သျှမ်းပြည်တောင်ပိုင်း၊ ကလော-သာစည်ကြားရှိ ကျွဲတပ်ဆုံဂိတ်တွင် ၁၃ မျဉ်းစောင်း သျှမ်းပြည်မှတ်ပုံတင် ကိုင်ဆောင်ထားသူများကို စစ်ကော်မရှင်တပ်က စစ်ဆေးမှု တင်းကြပ်နေကြောင်း စုံစမ်းသိရသည်။
သျှမ်းပြည်တောင်ပိုင်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီ ပြတ်လပ်နေသောကြောင့် ပြည်တွင်းလေကြောင်းလိုင်းများပါ ရပ်နားထားရပြီး ခရီးသည်အများစုသည် ဘတ်စ်ကားများဖြင့်သာ ခရီးသွားလာနေရသည်။
ထိုသို့ ခရီးသည်များ သွားလာရ ခက်ခဲနေသည်ကို အခွင့်ကောင်းယူ၍ သျှမ်း-မန္တလေးနယ်စပ် ကလော-သာစည်ကြားရှိ ကျွဲတပ်ဆုံဂိတ်တွင် မှတ်ပုံတင်များ စစ်ဆေးနေပြီး သျှမ်းပြည်လာမည့် ခရီးသည်များကို ပိုမိုစစ်ဆေးကာ ငွေညှစ်တောင်းခံနေကြောင်း ခရီးသွားများက ပြောသည်။
“လေကြောင်းလိုင်းတွေ ဖျက်သိမ်းခံရတော့ ရွေးချယ်စရာ ကားပဲရှိတယ်၊ ကားကလည်း လမ်းမှာ အစစ်အဆေး များတော့ သိပ်မသွားချင်ဘူး။ ကျွဲတပ်ဆုံဂိတ်မှာဆို အရမ်းစစ်တာ၊ လမ်းလည်း ဆင်းလျှောက်ရတယ်၊ ၁၃ မျဉ်းစောင်း ဖြစ်လို့ကို ရစ်ပြီး ငွေညှစ်တာ ငါးသောင်းတောင် ပေးခဲ့ရတယ်။ ခရီးသွားရတာလည်း စိတ်ရော လူရော မလုံခြုံတော့ဘူး”ဟု ခရီးသွား အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စက်သုံးဆီ အခက်အခဲများကြောင့် ကားခ ဈေးနှုန်းများသည် ယခင် ရန်ကုန်-တောင်ကြီးခရီးစဉ်ကို ငွေကျပ် (၃၅၀၀၀) သာ ပေးရသော်လည်း ယခုတွင် ငွေကျပ် (၆၅၀၀၀) အထိ ပေးစီးနေရသည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။
ထို့အပြင် စက်သုံးဆီများကို အလုအယက် တန်းစီဝယ်ယူနေရသောကြောင့် ကားလမ်းများ ပိတ်ဆို့ကာ ခရီးသွားကားများ အချိန်နှောင့်နှေးမှုများ ကြုံနေရကြောင်း သိရသည်။
“ကလောဘက်ကနေ ရန်ကုန် သွားတဲ့လမ်းမှာ ဂိတ်ကြီးတွေ ၄ ဂိတ်လောက် ရှိတယ်၊ ဂိတ်ရောက်တိုင်း မှတ်ပုံတင် စစ်တယ်။ သူတို့ ရစ်ချင်တဲ့သူကိုဆို ဆွဲချပြီး ရစ်တယ်၊ ဒီခေတ် ဒီကာလမှာ မလိုအပ်ရင် ခရီးမသွားစေချင်ဘူး။ အခုဆို ဆီပြတ်ရင် ကားလက်မှတ်တွေ ပြန်အမ်းမယ်ဆိုပြီး ကြေညာထားတော့ ကားတွေလည်း ရပ်တော့မယ် ထင်တယ်”ဟု ခရီးသွား အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
အလားတူ တောင်ကြီး-မန္တလေး သွားလမ်းတွင်လည်း စစ်ကော်မရှင်တပ်က ခရီးသွားများကို အစစ်အဆေး တင်းကြပ်ထားပြီး မှတ်ပုံတင် မလဲလှယ်ထားသူများကို ပိုမိုစစ်ဆေးကာ ငွေကျပ် (၅၀၀၀၀)သောင်းအထိ တောင်းခံနေကြောင်း သိရသည်။











Leave a Comments