Thursday, July 4, 2024

ကျောက်မဲမြို့စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်လို့ TNLA ပစ်သတ် ဗီဒီယိုဖိုင်အမှား

Must read

ချင်းပြည်နယ်မှ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ စစ်ရှောင် ၃ ဦးကို ပလောင်စကားမတတ်ဟုဆိုကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပစ်သတ်ခဲ့တယ်လို့ သတင်းအမှားဖြန့်ချိနေပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ် Ka Ka Han အကောင့်ကနေ ဖြန့်ချိခဲ့ပြီး
“ကျောက်မဲမြို့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ သျှမ်းတိုင်းရင်းသား ၁ ဦးနဲ့ ဗမာ ၂ ဦးကို ပလောင်စကားမတတ်လို့ဆိုပြီး TNLA ပလောင်အကြမ်းဖက်မှ ရက်ရက်စက်စက်သတ်ဖြတ်” (မူရင်းအတိုင်း) ဟုဆိုကာ ဗီဒီယိုဖိုင်တစ်ခုနှင့်အတူ ဖြန့်ချိခဲ့တာပါ။

ထိုသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၂၆,၀၀၀ ကျော်ပြီး “ဘညွန့်” တယ်လီဂရမ်ချယ်နယ်ကလည်း ထပ်ဆင့်ဖော်ပြထားပါတယ်။

မူရင်းလင့်ခ် – https://archive.ph/gTBji

စစ်ဆေးခြင်း

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် ထိုအကြောင်းအရာကို စစ်ဆေးကြည့်လိုက်တဲ့အခါ ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

မေလ ၂၃ ရက်နေ့က ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား သုံးဦးကို ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာပါ။ အဲ့ဒီဗီဒီယိုဟာ ဇွန်လ ၂၂ ရက်နေ့ကတည်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဗီဒီယိုဖိုင်ဟာ ၂ မိနစ် ၄၆ စက္ကန့်ကြာမြင့်ပြီး CNA တံဆိပ်တပ်ထားတဲ့ CC ရဲဘော် ၃ ဦးက ဒဏ်ရာအသီးသီး ရထားပြီး စောင်ခြုံနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်သွားတယ်လို့ Zalen သတင်းမှာဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှုနိုင်တဲ့ သတင်းလင့်ခ် – https://shorturl.at/wIl09

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တဲ့ CC တပ်သားများကို ဖော်ထုတ်အရေးယူမယ်လို့ ချင်းပြည်ကောင်စီ (Chinland) ကလည်း ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက် သတင်းလင့်ခ် – https://shorturl.at/MMvrw

ထို့အပြင် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်မှာ အဆိုပါအကြောင်းအရာဟာ TNLA ကျူးလွန်ခြင်းမဟုတ်ဘဲ ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့ကြောင့် ဖြန့်ချိထားတာကို တွေ့ရပါတယ်။

မူရင်းလင့်ခ် – https://archive.ph/YtW7m

ထိုကြောင့် TNLA တပ်က ကျောက်မဲမြို့မှာ ပလောင်စကားမတတ်တဲ့ စစ်ဘေးရှောင်များကို ပစ်သတ်တယ်လို့ ဖြန့်ချိမှုဟာ မှားယွင်းနေပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KIO ဌာနချုပ်လိုင်ဇာ ပြာကျသွားပြီလို့ ဗီဒီယိုဖိုင်အမှား ဖြန့်ချိထားတာကို သျှမ်းသံတော်ဆင့်ကလည်း စီစစ်ခဲ့ဖူးပါတယ်။

စီစစ်ထားတဲ့ သတင်းလင့်ခ် – https://burmese.shannews.org/archives/41706

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများသို့ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

- Advertisement -spot_img

Latest article