ရဲတောက်နေသည့် အနီရောင်ပေါ်တွင် ရွှေဝါရောင် ကြယ်တပွင့် ဆင်မြန်းထားသည့် အလံသည် မြို့တွင်းနေရာ အများအပြားတွင် နေရာယူ လွှင့်ထူထားသည်။
လူသူကင်းမဲ့နေသည့် လမ်းမများတွင် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်နေလေ့ရှိပြီး လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲသံများလည်း ဆူညံနေသည်။
လမ်းဘေးတွင် မည်သူမည်ဝါဟု ခန့်မှန်းရန် ခက်ခဲသည့် အသက်မဲ့ ခန္ဓာကိုယ် အချို့က လူမှုရေးအသင်းများကို စောင့်မျှော်နေပုံရသည်။
ဆယ်စုနှစ်များစွာ စစ်ဘေးနှင့် ဝေးခဲ့သည့် သျှမ်းမြောက်၏ မြို့တော် လားရှိုး သည် ခါးသီးလှသည့် စစ်ပွဲဒဏ်ရာ ဒဏ်ချက်များစွာကို အံတုနေဆဲ။
“၁၀၂၇ အပိုင်း (၂)”
“စစ်ပွဲ၏ အမြင့်ဆုံး ရည်မှန်းချက်သည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်သည်”။ ထို့ထက်ပို၍ ဆိုရပါမူ သာယာဖွံ့ဖြိုးသည့်၊ တရားမျှတသည့် လူ့ဘောင် တည်ဆောက်ရေး ဖြစ်သည်။
ပြီးခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ တရုတ်နိုင်ငံ၏ ဖိအားကြောင့် ရပ်စဲခဲ့ရပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်သည် ဖြစ်ရာ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် နှစ်ဘက်လုံး အနေဖြင့် လာမည့် စစ်ပွဲအတွက် အနားယူ ပြင်ဆင်ရန်သာ ဖြစ်ခဲ့သည်။
ယင်းနောက် စစ်ပွဲပြန်စရာ ဇွန်လ ၂၅ ရက် နံနက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA ) ဦးဆောင်သည့် မဟာမိတ်များ အနေဖြင့် လားရှိုးကို ဖြတ်တောက်ပြီး နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မှ သပိတ်ကျင်း၊ မတ္တရာအထိ စတင် တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

စစ်ပွဲသည် စစ်ကောင်စီတပ် ကြိုတင်ပြင်ဆင်ထားသည့် ခံစစ်များကို ထိုးစစ်ဆင် တိုက်ခိုက်ရသည်ဖြစ်ရာ သာမန် အခြေအနေတွင် နံရံကို ဦးခေါင်းနှင့် ဆောင့်သကဲ့သို့ ဖြစ်လိမ့်မည်သာ။
လက်တွေ့တွင်မူ ထိုးစစ် စတင်ပြီး ရက်ပိုင်း အတွင်းပင် TNLA သည် စစ်ကောင်စီတပ်၏ လှုပ်ရှားစစ်ကြောင်းများကို အထိုင်တပ်စခန်းများ ဆီသို့ တွန်းပို့နိုင်ခဲ့ပြီး ယင်းတပ်စခန်းများကို ထပ်မံ ဖြတ်တောက်ဝိုင်းရံ၍ မြို့များကို ခြိမ်းခြောက်နိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ် ဖြစ်သည်။
