စစ်ကောင်စီကို အရှက်ရစေတဲ့ “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်

ကျယ်လောင်လှတဲ့ လေယာဉ်အင်ဂျင်စက်သံဟာ စိတ်ဆိုးဒေသထွက်နေသည့်အလား သျှမ်းပြည်မြောက်ပိုင်းက မြို့ကြီးတွေပေါ်ကို ညသန်းခေါင် လူအိပ်မောကျချိန် ဖြတ်ကျော်ပျံသန်းပြီး မီးလောင်ပေါက်ကွဲစေတဲ့ ဗုံးတွေကို အဆက်မပြတ် ကြဲချတိုက်ခိုက်နေပါတယ်။

စစ်ဘီလူး လုပ်ထုံးအတိုင်း တိုင်းသူပြည်သားတွေကို ညှာတာထောက်ထားမှုမရှိတဲ့ စစ်ကောင်စီတပ်ဟာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်တွေထံ ဆုံးရှုံးလိုက်ရတဲ့ မြို့ရွာတွေကို ညစဉ်နီးပါး လေကြောင်းဗုံးကြဲနေတာပါ။

“ညသန်းခေါင် လူအိပ်ပျော်နေတဲ့အချိန်ဆို လေယာဉ်လာတတ်တယ်။ အဲ့တာကြောင့် အိပ်ပျော်အောင် မအိပ်ရဲဘူး၊ ဘယ်အချိန် ကိုယ့်အလှည့်ရောက်မယ် မပြောတတ်ဘူးလေ။ စိုးရိမ်တာတော့ မိုးပေါ်ကနေ ဗုံးကြဲတာဆိုတော့ ပစ်မှတ်လွဲရင် ကိုယ့်အိမ်ပေါ် ကျကွဲမှာပဲ။ နေ့တိုင်း ကြောက်စိတ်နဲ့ နေရတယ်”လို့ ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ နေထိုင်တဲ့ စိုင်းလူက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းကြောင့် ပျက်စီးသွားသည့် လားရှိုးအရပ်သားနေအိမ်များ

စက်တင်ဘာ လဆန်းပိုင်းက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သျှမ်းပြည်တောင်ပိုင်း ခရီးစဉ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေထံ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်မယ်လို့ ကြုံးဝါးပြီးနောက် ညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းနဲ့ ခပ်စိပ်စိပ် ဗုံးကြဲတိုက်ခိုက်လာပါတယ်။

စစ်ကောင်စီတပ်ရဲ့ “မြေကျန်ရင် ရပြီ” ဆိုတဲ့ သဘောနဲ့ လူမဆန်တဲ့ လေကြောင်းဗုံးကြဲမှုတွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးအပါအဝင် အရပ်သား (၁၁) ယောက် သေဆုံးခဲ့တဲ့ နမ့်ခမ်းဖြစ်စဉ်၊ ဈေးအတွင်း လူစည်ကားချိန် လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၁၃) ဦး သေဆုံးခဲ့ရတဲ့ သိန္နီဖြစ်စဉ်တွေထိ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း အရပ်သား ထိခိုက်သေဆုံးမှု

ပြီးခဲ့တဲ့နှစ် ၂၀၂၃ အောက်တိုဘာလ (၂၇) ရက်မှာ စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်တပ်တွေ စတင်ဆင်နွှဲခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးဒဏ်ရာရခဲ့သလို နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကနေ ၂၀၂၄ ဖေဖော်ဝါရီလအထိ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ နောင်ချို၊ လားရှိုး၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ လောက်ကိုင်မြို့တွေမှာ အမျိုးသမီးနှင့် ကလေး (၁၀၀) နီးပါး အပါအဝင် အရပ်သားစုစုပေါင်း (၂၅၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၃၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်က သီးခြားပြုစုထားတဲ့ စာရင်းအရ သိရှိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် အရပ်သားထိခိုက်မှု

