သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နဲ့ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတို့အကြား စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး တိုက်ပွဲများ ပြင်းထန်မှုကြောင့် ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အဲ့ဒီတိုက်ပွဲတွေကြောင့် ပင်လောင်းမြို့နယ် ကျေးရွာဒေသခံထောင်နဲ့ချီ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်း ဘေးလွတ်ကင်းရာကို နိုဝင်ဘာလ ပထမပတ်မှ စပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ ရပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်နေပေမဲ့ ဒေသခံများကလည်း နေရပ်ပြန်လို့မရသေးသလို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က နေရပ်ပြန်သွားတဲ့ အမျိုးသားတွေကို စစ်သင်တန်းပေးပြီး ရွာအတွင်းမှာ ကင်းစောင့်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပင်လောင်းမြို့နယ် ဗန်းမောက်၊ ကုန်းပေါ၊ နောင်ဝိုးကျေးရွာမှာ တိုက်ပွဲတွေကြောင့် ညောင်ရွှေမြို့နယ် နယ်စပ်ကို (၁) လ ကျော်ကြာ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် (၁) ထောင်ဝန်းကျင်က လက်ရှိမှာ ဘယ်လိုနေထိုင် စားသောက်နေရလဲ၊ ဘာတွေ လုပ်ကိုင်နေရလဲဆိုတာကို စစ်ဘေးရှောင်ကူညီသူလည်းဖြစ်၊ ကိုယ်တိုင်လည်း စစ်ဘေးရှောင်နေရသည့် အသက် (၄၀) အရွယ်ရှိ ကိုချမ်းအေး ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်အိုက် က ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး ။ ။ ကိုချမ်းအေးတို့က လက်ရှိ ဘယ်မြို့နယ်မှာ စစ်ဘေးရှောင်နေရလဲ။ ဘယ်ကနေ ရှောင်လာတာကြလဲ။ နောက်ပြီး လက်ရှိ အစ်ကိုတို့ စစ်ဘေးရှောင် အခြေအနေ ကို ပြောပြပေးပါဉီး ခင်ဗျ။
ဖြေ ။ ။ လက်ရှိမှာတော့ ကျနော်တို့ ရောက်နေတာ ညောင်ရွှေ-ပင်လောင်းနယ်စပ်က စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန်ရွာကို ရောက်နေတာပါ။ ကျနော်တို့က ပင်လောင်းမြို့နယ် ဗန်းမောက်၊ ကုန်းပေါ၊ လွယ်ဝိုးရွာ ကနေ ပြေးလာတဲ့လူတွေပါ။
ရှောင်လာတုန်းတဲ့ စစ်ရှောင် လူဦးရေ စုစုပေါင်း တစ်ထောင်ဝန်းကျင် ရှိတယ်။ အမျိုးသမီးနဲ့ ကလေးတွေ ပိုများတယ်။ စစ်ရှောင်လာကတည်းက ကျနော်တို့ကို ဘယ်အဖွဲ့အစည်းက လာရောက်ကူညီတာ မရှိသလို ကလေးတွေလည်း ပညာရေး အတွက် ဆက်တက်လို့မရဘူး။
မေး ။ ။ ကိုချမ်းအေး တို့ အခုရောက်နေတဲ့ စစ်ရှောင်စခန်းက ဘယ်လောက်ကြာပြီလဲ။
