သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် အွန်လိုင်း လောင်းကစားများကို ဖမ်းဆီး စစ်ဆေးမှုကြမ်းနေကြောင်း သတင်းရရှိသည်။
တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များက ကြိုတင်အသိပေးမှုများ ပြုလုပ်ပြီး ဖေဖော်ဝါရီလ ၆ ရက် မှစတင်၍ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံ သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သူတို့ က အွန်လိုင်းလောင်းကစားဂိမ်းတွေနဲ့ ပတ်သတ်တဲ့ နေရာတွေ အကုန်လုံးနီးပါးကို လိုက်စစ်ပြီး ဖမ်းနေတာ။ တချို့အဲ့ဒါတွေနဲ့ ပတ်သက်တဲ့ KTV တွေတောင် ပိတ်ထားရတာ။ အဲ့အလုပ်တွေက လက်ရှိမှာ ပိတ်တယ် ဆိုတာထက် အခုက တရုတ်တွေ အများစုကလည်း လာအိုနိုင်ငံထဲကို ပြေးနေကြတာ။ အလုပ်တွေကတော့ ရပ်ထားတုန်း ၄ ရက်လောက်ရှိပြီ”ဟု ၎င်းသတင်းအရင်းမြစ်က ပြောသည်။

အလားတူ တာချီလိတ်မြို့အတွင်းရှိ လောင်းကစားဂိမ်းများဖြစ်သည့် ငါးခုံဂိမ်းဆိုင်များနှင့် KTV အချို့လည်း ပိတ်ထားရကြောင်း အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
“ကျမတို့လုပ်နေတဲ့ ဒီငါးပစ်ခုံတွေတောင် ပိတ်ထားတာ ၄ ရက်လောက်ရှိပြီ။ အစတော့ ၁ လ လောက် ပိတ်မယ်လို့တော့ သူဌေးက ပြောတယ်။ ဒါပေမဲ့ တချို့ဆိုင်တွေကလည်း ဒီ ၃ ရက်အတွင်းမှာ ပြန်ဖွင့်မယ်လို့ ပြောတယ်။ အခုကတော့ အကုန်လုံးနီးနီး ပိတ်ထားတယ်”ဟု ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားဂိမ်းများကို လုပ်ကိုင်နေသူ အများစုသည် မြဝတီမှ ပြန်လာသူများဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ထိုင်းနိုင်ငံမှ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့အပါအဝင် နယ်စပ်မြို့များကို လျှပ်စစ်မီးဖြတ်တောက်ပြီးနောက် တာချီလိတ်မြို့တွင် လာအိုမှ သွယ်တန်းထားသည့် လျှပ်စစ်မီးကို အသုံးပြုခဲ့သည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက် လျှပ်စစ်မီး ဖြတ်တောက်ပြီးနောက် တာချီလိတ်မြို့နယ်တွင် လာအိုလျှပ်စစ်မီး အသုံးပြုမှု (၁၃) မဂ္ဂါဝပ်မှ (၂၇) မဂ္ဂါဝပ်အထိ ရုတ်တရက် တိုးမြှင့်သုံးစွဲလာကြောင်း သိရသည်။
ထိုသို့ သုံးစွဲမှုကြောင့် လာအိုအစိုးရ၏ လျှပ်စစ်ဌာနမှ ဖေဖော်ဝါရီလ (၇)ရက်တွင် လျှပ်စစ်ဓါတ်အား ပေးပို့မှုကို (၁၃) မဂ္ဂါဝပ်ထိ ကန့်သတ်လျှော့ချခဲ့ပြီး မြန်မာနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူများကို အလွဲသုံးစားပြုမှု ရှိ၊မရှိ စစ်ဆေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်း လာအိုလျှပ်စစ်ဓါတ်အား ရောင်းချရေးအတွက် ၂၀၂၁ ခုနှစ်တွင် လာအိုလျှပ်စစ်လုပ်ငန်း နှင့် မြန်မာဘက်က အသိအမှတ်ပြုထားသည့် ပုဂ္ဂလိကကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး ၂၀၂၂ ခုနှစ် မေလတွင် စတင်ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။












Leave a Comments