သျှမ်းပြည်မှ ကရင်ပြည်နယ်သို့ သွားသည့်လမ်းတွင် ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသော မည်သည့်လူမျိုးမဆို စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့် မပြုကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် (သြဂုတ်လ ၁၈ ရက်) မှ စတင်၍ ကရင်ပြည်နယ် ဘားအံမြို့ စစ်ကောင်စီဂိတ်များတွင် သျှမ်းပြည်မှ လာသည့် ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသော မည်သည့်လူမျိုးမဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်း အသက် ၃၀ ဝန်းကျင် ခရီးသည် အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုလောလောဆယ်တော့ ဘားအံကိုသွားတဲ့ ဘယ်လိုင်းကားမဆို ၁၃/ နိုင်ငံသားကတ်တွေကို လက်မခံဘူး။ သွားလို့လည်း မရဘူး၊ စစ်ကောင်စီတပ်တွေက လုံးဝ ပေးမဖြတ်ဘူး၊ လုံးဝကို သွားလို့မရတာ ၁၃/ ဘယ်လူမျိုးမဆို။ သွားလည်း ဖမ်းပြီး ပြန်လွှတ်မှာလား မလွှတ်ဘူးလားဆိုတာ မသေချာဘူး”ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့် နောက်ပိုင်းတွင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူများကို သွားလာဖြတ်သန်းခွင့် မပြုကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ပြောသည်။
“အချို့နေရာကတော့ ၁၃ မျဉ်းစောင်း ပလောင်လူမျိုး၊ ကိုးကန့်လူမျိုး၊ ဝလူမျိုးတွေ ပေးမဖြတ်တာ။ သျှမ်းနဲ့ ပအိုဝ်းတော့ ပေးဖြတ်တယ်။ ဒါကလည်း သျှမ်းမြောက် စစ်ရေးကြောင့် လူထုကို တဖက်သတ်လှည့်ပြီး အကျင့်ယုတ်တာပါ” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သံလွင်မြစ်ကူး တာကော်တံတား စစ်ကောင်စီဂိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လ မှ စတင်၍ သျှမ်းပြည် မြောက်ပိုင်း စစ်ဘေးရှောင်များ၏ နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် လူမျိုးကို အဓိက ထား၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း သိရသည်။












Leave a Comments