မြေမြှုပ်မိုင်းတို့၊ မပေါက်သေးတဲ့ ဗုံးတွေဆို သူတို့ ပြန်ဝယ်တယ်။ ပစ္စည်း အမျိုးအစားပေါ် မူတည်တယ်။ အခြေခံလူတန်းစားတွေဆို ပိုလုပ်တယ် ပြောရမယ်။ အဓိက ဝမ်းရေးအတွက် လုပ်ကြတယ်။ အသက်အန္တရာယ် ကြားကနေ ဝမ်းရေးဖြေရှင်းဖို့အတွက် လုပ်နေကြတယ်”ဟု သိန္နီမြို့ဒေသခံ ၎င်းအမျိုးသမီးက ပြောသည်။

အဆိုပါ ကောက်ယူလာသည့် စစ်လက်နက် အကြွင်းအကျန်များကို သိန္နီမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်း(ပလောင်) တပ်ဖွဲ့ TNLA နှင့် သျှမ်းတပ် SSPP/SSA တို့ထံ သွားရောက် ရောင်းချပေးနိုင်ကြောင်း နယ်မြေဒေသခံများ ပြောပြချက်အရ သိရသည်။

ထိုကဲ့သို့ အန္တရာယ်များပြီး အသက်ပါ ဆုံးရှုံးနိုင်သည့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို ဝယ်ယူနေသည့် လက်နက်ကိုင်တပ်များ အနေဖြင့် ပြည်သူများ၏ ဘဝကို ပြန်သတ်နေသည့် သဘောဖြစ်ကြောင်း သီပေါဒေသခံများက ပြောဆိုလိုက်သည်။

“အခုက လက်နက်ကိုင်တွေ နယ်မြေမရှင်းလင်းပေးတဲ့အပြင် ပြည်သူတွေ ကောက်ယူလာတဲ့ ဗုံးတွေ လက်နက်ကြီးတွေကို ပြန်ဝယ်တယ်ဆိုတာ မဖြစ်သင့်ဘူး။ လုပ်စားရခက်တော့ ကြုံရာလုပ်ကြမှာပဲ။ အခုဆိုရင် ကလေးတွေကအစ သေနေရပြီ”ဟု ၎င်းဒေသက ဆိုပြန်သည်။

လက်ရှိတွင် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီကြား စစ်ရေးပဋိပက္ခ ငြိမ်သက်နေသော်လည်း မိုင်းရှင်းလင်းရေးကို မည်သည့် တပ်ဖွဲ့မှ တာဝန်ယူဖြေရှင်းပေးခြင်း မရှိသည့်အပြင် ပျက်စီးသွားသည့် ပြည်သူနေအိမ်များကိုလည်း တာဝန်ယူ ပြန်လည်မွမ်းမံပေးခြင်း မရှိကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၄ ဇန်နဝါရီမှ စက်တင်ဘာလအထိ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူများတွင် သျှမ်းပြည်မှ ၂၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဖြစ်ရပ်စုစုပေါင်း (၁၄၀) ကြိမ် ရှိခဲ့ကာ အမျိုးသမီးနှင့် ကလေး အပါအဝင် သေဆုံးသူ (၂၂) ဦး၊ ဒဏ်ရာရသူ (၁၉၉) ဦး၊ ထိခိုက်ခံစားရသူ စုစုပေါင်း (၂၂၁) ဦးရှိကြောင်း UNICEF ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အဆိုးရွားဆုံး ရင်ဆိုင်နေရပြီး ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ယူကရိန်းနိုင်ငံတို့ကို ကျော်တက်ကာ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်လာကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...