အလားတူပဲ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဩဂုတ်လမှ အောက်တိုဘာလ (၆) ရက်အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်းနှင့် မိုင်းရယ်မြို့တို့တွင် အရပ်သား (၅၅) ဦး သေဆုံးကာ (၁၃၉) ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းများ၊ ဘုရားစေတီများ၊ တက္ကသိုလ်များ အပါအဝင် အဆောက်အဦ (၄၅၀) ကျော် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က အောက်တိုဘာလ (၉) ရက်မှာ ထုတ်ပြန်ထားပါတယ်။

“လားရှိုးမြို့ပေါ်ကတော့ (၇)လပိုင်းတုန်းက ရမခကို ကိုးကန့်တပ် သိမ်းနေတဲ့အချိန် မြို့ထဲကလား မြို့ပြင်ကလား မသိရတဲ့ လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေ ကျကွဲလို့ အများကြီး သေကြရတယ်။ ဘယ်သူမှ မထင်ထားတဲ့ သျှမ်းမြောက် မြို့တော်ကြီးတောင် တိုက်ခံရတော့ လူသေအလောင်း ကောက်ဖို့တောင် လူမကျန်တဲ့အထိ ထွက်ပြေးကုန်တယ်”ဟု တိုက်ပွဲအတွင်း မြို့နေလူထု၏ နေရပ်စွန့်ခွာမှု အခြေအနေကို စိုင်းလူက ညှိုးငယ်စွာ ပြောပြပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာ TNLA ၊ MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မြို့နယ်ပေါင်း (၁၂) ခုရှိ စစ်ဘေးရှောင်စခန်း (၂၀၀) လောက်မှာ စစ်ရှောင်ပြည်သူ (၅) သိန်းနီးပါး ကျန်ရှိနေသေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က အောက်တိုဘာလ (၁၀) ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ လေကြောင်းဗုံးကြဲမှု အန္တရာယ်ကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ကင်းရာ မြို့ရွာတွေမှာ စစ်ဘေးဒဏ်အပြင် သဘာဝဘေးဒဏ်တွေကိုပါ ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း အခက်အခဲမျိုးစုံနဲ့ ရုန်းကန်နေထိုင်ကြရပါတယ်။

ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာတဲ့ TNLA နဲ့ MNDAA

ကျားဖြန့်တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ ညီနောင်မဟာမိတ်တွေက သျှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး” ခေါင်းစဉ်နဲ့ တိုက်ပွဲဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်လကျော်လောက်မှာ ညီနောင်မဟာမိတ်တွေဘက်က သျှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်း ရာနဲ့ချီ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး မြို့ပေါင်း (၁၀) မြို့ကျော်ကို ထိန်းချုပ်နိုင်တဲ့နောက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းမှုနဲ့ ၂၀၂၃ ဒီဇင်ဘာလက စပြီး ကူမင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ “ဟိုင်ဂင် တွေ့ဆုံဆွေးနွေးမှု” ၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ISP

“ညီနောင်သုံးဖော်ရဲ့ “၁၀၂၇ စစ်ဆင်ရေး” စဖို့ တရုတ်က မီးစိမ်းပြတာဟာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကျားဖြန့်နှိမ်နင်းရေးလို့ အကြောင်းပြတာပေါ့။ နောက်ပြီး ရှမ်းပြည်မြောက်ပိုင်း စစ်တပ်ရဲ့ စစ်စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးတဲ့ နောက်ပိုင်း တရုတ်က ဝင်ရောက်ဟန့်တားမှု ပြုလုပ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်”လို့ သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းက ပြောပါတယ်။

ဒါပေမယ့် ညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီကြား ဒီယာယီ အပစ်အခတ်ရပ်စဲမှုဟာ ရေရှည်မခံဘဲ ဒီနှစ် ဇွန်လ နောက်ဆုံးပတ်မှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ဆိုပြီးတော့ တိုက်ပွဲဆက်လက်ပြင်းထန်ပြီး လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကို ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အလားတူပဲ သျှမ်း-မန္တလေး နယ်စပ်ရှိ နောင်ချို၊ မိုးကုတ်၊ မိုးမိတ် အပါအဝင် ကျောက်မဲ၊ သီပေါ စတဲ့ မြို့ကြီးတွေကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာကြောင့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အားလုံးနီးပါးကို စစ်ကောင်စီက လက်လွှတ်လိုက်ရပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”နောက်ကွယ်က တရုတ်

