သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။
သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း နှင့် ပင်လောင်းမြို့သို့သွားသည့် လမ်းမတကြောတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်မှစ၍ စစ်ကောင်စီမှ စစ်အင်အားများဖြည့်ကာ ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော် လှန်ရေး တပ်ပေါင်းစုနှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။
“ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်နေတာ။လေယာဉ်တွေကတော့ နေ့တိုင်း သွားလာနေတာ။အရင် တစ်ပတ်ကတည်းက စစ်အင်အားတွေ ရိက္ခာတွေဖြည့်နေတာ။ တော်လှန်ရေး တပ်ပေါင်းစုတွေက ဖယ်ခုံဘက်ပြန်ဆင်းသွားတော့ စစ်ကောင်စီက အင်းအားဖြည့်ပြီး ရှေ့တိုးနေတာ”ဟု ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

စစ်ကောင်စီမှ ယခု နိုဝင်ဘာလ တတိယပတ်အတွင်းတွင် စစ်အင်းအားနှင့် စားနပ်ရိက္ခာများပို၍ ဖြည့်တင်နေပြီး လေယာဉ်သွားလာခြင်းများကိုလည်း နေ့စဉ်ပြုလုပ်ကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးကဆက်ဆိုသည်။
“သူတိုတွေ(စစ်ကောင်စီ)က အင်းအားဖြည့်ရင် ကားတွေနဲ့ဆို ပင်လောင်း၊ ဆောင်းဗြောင်း၊ ဖယ်ခုံသွားတာပေါ့။ ဒါမဲ့ ဒီတစ်ပတ်အတွင်းမှာတော့ သူတို့ က ၁၂ ဘီကား နဲ့ ရိက္ခာတင်တာ ရက်တိုင်းပဲ။ ၁ ပတ်လောက်တော့ရှိပြီ။ တိုက်ပွဲတွေပို ပြင်းထန်လာနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ယခုချိန်ထိ တိုက်ပွဲများ ငြိမ်သက်ခြင်းမရှိသေးသည့်အတွက် ဒေသခံများ နေရပ်မပြန်နိုင်သေးသည့်အပြင် ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များလည်း စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လာကြောင်း စစ်ဘေးရှောင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယခုလက်ရှိတွင် စစ်ကောင်စီမှ ဖယ်ခုံ၊ လွိုင်ကော်နှင့် မိုးဗြဲဘက်ကို စစ်အင်အားအလုံးရင်းဖြင့် အင်အားဖြည့်နေပြီး ပွင့်လင်းရာသီဖြစ်သဖြင့် တန်ပြန်ထိုးစစ်ဆင်နိုင်ကြောင်း သိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်) ယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။












Leave a Comments