သျှမ်းပြည် တောင်ပိုင်းတွင် စက်သုံးဆီ မှောင်ခိုရောင်းချသူများကို ဖမ်းဆီးမှုရှိသော်လည်း ဈေးကောင်းရသဖြင့် ဆက်လက်ရောင်းချနေကြောင်း သတင်းရရှိသည်။
သျှမ်းပြည် တောင်ပိုင်းတွင် သြဂုတ်လ ပထမ ပတ်မှစတင်၍ စက်သုံးဆီများ ပြတ်လပ်ကာ တန်းစီဝယ်ယူ နေရပြီး တောင်ကြီး၊ အောင်ပန်း၊ ရွာငံ တို့တွင် စက်သုံးဆီ မှောင်ခိုရောင်းချသူများကို စစ်ကောင်စီ ဖမ်းဆီးမှုများကြားမှ စျေးကောင်းရသဖြင့် ဆက်လက်ရောင်းချနေကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဆီတွေ ဝယ်ရခက်တာကတော့ နေရာတိုင်း မြို့တိုင်း တော်တော်ဆိုးနေတယ်လေ။ ဆီဆိုင်ကြီးက ဆီဈေးတွေလည်း တက်တယ်။ အပြင်ပေါက်ဈေးဆိုရင် တစ်ဘူးကို ၁ သောင်းနဲ့ ရောင်းနေတာ။ လမ်းဘေးမှာ ချရောင်းတာရှိတယ်” ဟု အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီး၊ အောင်ပန်း၊ ရွာငံ တို့တွင် စက်သုံးဆီ မှောင်ခိုရောင်းချသူများသည် 92 တစ်လီတာလျှင် ကျပ်ငွေ ၁ သောင်းကျော် အထိ ဈေးမြှင့်တင်၍ ရောင်းချနေပြီး၊ ဖမ်းဆီးမှုကြောင့် အွန်လိုင်းပေါ်မှတဆင့် ရောင်းချနေကြကြောင်း အသက် ၂၅ နှစ်ဝန်းကျင်ရှိ လူငယ်တစ်ဦးက ပြောသည်။
“အခုကတော့ အပြင်တွေမှာ ဖမ်းနေတယ်။ ဆိုင်ကယ်ထဲကနေ ဆီထုတ်ပြီး ရောင်းပေးနေတဲ့ဟာ တွေပေါ့။ ဒါပေမဲ့ လိုင်းပေါ်မှာတင်ပြီး ရောင်းနေတာတော့ ရှိနေတုန်း။ ပုံမှန်ထက်လည်း ဈေးက ပိုများတယ်”ဟု ၎င်းလူငယ်က ဆိုသည်။
စက်သုံးဆီအား လိုသလောက် ရောင်းချနိုင်ခြင်း မရှိသောကြောင့် စက်သုံးဆီပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရပြီး မှောင်ခိုဈေးကွက်များလည်း ကြီးထွားလာကြောင်း ဒေသခံများထံမှသိရသည်။
လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးနှင့် မြို့နယ်အများအပြားတွင် စက်သုံးဆီကို အကန့်အသတ်နှင့် ရောင်းချနေမှုများကြောင့် တစ်ရက်ကြိုတင်၍ ညအိပ်တန်းစီကာ စောင့်ဆိုင်းဝယ်ယူနေကြပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရသည်။
နိုင်ငံခြား ငွေလဲလှယ်နှုန်းကြောင့် စက်သုံးဆီရောင်းချရန် သိုလှောင်ထားသည့် ဆီများ မရှိသည့်အတွက် ဆိုင်အများအပြား ပိတ်ထားရကြောင်း၊ စက်သုံးဆီ သိုလှောင်ပြီး ရောင်းချနေသည့် ဆိုင်များလည်း အဆမတန် စျေးနှုန်းမြှင့်ကာ ရောင်းချနေမှုကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း သိရသည်။












Leave a Comments