ဒီလိုအခြေအနေထိ စစ်ကောင်စီတပ်က စစ်ရှုံးနေတဲ့ အချိန်မှာတော့ တရုတ်နိုင်ငံဟာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်အကြား အပစ်ရပ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးတာတွေ ရှိလာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နေပြည်တော် လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံတာ၊ ညီနောင်မဟာမိတ်တွေကို တရုတ်အထူးကိုယ်စားလှယ်က ခေါ်ယူတွေ့ဆုံပြီး တပ်ပြန်ဆုတ်ခိုင်းတာတွေ ဖြစ်လာပါတယ်။

ပုံစာ – ဩဂုတ်လ (၁၄) ရက်က မြန်မာစစ်အာဏာရှင် လက်သစ်နှင့် လက်အောင်းတို့ကို တွေ့ဆုံဆွေးနွေးခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

“ညီနောင်သုံးဖော်က လိုတာထက် နယ်မြေချဲ့ထွင်လာပြီး စစ်ကောင်စီရဲ့ စစ်တပ်လျော့ရဲပြိုကွဲမှုကို ပြသလာတဲ့အခါကျတော့ တရုတ်က အားလုံးကို ပြောင်းပြန်လှန်ပြီး နောက်ဆုတ်ဖို့ ပြောလာတာပါ။ ဖြစ်နိုင်တဲ့အကြောင်းအရာကတော့ စစ်ကောင်စီကို မချစ်သော်လည်း မပြိုလဲစေချင်လို့ ဒီလိုလုပ်ရတယ်လို့ ပေါ်ပေါ်တင်တင် ဝန်ခံလာပါတယ်”လို့ စိုင်းဝမ်းစိုင်းက တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို သုံးသပ်ပြောဆိုပါတယ်။

လက်ရှိအနေအထားအရ ဘယ်ဘက်က အသာရနေသလဲဆိုတာ ပြောဖို့ စောနေသေးပြီး စစ်တပ်က မြေပြင်တိုက်ခိုက်မှုနဲ့ တန်ပြန်လုပ်ဖို့ ကြိုးစားနေပေမယ့် မအောင်မြင်တာ၊ စစ်တပ်ရဲ့ အားသာချက်ဖြစ်တဲ့ လေတပ်နဲ့ ဗုံးကြဲပြီး တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့နယ်မြေက ပြည်သူလူထုကို ဒုက္ခပေးတာမျိုးပဲ လုပ်နေတာလို့ ၎င်းက ဆက်ပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာ မြို့ပေါင်း (၁၂) မြို့အထိ ထိန်းချုပ်ထားနိုင်တဲ့ TNLA တပ်ဖွဲ့ကို တိုက်ပွဲချက်ချင်းရပ်တန့်ဖို့နဲ့ သို့မဟုတ်ပါက တရုတ်ဘက်သည် ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်း ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီကနေ ဩဂုတ်လ (၂၉) ရက် နေ့စွဲနဲ့ ခြိမ်းခြောက်စာ ပေးပို့ခဲ့ပါတယ်။

အဲ့ဒီစာကို တရားဝင် လက်ခံရရှိကြောင်း TNLA တပ်ဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနမှူး လွေးယေဦးက သံလွင်ခက်မီဒီယာကို အတည်ပြု ဖြေကြားထားပါတယ်။

မရှေးမနှောင်း အချိန်မှာပဲ စက်တင်ဘာလ (၄) ရက်မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ NUG နဲ့ စစ်ရေး နိုင်ငံရေးအရ ပူးပေါင်းမည် မဟုတ်ကြောင်း၊ စစ်မြေပြင်ချဲ့ထွင်ပြီး တောင်ကြီးနှင့် မန္တလေးမြို့များကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်လာပါတယ်။