ဖြေ ။ ။ ကျနော်တို့ ရှောင်လာတုန်းက ဒီနေရာကို ချက်ချင်းရောက်လာတာတော့ မဟုတ်ဘူး။ သုံးကြိမ်လောက် စစ်ရှောင်လာရတယ်။ ဒီကို ရောက်တာ တချို့လည်း တစ်လကျော်ရှိပြီ။ ကျနော်တို့နေတဲ့ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာ အနီးတဝိုက်မှာ အောက်တိုဘာ ၂ ရက်က တိုက်ပွဲစဖြစ်တော့ ကျနော်တို့ စထွက်လာတာပဲ။ အဲ့ကတည်းကဆိုတော့ တစ်လကျော် ကြာပြီပေါ့။
မေး ။ ။ လက်ရှိ စစ်ရှောင်တဲ့နေရာမှာ ဘယ်လိုနေထိုင်ကြလဲ။
ဖြေ ။ ။ အခု ကျနော်တို့က ရွာဘုန်းကြီးကျောင်းအောက်မှာ နေကြတာတွေ ရှိတယ်။ ခန်းမဆောင်တွေမှာ နေနေကြတာတွေ ရှိမယ်။ ကျနော်တို့ ပြေးလာတုန်းက ပစ္စည်းသယ်နိုင်တဲ့သူက သယ်လာတယ်။ အဝတ်အစားတွေ လည်း လုံလုံလောက်လောက် မရှိဘူးလေ။
နောက်ပြီးစောင်တွေ အခင်းတွေ အချို့တော့ ပါလာတယ်။ ကိုယ်ပါလာတဲ့ဟာနဲ့ အဆင်ပြေသလို ခြုံပြီးနေကြတာပေါ့။ ဒီတိုင်း ဖျာတစ်ချက်အပေါ်မှာ အိပ်ရတာက အန္တရာယ်တော့ များပေမဲ့ မတတ်နိုင်လို့ အခင်းမရှိဘဲ အိပ်နေရတာတောင် ရှိသေးတာပဲလေ။
ဖြစ်သလိုရေရှည်အိပ်တော့ ဆေးရုံတက်ရတဲ့အထိရှိတယ်။ အဓိကတော့ သက်ကြီးတဲ့သူတွေပေါ့။ အဝတ်တစ်ထည် ကိုယ်တစ်ခုတည်း ပါတဲ့သူကြတော့ အဲ့ရွာက ပြည်သူတွေက စောင်တွေ အဝတ်တွေပေးပါတယ်။ အချို့လည်း ပါလာတဲ့ဟာကို အချင်းချင်းမျှပြီး ပေးခြုံတယ်။
မေး ။ ။ လက်ရှိမှာ သိရသလောက်က စားနပ်ရိက္ခာ လာကူညီတဲ့သူ မရှိသလို ပါလာတဲ့ ရိက္ခာတွေကလည်း ပြတ်လပ်နေပြီလို့ သိရတယ်။ ဒါ့ကြောင့် ဘယ်လို အစားအသောက်ကို ဘယ်လိုစီမံနေရလဲ။
ဖြေ ။ ။ ကျနော်တို့တွေ စားသောက်ဖို့ကတော့ လက်ရှိမှာ ရွာခံတွေဆီ စပါးတစ်တင်း ချေးတယ်၊ ကျနော်တို့ ရွာပြန်လို့ရတဲ့ အချိန်ကြရင် ပြန်ဆပ်မယ်ပြောပြီး ချေးငှားစားနေကြတာ။ အဓိကတော့ ကြားက အသိတွေ အာမခံပေးတယ်။
ဆန်တစ်ပြည်ဆိုလည်း တစ်ပြည်တော့ ပြန်ပေးရမှာ၊ အချို့ရွာခံတွေကျတော့ ပြန်မပေးခိုင်းဘဲ လှူတာတွေရှိတယ်။ အခုချိန်က ကိုယ့်အခက်အခဲနဲ့ ကိုယ်ဆိုတော့လေ။ လက်ရှိမှာ ချေးငှားနေရတာက ဆန်၊ ဆီ၊ ဆားတွေ အားလုံးပါပဲ။
မေး ။ ။ ဒီလို ချေးငှားပြီး စားသောက်နေရတာဆိုတော့ စစ်ရှောင်တွေကို လာပြီး ကူညီတဲ့သူတွေ အလှူရှင်တွေ မရှိဘူးလို့ ပြောလို့ရလား။ အလှူရှင်တွေကရော ဘယ်ချိန်အထိ လာကူညီသေးလဲ။
ဖြေ ။ ။ ကျနော်တို့ ရောက်လာကတည်းက ရွာမှာ လာကူညီတဲ့ အလှူရှင်ဆိုတာ ရှိကို မရှိဘူးဗျ။ လမ်းက သွားရ လာရခက်တော့ အခုရွာကို အားလုံးက ချန်ထားတယ်။ မသွားနိုင်တဲ့ နေရာလို သက်မှတ်ပြီး အဲ့ဘက်ကို လုံးဝ မရောက်ဘူးတာပါ။ အလှူရှင်ကော ကူညီတဲ့ အဖွဲ့အစည်းကော မရှိပါဘူး။ ရွာကလူတွေ အချင်းချင်းပဲ ကူညီနေရတာပါ။
