သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းတပ်မတော် (RCSS/SSA)သည် တပ်သားသစ် စုဆောင်းနေသည့်ကိစ္စ မဟုတ်ကြောင်း ငြင်းဆိုလိုက်ကြောင်း စုံစမ်း သိရသည်။
လက်ရှိ ကျိုင်းတောင်းမြို့တွင် တပ်သားသစ် အပြင်းအထန်လိုက်လံဖမ်းဆီး၊ နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးမှုတွေ မပြုလုပ်ကြောင်းနှင့် တရားဥပဒေနှင့် မကိုက်ညီသည့် လုပ်ရပ်ကို လုပ်ဆောင်မှုမရှိကြောင်း ဒု-ဗိုလ်မှုကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဲလိုတော့ မကြာဘူး။ ဟုတ်လည်းမဟုတ်ဘူး။ တရားဥပဒေမဲ့တဲ့ လုပ်ရပ်တွေကို RCSS/SSA မပြုလုပ်ဘူး။ ဒီလို မဟုတ်တဲ့ သတင်းတွေကိုတော့ သဘောထားအမြင်မရှိဘူး”ဟု ဒု-ဗိုလ်မှုကြီး အုမ်ခေးက ပြောသည်။
သို့သော်ပြီးခဲ့သည့် (နိုဝင်ဘာလ ၄ ရက်)မှ စပြီး ယနေ့ (နိုဝင်ဘာလ ၇ ရက်)အထိ စစ်မှုထမ်းရန် တပ်သားသစ်တွေ အပြင်းအထန်လိုက်လံဖမ်းဆီးပြီး သျှမ်းတိုင်းရင်းသာတင်သာမက အခြားသောတိုင်းရင်းသား လားဟူ၊ လီဆူး၊ ကယား လူမျိုးတွေကို ထပ်မံလိုက်လံဖမ်းဆီးနေခြင်း အပြုလုပ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ဖမ်းဆီးခံရသူထဲမှ အသက် (၁၄)နှစ် အသက်မပြည့်သေးသည့် ကလေးလူငယ်များလည်းပါဝင်ပြီး ခြံမှ ပြန်လာသည့် ဒေသခံကိုလည်း မိသားစု အလိုက်ဖမ်းဆီးခံရသူ ရှိနေသည်ဟု ထို့အမျိုးသားက ဆက်ပြောသည်။
“ဒီလ ၄ ရက်နေ့ညကတည်းက အိမ်တွေထဲဝင် ဖမ်းနေကြတယ်။ သျှမ်းတိုင်းရင်းသားတွေက ထွက်ပြေးကုန်ကြတော့ အခြားသော တိုင်းရင်းသားတွေကို ဖမ်းနေတယ်။ ဖမ်းသွားတဲ့သူတွေကဆို ၁၄နှစ်အရွယ်တွေ ပြီးတော့ ၁၅ နှစ်တစ်ယောက်ဆို ဗိုက်ခွဲထားတာ မကြာသေးဘူး။ ခြံက ပြန်လာတဲ့ မိသားစု သားအဖတွေလည်း အစုလိုက်ဖမ်းထားတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် (အောက်တိုဘာလ ဒုတိယအပတ်)တွင် စတင်ပြီး ကျိုင်းတောင်းအထွက်ဂိတ် မိုးနဲ့၊ ခိုလမ်၊ မိုင်းပန်လမ်း ၎င်းဂိတ် တစ်ကြောတွင် ပိတ်ပင်ထားပြီး RCSS/SSA ထောက်ခံချက်မှသာ ခြံ ၊ ဆေးရုံ သွားခွင့်ပြုကြောင်း စစ်ဆေးခံရသူတစ်ဦးက ပြောသည်။
“(အောက်တိုဘာလ )ဒုတိယအပတ်က စပြီး ကျိုင်းတောင်းအထွက်ဂိတ် မိုးနဲ့၊ ခိုလမ်၊မိုင်းပန်ဘက်က ဂိတ်တွေပိတ်ထားတယ်။ ဆေးရုံတောင် သူတို့ထောက်ခံချက်ပါမှသွားရတယ် အဲကတည်းက တင်းကြပ်လာတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကျိုင်းတောင်းမြို့သည် RCSS/SSA လှုပ်ရှားသည့် နယ်မြေတစ်ခုဖြစ်သည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။