ကိုးကန့်တပ်ဖွဲ့ရဲ့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဆိုးဝါးလာတဲ့ မြန်မာနိုင်ငံ အခြေအနေကို တရုတ်က ကြားဝင်စေ့စပ် ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံထားပြီး ချက်ချင်းအပစ်ရပ်ကာ ပဋိပက္ခတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လမ်းစဉ်နဲ့ အဖြေရှာဖြေရှင်းသွားဖို့ တရုတ်နိုင်ငံနဲ့ တက်တက်ကြွကြွ ပူးပေါင်းသွားမယ်လို့ ဆိုထားပါတယ်။

၎င်းနောက်မှာတော့ မြန်မာ-တရုတ် နယ်စပ်တလျှောက် ညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို တရုတ်ဘက်က ဇူလိုင်လက စတင်ပိတ်ပင်လိုက်ပါတယ်။

ကိုးကန့်တပ် MNDAA ထိန်းချုပ်တဲ့ လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီနဲ့ လားရှိုးဒေသကို ဖြတ်(၅)ဖြတ် လုပ်ဆောင်ဖို့ FPNCC ဥက္ကဋ္ဌဖြစ်တဲ့ ‘ဝ’တပ်ဖွဲ့ UWSA ကိုလည်း တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဖိအားပေးပြောဆိုခဲ့ကြောင်း ပေါက်ကြားလာတဲ့ ဆွေးနွေးပွဲမှတ်တမ်းများက ဖော်ပြနေပါတယ်။

စစ်ကောင်စီ အရှိုက်ထိစေတဲ့ “၁၀၂၇ စစ်ဆင်ရေး”

အခြားတစ်ဘက်မှာတော့ တရုတ်နိုင်ငံဟာ မြန်မာ့နိုင်ငံ အရေးကိစ္စမှာ ကျော်လွန်မရတဲ့ စည်း (၃) ခုကို အခိုင်အမာ ထိန်းသိမ်းထားရမယ်လို့ ပြောဆိုပြီး စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင် ရပ်တည်လာခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုနေကြပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တွေရဲ့ စစ်ရေး ပဋိပက္ခ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သူ့ရဲ့ နေပြည်တော် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီဘက်က (ဩဂုတ်လ ၁၄ ရက်) မှာ ထုတ်ပြန်ထားပါတယ်။

MNDAA သိမ်းပိုက်လိုက်ရတဲ့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်

ဒါ့အပြင် စစ်ဖြစ်ပြီး မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်ပြီး တစ်နိုင်ငံလုံး ရွေးကောက်ပွဲ အဆင်ပြေအောင် ကျင်းပနိုင်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်စတင်ဖို့ ပြောဆိုခဲ့တယ်လို့ တရုတ်ဆင်ဟွာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

“တော်လှန်ရေး အရှိန်အဟုန် အနည်းငယ် တန့်သွားတာကလွဲလို့ တော်လှန်ရေးက ဆက်လက်ဆင်နွှဲသွားဖို့ ရှိပါတယ်။ စစ်ကောင်စီက ပြည်သူလူထုကို ဆက်လက်ညှဉ်းပမ်းမှုနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲလမ်းစဉ်ကို ဆက်သွားဖို့ ရှိပါတယ်။ သူတို့ရဲ့ နိုင်ငံရေးထွက်ရပ်လမ်း အစီအစဉ် အောင်မြင်မှု အခြေအနေ နည်းနေပေမယ့် ဆက်လုပ်စရာရှိတာ လုပ်သွားမှာပါ”လို့ စစ်ကောင်စီ၏ ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး စိုင်းဝမ်းစိုင်းက သုံးသပ်ပြောဆိုပါတယ်။

‘ဝ’တပ်ဖွဲ့ UWSA က တန့်ယန်းမြို့အထိ ဝင်ရောက်ထိန်းချုပ်တာ၊ သျှမ်းတပ် SSPP/SSA က ဝင်ရောက်နေရာယူထားတဲ့ မိုင်းရယ်မြို့နဲ့ တရုတ်အထိမခံတဲ့ မြန်မာ-တရုတ်နယ်စပ်က မူဆယ်မြို့ကလွဲပြီး သျှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့မြို့ မရှိတော့ဘူးလို့ ပြောနိုင်ပါတယ်။