စစ်ပွဲစတင်သည့် ကနဦး ရက်များတွင် TNLA ၏ ထိုးစစ်သည် ဒေသန္တရ အောင်မြင်မှု ရနေသော်လည်း လေကြောင်းနှင့် လက်နက်ကြီး အားပြု၍ စစ်ကောင်စီတပ် ခံစစ်ဆင်ခဲ့သဖြင့် TNLA ၏ ထိုးစစ် တန့်နေခဲ့သည်။
ယင်းသို့ ထိုးစစ်တန့်နေစဥ် လားရှိုး ရမခမှ စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်မည်ကို TNLA အနေဖြင့် စိုးရိမ်ခဲ့ရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ထောက်ပြသည်။
ကနဦး ထိုးစစ်တွင် ကိုးကန့်တပ်-MNDAA တိုက်ရိုက်ပါဝင်ခြင်း မရှိခဲ့ပေ။ သို့သော် TNLA ၏ စစ်နံသည် မြို့တော် လားရှိုးဘက်မှ စစ်ကောင်စီတပ်၏ တန်ပြန်ထိုးစစ်ကို ဖိတ်ခေါ်နေသကဲ့သို့ဖြစ်ရာ လားရှိုး တဝိုက် ကိုးကန့်တပ်များ စစ်ကူ အနေဖြင့် အင်အားဖြည့်တင်း ကူညီ ဖြတ်တောက်ခဲ့ရသည်။
ယခင် စစ်ပွဲကာလ တပ်နေရာချထားပုံကပင် လားရှိုးမြို့အား ညီနောင်မဟာမိတ်တပ်များ ဝိုင်းထားသကဲ့သို့ ဖြစ်နေရာ TNLA ၏ စစ်နံကို ကာကွယ်ရန် ကိုးကန့်တပ် အနေဖြင့် များစွာ အားထုတ်ရခြင်း မရှိဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ယင်းသို့ ကိုးကန့်တပ် အကူအညီဖြင့် စစ်နံ လုံခြုံပြီးနောက် တိုက်စစ်မြှင့်ခဲ့သည့် TNLA သည် ရက်ပိုင်းအတွင်း နောင်ချို အခြေစိုက် ခြေမြန် တပ်ရင်း နှစ် ခုကို သိမ်းယူနိုင်ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်တွင် ကျန်ရှိနေသည့် (၆၀၆) ဒုံးတပ်ကို သိမ်းပိုက်နိုင်ခဲ့ရာ မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။
မန္တလေး-မူဆယ် လမ်းမပေါ်ရှိ နောင်ချိုမြို့နယ်သည် စစ်ကောင်စီ ဝံ့ကြွားလေ့ရှိသည့် ပြင်ဦးလွင်နှင့် ထိစပ်နေသည်ဖြစ်ရာ TLNA အနေဖြင့် စစ်ပွဲသာမက စိတ်ဓာတ်ရေးရာအရပါ အောင်ပွဲရလိုက်သည်ဟု ဆိုရမည်။

နောင်ချိုကို သိမ်းပိုက်ပြီးနောက် စကခ (၁) အထိုင်ချရာ ကျောက်မဲနှင့် သီပေါသည် လားရှိုး တိုက်ပွဲ၏ အဖြေကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။ သို့သော် ကျောက်မဲရှိ တပ်များ လှုပ်ရှားနိုင်ခြင်းမရှိစေရန် TNLA အနေဖြင့် ဝိုင်းပတ် ထိုးစစ်ဆင်နေဆဲဖြစ်ရာ ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။
မိုးကုတ်ဘက်ခြမ်း TNLA ထိုးစစ်သည် ကနဦး ရလဒ်များ ကောင်းမွန်ခဲ့သော်လည်း ဖြစ်နေကျ ပုံစံဖြစ်သည့် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ဒဏ်ကြောင့် တုန့်ဆိုင်းခဲ့သည်ကို တွေ့ရသည်။