မေး ။ ။ အလှူရှင်လည်းမရှိ၊ အချင်းချင်းပဲ ကူညီနေရတာဆိုတော့ ဝမ်းရေး အတွက်ရော လက်ရှိ ရောက်နေတဲ့ နေရာမှာ ဘယ်လို ဖြေရှင်းနေရလဲ။ ချေးငှားစားသုံးတာကလည်း ရေရှည်မှာ အခက်အခဲ ဖြစ်လာနိုင်တော့ ဘာတွေလုပ်ကိုင်ဖြစ်နေလဲ။
ဖြေ ။ ။ ကျနော်တို့ ရောက်နေတဲ့ ကျေးရွာကလည်း ရွာငယ်လေးဖြစ်တော့ အချို့တွေက နေ့စားခေါ်လည်း အကုန်လုံး အတွက်က အလုပ်ရှိမနေဘူး။ ရွာကငယ်တော့ သူတို့ ရှိနေတဲ့ နေရာကလည်း အလုပ်အကိုင် ရှားပါးတယ်။ စိုက်ပျိုးရေးကလည်း သိပ်မရှိဘူးလေ။
နေ့စားလိုက်ပြီး အလုပ်လုပ်မယ် ဆိုတော့လည်း တစ်ရက်ကို ကျပ် (၉)ထောင် တစ်သောင်း အဲ့လောက်ပဲ ရတာ။ ဆန်တစ်ပြည်က ကျပ် (၆)ထောင်ဝန်းကျင်လောက် ရှိနေပြီ၊ တစ်ရက်လုပ်ရင် ဆန်တစ်ပြည်ဖိုးပဲ ရတဲ့ အနေအထားပေါ့။ ဒီရွာက ပြောင်းဖူးပဲစိုက်ကြတော့ ပြောင်းဖူးချိုးတဲ့ အလုပ်တစ်ခုပဲ ရှိတယ်လေ။ စိုက်ပျိုးတဲ့ ခြံတွေကလည်း နည်းပြီး လူဦးရေက များတော့ အလုပ်ကလည်း (၅) ရက်နေမှ တစ်ရက်ပဲ လုပ်ရတဲ့ သဘောပါ။
မေး ။ ။ ထပ်မေးချင်တာကတော့ လက်ရှိ ကိုချမ်းအေး တို့ ရောက်ရှိနေတဲ့ ကျေးရွာမှာ ကျေးလက်ကျန်းမာရေး ဌာနရော ရှိလား။ စစ်ရှောင်တွေအတွက် ကျန်းမာရေးရော ဘယ်သူက တာဝန်ယူပေးလဲ။ ကျန်းမာရေး အတွက်ရော ဘယ်လို အခက်အခဲရှိလဲ ခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ စစ်ရှောင်တွေ နေတဲ့ ကျေးရွာမှာတော့ ကျန်းမာရေးပိုင်း အားနည်းတယ်။ တစ်ခုခု ဖြစ်ရင်တောင် သွားဖို့ ဆေးပေးခန်း၊ ဆေးရုံ၊ ဆေးခန်းမရှိဘူး။ ဖြစ်ရင်တော့ နောင်တရား နဲ့ ပင်လောင်းဘက် သွားရတယ်။ ပိုက်ဆံက မရှိတော့ နေမကောင်းရင် တော်တော်ခက်ခဲတယ်။ ရာသီအပြောင်းအလဲ ကာလဆိုရင် သက်ကြီးရွယ်အိုနဲ့ ကလေးအတွက်က ခက်ခဲတာပေါ့။
အလုပ်မရှိတာက တစ်ဘက်၊ ပိုက်ဆံမရှိတာ တစ်ဘက်နဲ့ဆိုတော့ ကလေးတွေ ဖျားနာတဲ့ အချိန်တွေဆို ဆေးရုံ၊ ဆေးခန်းတွေ မရှိလို့ မပြနိုင်ဘူး။ မြို့ကို သွားဖို့ကလည်း ကားငှားသွားရတာ။ သွားရင်လည်း ကားခက ကျပ် (၄) သောင်း ကနေ ကျပ်ငွေ (၅) သောင်းလောက် ပေးရတယ်။ လက်ရှိ ကျနော်ရောက်နေတဲ့ ရွာကနေ ပင်လောင်းဘက်ကို ၁၅ မိုင်လောက် ထပ်သွားရတယ်။
မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။ အကိုအနေနဲ့ရော ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ပါ ကျေးဇူးပါ။












Leave a Comments