စစ်ကောင်စီတပ်သား ထောင်နဲ့ချီ လက်နက်ချ အညံ့ခံခဲ့တဲ့ သျှမ်းမြောက်စစ်မြေပြင်မှာ လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ် (ဒကစ)၊ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) တွေအထိ ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီကို အထိနာစေပါတယ်။

သမိုင်းမှာ အရှက်ရစေတဲ့အထိ ဖြစ်စေခဲ့တဲ့ ဆုံးရှုံးနယ်မြေက မြို့တွေကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အဆက်မပြတ် တန်ပြန်ထိုးစစ်ဆင်နေတဲ့ အပေါ်မှာ ညီနောင်မဟာမိတ်တပ်တွေကို စစ်ပွဲရပ်ဖို့ ဖိအားပေးတဲ့ တရုတ်ရဲ့ ကြားဝင်ရပ်တည်မှုက နွေဦးတော်လှန်ရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်လာမှာကို ပြည်သူတွေကလည်း စိုးရိမ်နေကြပါတယ်။

“မြန်မာပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ ကျစ်ကျစ်လစ်လစ် ပေါင်းစည်းတော်လှန်ပြီး‌ တော်လှန်ရေးကို အဓိကကျကျ လုပ်နိုင်တဲ့အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ပိုစုစည်းနိုင်မယ်ဆိုရင် တရုတ်ကဝင်ပြီး ရှုပ်ပေမယ့် အောင်မြင်မှာပါ”လို့ စိုင်းဝမ်းစိုင်းက နွေဦးတော်လှန်ရေး အောင်မြင်နိုင်ခြေကို သုံးသပ်ပြောကြားပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်ရတဲ့ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေးဩဇာက ကြီးသင့်သလောက် ကြီးပေမယ့် လူထုတော်လှန်ရေး အာသီသနဲ့ စစ်တပ်လက်အောက်က လွတ်မြောက်မှုက ပိုပြင်းပြတာမို့ ဒါတွေကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

စစ်ရှုံးနေတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ ပြည်သူလူထုရှိရာ နေရာများ၊ လူနေထူထပ်တဲ့ နေရာများနှင့် ၎င်းတို့ စစ်ရှုံးပြီး စွန့်လွှတ်ခဲ့ရတဲ့ စခန်းဟောင်းများကို လေကြောင်းမှ နေ့ညမရွေး ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ လေကြောင်းအန္တရာယ် သတိထားကြရန် ညီနောင်မဟာမိတ်တပ်များက စက်တင်ဘာလ (၁ဝ) ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ပြည်သူများကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာမှ အမြန်ဆုံး ဖိအားပေးဆောင်ရွက်ရန်၊ ပြည်ပမှ လေယာဉ်ဆီ ရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် စီးပွားရေး ပိတ်ဆို့မှုများ ဆက်လက်ဖိအားပေးရန် တအာင်းအရပ်ဖက် အဖွဲ့အစည်းများက ဩဂုတ်လ (၂၀) ရက်တွင် တောင်းဆိုထားသည်။

“ဘယ်စစ်သားပဲဖြစ်ဖြစ် ပြည်သူနဲ့ ရောနေတာမျိုး မဖြစ်စေချင်ဘူး၊ ဖြစ်နိုင်ရင် အဝေးမှာ နေစေချင်တယ်။ ဒါပေမယ့် ဘယ်သူမှ အဲ့လိုမပြောရဲဘူးလေ၊ အခုက အကုန်လုံးကို ကြောက်နေရတယ်။ လေယာဉ်သံ ကြားရင် ကလေးလူကြီးကစ အကုန်ကြောက်နေပြီ၊ တခြားရှောင်ဖို့လည်း မတတ်နိုင်တော့ တိုက်ပွဲပြီးဖို့ပဲ နေ့တိုင်းဆုတောင်းတယ်”လို့ စိုင်းလူက သူ့မျှော်လင့်ချက်ကို ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...