ယင်းသို့ တုံ့ဆိုင်းနေသည့် ကာလတွင် မိုးမိတ်ဒေသကို စစ်မျက်နှာဖွင့် ထိုးစစ်ဆင်ခဲ့သည်။
ရလဒ်အဖြစ် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က မိုးကုတ်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်။
မိုးမိတ် ထိုးစစ် စတင်ပြီး ရက်ပိုင်း အတွင်း မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီ ဗျူဟာကုန်းကိုမူ လက်ရှိ အချိန်အထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
သို့သော် အဓိက ရည်မှန်းချက်ဖြစ်သည့် မိုးကုတ်မြို့ကို ရရှိခဲ့ပြီး မြေပြင် အနေအထားရ မိုးမိတ် ဗျူဟာကုန်းသည် လတ်တလော များစွာ အရေးမပါတော့ဘဲ အချိန်တန်လျှင် ကျဆုံးရမည်သာ ဖြစ်သည်။
လားရှိုး တိုက်ပွဲ
များစွာ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ကိုးကန့်တပ်၏ လားရှိုး ထိုးစစ်ဖြစ်သည်။ ကိုးကန့်တပ်သည် TNLA အခက်ကြုံနေရသည့် ဇူလိုင်လ ပထမ အပတ်တွင် ထိုးစစ် စတင်ခဲ့သည်။
ဇူလိုင်လ ၂ ရက် ညပိုင်းတွင် စတင်ခဲ့သည့် ထိုးစစ်သည် လားရှိုးမြို့နှင့် မိုင် ၂၀ ခန့် အကွာအဝေးတွင် စတင်ခဲ့ပြီး နောက်တနေ့ ဇူလိုင်လ ၃ ရက် နံနက်ပိုင်းတွင် လားရှိုးနှင့် ၁၆ မိုင်သာ ကွာဝေးသည့် နမ့်လန် ခြေမြန်တပ်ရင်း (ခမရ – ၅၀၅) တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ကိုးကန့်တပ် ထိုးစစ် စတင်ပြီးနောက် ၂၄ နာရီ မပြည့်မီပင် စစ်ကောင်စီတပ် ဆုတ်ခွာ ထွက်ပြေးခဲ့သည့် နမ့်လန် တိုက်ပွဲသည် စစ်ကောင်စီ အတွက် နိမိတ် မကောင်းဟု ဆိုရမည်။

ယင်းနောက် ကိုးကန့်တပ်သည် ရမခ ကာကင်းများစွာကို တရှိန်ထိုး ထိုးစစ်ဆင်ရာ ထိုးစစ် အရှိန် ပြင်းထန်လာပြီး တပ်စခန်းကြီးများစွာ သိမ်းပိုက်နိုင်ခြင်း မရှိစေကာမူ လားရှိုးမြို့ ဆင်ခြေဖုံး ဒေသများသို့ စိမ့်ဝင်နိုင်ခဲ့သည်။
ယင်းနောက် လားရှိုးမြို့စောင့် အထိုင်တပ်များကို တိုက်ခိုက်ရာတွင် ကိုးကန့်တပ်၏ ထိုးစစ် အကြိမ်ကြိမ် အဖျားရှူးခဲ့သည်ကို တွေ့ရသည်။

ယင်းကာလ ဇူလိုင်လ ၁၀ ရက်တွင် တန့်ယန်းမြို့ကို “ဝ” တပ်ဖွဲ့က လည်းကောင်း၊ ဇူလိုင်လ ၁၃ ရက်တွင် မိုင်းရယ်မြို့ကို သျှမ်းတပ်-SSPP ကလည်းကောင်း စစ်မီးမကူးစက်ရေး အကြောင်းပြ ဝင်ရောက် ထိန်းချုပ်ခဲ့သည်။
ဇူလိုင်လ ၁၀ ရက် နောင်ချို ကျပြီးနောက် ၎င်းဖြစ်စဥ်များ ဆက်တိုက် ဖြစ်ပွားလာသည်ဖြစ်ရာ စိတ်ဓာတ်ရေးရာအရ စစ်ကောင်စီတပ်အပေါ် များစွာ သက်ရောက်မှု ရှိခဲ့သည်ကိုလည်း တွေ့ရသည်။
