တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အထိမ်းအမှတ် ငြိမ်းချမ်းရေးကျောက်တိုင်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) က မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာ၌ ယနေ့ (ဖေဖော်ဝါရီလ ၆ ရက်)တွင် ဖွင့်လှစ်လိုက်သည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားဆာလေးကျေးရွာတွင် ကျင်းပနေသည့် ဖေဖော်ဝါရီ (၇) ရက်တွင် ကျရောက်မည့် (၇၈) ကြိမ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနား ဖွင့်ပွဲနှင့်အတူ NCA ကျောက်တိုင် ဖွင့်ပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ် ကိုယ်တိုင် တက်ရောက်လာခဲ့သည်။

ယခုဖွင့်လှစ်ခဲ့သည့် NCA ကျောက်တိုင်ကို ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာလ (၁၁) ရက်တွင် စတင်၍ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်ကာ ဆောက်လုပ်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီလ (၁၉) ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း RCSS သတင်းများ ထုတ်ပြန်နေသည့် Tai Freedom မီဒီယာ ဖော်ပြချက်အရ သိရသည်။
NCA ကျောက်တိုင်ရှေ့တွင် NCA လက်မှတ်ရေးထိုးခဲ့စဉ်က အသိသက်သေအဖြစ် ပါဝင်ခဲ့ကြသည့် ကုလသမဂ္ဂ UN ၊ ဥရောပသမဂ္ဂ EU ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့၏ အလံများကိုလည်း လွှင့်ထူထားသည်။
အလားတူ (၇၈) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ သမိုင်းပြခန်းနှင့် ငြိမ်းချမ်းရေးပွဲတော်ကိုလည်း ယမန်နေ့ (ဖေဖော်ဝါရီ ၅ ရက်) တွင် စတင်ဖွင့်လှစ်ခဲ့ရာ ဒေသခံပြည်သူ အများအပြား ပါဝင်ဆင်နွှဲနေသည်။

ယမန်နှစ် ၂၀၂၄ မတ်လတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ (7 NCA-S EAO) တို့၏ မျက်နှာစုံညီ အစည်းအဝေးပြီးနောက် စုဖွဲ့မှုပုံစံအသစ်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၎င်း 7 EAO Alliance တွင် အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က တာဝန်ယူထားပြီး ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေး လုပ်ငန်းစဉ် တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။












Leave a Comments