Thursday, April 25, 2024

တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် ပြည်သူများ အသက်ရှုကြပ်

Must read

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်သထုံ ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံ ကြောင့် ပြည်သူများ အသက်ရှုကြပ်နေကြောင်း သတင်းသိရသည်။

တာချီလိတ် ကျောက်မီးသွေးသုံးထုံးဖိုစက်ရုံ

ယခု မတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ပြန်လည်ထွက်လာခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အသက်ရှုကြပ်သည့်အပြင် ခေါင်းကိုက်ဝေဒနားများလည်း ခံစားနေရကြောင်း လွယ်သထုံ ကျေးရွာ အုပ်စုနေ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အနံ့က ပြင်းလွန်းတယ်၊ ပလက်စတစ်အမှိုက်တွေ၊ သားရေးကွင်းတွေကို မီးရှို့သလို အနံ့ဆိုးဆိုးတွေ ရတယ်၊ ကျမတို့က ညညဆို အိပ်တောင် မပျော်နိုင်ဘူး၊ လေတိုက်လာရင် ရင်ဘတ်တွေတောင်အောင့်တယ်၊ အသက်ရှု ရလည်း ခက်တယ်” ဟု အသက် ၅၀ ဝန်းကျင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အနံ့ဆိုးထွက်သည့် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် တာဝန်ရှိသူများ၏ စစ်ဆေးမှုကြောင့် လုပ်ငန်းကို ယာယီရပ်နားခိုင်းခဲ့သော်လည်း လက်ရှိတွင်အနံ့ဆိုးများ ပြန်လည် ထွက်လာခြင်း ဖြစ်ကြောင်း လွယ်သထုံ ကျေးရွာက အမျိုးသား တစ်ဦးက ပြောသည်။

အနံ့ဆိုးထွက်သည့်ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ

အဆိုပါ အနံ့ဆိုးသည် လွယ်သထုံ ကျေးရွာအပြင် အနီးပတ်ဝန်းကျင်ရှိ ဝိန်းဝရွာ၊ ဖာတီမာကုန်းရွာ နှင့် မိုင်းဟဲကျေး ရွာ အုပ်စုမှ ယမ်းခေါင်ရွာ၊ ပန်စလိရွာ တို့မှ ဒေသခံ ရွာသားများသည် အသက်ရှု ကြပ်ခြင်း၊ ခေါင်းမူး/ကိုက် ဝေဒနာ ခံစားရခြင်းတို့ ကြုံတွေ့နေရကြောင်း မိုင်းဟဲကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

“ကျနော်တို့ ဒီအနံ့ဆိုး ပြန်ရတာ တစ်လနီးပါး ရှိပါပြီ၊ အရင်ကတော့ သိပ်မပြင်းဘူးပေါ့။ ဒီတစ်ပတ်အတွင်းမှာ အနံ့ဆိုးတွေက ပိုဆိုးလာတာ၊ ကလေးတွေဆို ဖျားတောင်ဖျားတယ်။ ရင်ဘတ်တွေအောင့်တယ်။ တချို့ သက်ကြီး ရွယ်အိုတွေဆိုလည်း ချောင်းဆိုးကြတယ်၊” ဟု မိုင်းဟဲကျေးရွာအုပ်စုမှ ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

အနံ့ဆိုးထွက်သည့်ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံ

ထို့အပြင် ယင်းအနံ့ဆိုးသည် တာချီလိတ်မြို့ပေါ် ရပ်ကွက်များ နှင့် ထိုင်းနိုင်ငံဘက်ခြမ်း အထိပါ သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်စစ်ဆေးပေးရန်လည်း ထိုင်းဘက်ခြမ်းက တောင်းဆိုထားသည်။

တာချီလိတ်ဒေသရှိ ပြည်သူများကမူ မြန်မာ အစိုးရ၏ လုပ်ဆောင်ချက် စစ်ဆေး အရေးယူမှုများ ထိရောက်မှု မရှိသည့်အတွက် ထိုင်းဘက်ခြမ်းမှ တာဝန်ရှိသူများ လာရောက်ကူညီ ဆောင်ရွက်ပေးရန် တောင်းဆိုလိုကြောင်း လည်း ပြောဆိုထားသည်။

ထိုအနံ့ဆိုးများ ရှူရှိုက်မိပါက ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း၊ အသက်ရှူလမ်း ကြောင်း ကြပ်ခြင်း၊ ဦးနှောက်အကြိတ် ဖြစ်လာနိုင်ခြင်းနှင့် ကင်ဆာရောဂါဖြစ်လာနိုင်ခြင်း စတဲ့ ဆိုးကျိုးများရှိနိုင် ကြောင်းလည်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article