စိတ်ဓာတ် စစ်ဆင်ရေး
‘၁၀၂၇ စစ်ဆင်ရေး’ ပထမ စစ်ပွဲအတွင်း များစွာ စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ကိုးကန့်တပ်နှင့် TNLA တို့၏ ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ဖြစ်သည်။
ပြီးခဲ့သည့် ကြံ့ခိုင်ရေးနှင့် NLD အစိုးရ ကာလ ကိုးကန့်တပ်သည် လောက်ကိုင်ဒေသ၊ TNLA သည် နမ့်ခမ်းဒေသ၊ ရက္ခိုင့်တပ်တော် AA သည် ရခိုင်ဒေသ စသည်တို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ လူထုထောက်ခံမှု များများစားစား ရခဲ့ခြင်း မရှိပေ။

ကိုးကန့်နှင့် TNLA ဆိုပါက သျှမ်းမြောက်ဒေသရှိ လူထု၏ စိတ်ဝင်စားမှုကိုမျှ မရရှိဟု ဆိုရမည်။
သို့သော် စစ်အာဏာသိမ်းမှုအတူ ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးကိုမူ ညီနောင်မဟာမိတ်များ အကျိုးရှိစွာ အသုံးချနိုင်ခဲ့သည်ကို တွေ့ရသည်။
အထူးသဖြင့် ပြည်မ လူထု၏ စိတ်ခံစားမှုကို မှန်မှန်ကန်ကန် တွက်ချက်နိုင်ခဲ့သဖြင့် အင်အား တရှိန်ထိုး ကြီးထွားလာသည့် နည်းတူ လူထု ထောက်ခံမှု သိမ်းကြုံးရယူနိုင်ခဲ့သည်။
စစ်ကောင်စီ၏ ဘာသာရေး၊ လူမျိုးရေး စသည့် ထိလွယ်ရှလွယ် ဝါဒဖြန့်ချိမှုများအား တုန့်ပြန်ရသည်မှာ မလွယ်ကူ သော်လည်း လူငယ်များ ဦးဆောင်သည့် နိုင်ငံရေးဌာန၏ စည်းရုံးရေးနှင့် တန်ပြန် ဝါဒဖြန့်ချိမှုသည် ကနဦး စစ်ပွဲ ကိုးကန့်ဒေသ တိုက်ပွဲစဥ်များတွင် ကောင်းစွာ အလုပ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီတပ် အစုလိုက် အပြုံလိုက် လက်နက်ချမှုများသည် ၄င်းတို့၏ စည်းရုံးရေးနှင့် ဝါဒဖြန့်ချိမှုများ အောင်မြင်ကြောင်း အကောင်းဆုံး သက်သေ ဖြစ်သည်။
“၁၀၂၇” စစ်ဆင်ရေး ဒုတိယပိုင်းတွင် စစ်ကောင်စီသည်လည်း ဘက်စုံဝါဒဖြန့်ချိမှုကို တိုက်ရိုက် အားစိုက်ခဲ့ပြီး ကိုးကန့်တပ်ကမူ မြေပြင် တိုက်ပွဲနှင့် ဟန်ချက်ညီသည့် ဘက်စုံ ဝါဒဖြန့်ချိမှု ကျင့်သုံးနေသည်ကို တွေ့ရသည်။
ထိုးစစ် တုန့်ဆိုင်းနေစဥ် ဇူလိုင် ၁၅ ရက်မှ ၁၈ ရက် ညသန်းခေါင်အထိ အပစ်ရပ်မည်ဟု ကြေညာခဲ့သည်။ ထို့နောက် ဇူလိုင် ၁၉ ရက်တွင် လကုန်အထိ အပစ်ရပ်မည်ဟု ထပ်မံ ကြေညာခဲ့ပြန်သည်။
ဇူလိုင်လ ၂၂ ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ရာထူး ရယူခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ရာ ဇူလိုင်လ ၂၃ ရက်တွင် စစ်ကောင်စီ ဗိုလ်မှူးကြီး ဦးဆောင်၍ စစ်သား ၃၁၇ ဦး လက်နက်ချသည်ဟု ကိုးကန့် နိုင်ငံရေးဌာန သတင်းနှင့် ပြန်ကြားရေးက အချိန်ကိုက် တခမ်းတနား ထုတ်ပြန်သည်ကို တွေ့ရသည်။
ထို့အတူ ဇူလိုင်လ ၂၅ ရက်တွင် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီးဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်တွင် လားရှိုးမြို့ အုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းအုပ်ချုပ်မည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၂၇ ရက်တွင် သိမ်းပိုက်ရရှိသည့် စစ်တပ်စခန်းနှင့် မြို့တွင်းနေရာများ၊ ကင်းလှည့်မှုများ စသည်ဖြင့် ကိုးကန့်တပ်က ဆက်တိုက် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ယင်းထုတ်ပြန်မှုများ မှန်ကန်မှုမရှိကြောင်းနှင့် လားရှိုး စစ်ဌာနချုပ် ရမခ ကျဆုံးခြင်းမရှိကြောင်း စစ်ကောင်စီ ပြောခွင့်ရက ထွက်ရှင်းသော်လည်း အခြေအနေ ပိုမိုဆိုးရွားစေရန် တွန်းပို့သကဲ့သို့သာ ဖြစ်ခဲ့သည်ကို တွေ့ရသည်။
များစွာ ရယ်မောဖွယ် ကောင်းသည်မှာ လားရှိုး ရမခ စစ်ဌာနချုပ် မကျသေးဆိုသည့် စစ်ကောင်စီ ပြောခွင့်ရ၏ ပြောဆိုမှုမှာ အဖြစ်မှန် ဖြစ်သော်လည်း ပြည်သူလူထု အနေဖြင့် မယုံကြည်တော့သည့် အချက်ဖြစ်သည်။
စစ်ကောင်စီသည် လိမ်ညာ လှည့်စားသည့် လူရမ်းကား သူခိုးဓားပြများသာ ဖြစ်သည်ဟု ပြည်သူလုထု စိတ်ဝယ် စွဲထင်သွားသည်ကို ယင်းအချက်က သက်သေပြနေသည်။

ယင်းသို့ ဟန်ချက်ညီ ဝါဒဖြန့်ချိမှုများ အချိန်ကိုက် ပြုလုပ်နိုင်သည့် အကျိုးအာနိသင်ကြောင့် စစ်ပွဲစတင်ပြီး ရက်အနည်းမှစ၍ စစ်တပ်မှ ထွက်ပြေးသူများ များပြားလာရာ တရက်လျှင် ပျှမ်းမျှ ၃၀ နှင့် ၄၀ကြားအထိ ရှိခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
အထူးသဖြင့် မင်းအောင်လှိုင် သမ္မတရာထူး ယူပြီးနောက် စစ်နိုင်ရန် မျှော်လင့်ချက်မရှိတော့ဟု သဘောရသည့် ရှေ့တန်း၌ တာဝန်ထမ်းဆောင်နေသည့် စစ်ဦးစီး တတိယတန်း အရာရှိငယ်များ ထွက်ပြေးကြသည်ဟု ၄င်းကထပ်ပြောသည်။
ခြုံ၍ဆိုရသော် လူသူ လက်နက် သာလွန် အင်အားဖြင့် ခံစစ်ဆင်ရသော စစ်ကောင်စီတပ်သည် ဘက်စုံဝါဒဖြန့်ချိမှုအောက် မလူးလွန့်သာ ကျဆုံးနေရပြီဟု ဆိုရတော့မည်။
နေဝန်းနီတို့၏ နောက်ဆုံးနေ့ရက်များ
တေးသီကျူးဖွဲ့နွှဲ့ရသည်အထိ လှပသော လားရှိုးမြို့သည် ယခုတိုင် ယမ်းပေါက်ကွဲသံများဖြင့် ခြောက်ခြားဖွယ် အတိ ဖြစ်သည်။
ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်း သတင်းများအရ လားရှိုးမြို့ ရမခ စစ်တိုင်းဌာနချုပ်၊ AT ဝန်တင်တပ်၊ အမှတ် (၆၀၀၇) တင့်ကားတပ်၊ အမှတ် (၇) အဆင့်မြင့် ဆက်သွယ်ရေးတပ်၊ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်၊ အမှတ် (၃၄၆) အမြောက်တပ်၊ အမှတ် (၆၂၆) ထောက်ပို့တပ်၊ လားရှိုးလေတပ်ဆွယ်တို့ ကျန်ရှိနေသေး သဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသေးသည်။
သို့သော် နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာရှင်၏ နယ်မြေ ကျူးကျော်မှုကို အရောင်တင်ပေးနေသည့် တိုင်းစစ်ဌာနချုပ်ကြီးသည် ဘက်စုံ စစ်ပွဲကြား စိတ်ဓာတ်ရေးရာအရ ချုံးချုံးကျနေသည်ဖြစ်ရာ မကြာမီ သျှမ်းမြေပေါ်မှ အပြီးတိုင် ကွယ်ပျောက်သွားတော့မည်မှာ သေချာနေပြီ ဖြစ်သည်။
ကွန်မြူနစ် အန္တရာယ် ကာကွယ်ရန်ဟု ခေါင်းစဉ်တပ်၍ ၁၉၆၉ ခုနှစ်တွင် စစ်အာဏာရှင် ဦးနေဝင်း စတင် တည်ထောင်ခဲ့သည့် နေဝန်းနီဟု တင်စားခံရသည့် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သည် စစ်အာဏာရှင် စနစ် အတွက် အောင်ပွဲအလီလီ ရယူ ဝံ့ကြွားခဲ့သည်မှာ ပုံပြင်ပမာ ဖြစ်လေတော့မည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ သျှမ်းမြောက် ထိုးစစ် အသွယ်သွယ်ကို ကြံ့ကြံ့ခံ အောင်ပွဲဆင်ခဲ့သည့် နေဝန်းနီ တို့ကို တချိန်က ဗကပ၏ အစိတ်အပိုင်း အဖြစ် ရပ်တည်ခဲ့သည့် ကိုးကန့်တပ်က ဖြိုချနေသည်ကို သခင်ဗသိန်းတင် မြင်နိုင်ပါမူ ပြုံးနေမည်လော၊ ဟားတိုက် ရယ်မောနေမည်လော၊
သို့တည်းမဟုတ် ငယ်ရွယ် ထက်မြက်သည့် ညီနောင်မဟာမိတ်တပ် ခေါင်းဆောင်များသည် မဟာဗျူဟာကို ကောင်းစွာ နားလည် ကျင့်သုံး အောင်ပွဲခံနိုင်ပါသော်လည်း ထို့ထက် တဆင့်မြင့်သည့် အဂ္ဂမဟာဗျူဟာကို နားလည်နိုင်စွမ်း မရှိပါဘဲ ရေရှည်တွင် ကျူးကျော်သူများ အဖြစ် ပြဿနာပေါ်မည်ကို မသိရန်ကောဟု သက်ပြင်းချနေမည်လော။
မည်သို့ပင် ဖြစ်စေကာမူ စစ်အာဏာရှင် ဦးနေဝင်း ကို ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ပြီး စစ်အာဏာရှင် အဆက်ဆက်ကို ကူညီခဲ့သည့် ဝေါ်ရှင်တန် သည် နေဝန်းနီတို့ ကျဆုံးမှုကို မည်သို့ စိုးရိမ်တကြီး တုန့်ပြန်မည် ဆိုသည်မှာလည်း များစွာ စိတ်ဝင်စားဖွယ် ဖြစ်ပါကြောင်း။
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် ယူဆချက်များသည် စာရေးသူ ခွန်နောင်၏ အာဘော်သာ ဖြစ်သည်)












Leave a Comments