Wednesday, July 3, 2024

“သျှမ်းမြောက် စစ်ကောင်စီတပ် ပြိုကွဲတော့မည်လော”

Must read

ဆွေးနွေးမှုများ မအောင်မမြင် ဖြစ်ပြီးနောက် ကြိုတင်မျှော်လင့်ပြီး ဖြစ်သည့် စစ်ပွဲသည် သျှမ်းမြောက်၌ ပြင်းထန်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ညီနောင်မဟာမိတ်တို့၏ ကြီးမား ကျယ်ပြန့်သည့် ထိုးစစ်သည် ဇန်နဝါရီ ၁၁ ရက်နေ့ ဟိုင်ဂင် သဘောတူညီချက်ကြောင့် ၅ လခွဲကြာ စစ်ရပ်ဆိုင်းခဲ့ရပြီး ယခုတဖန် ပြန်လည် စတင်လာသည်။

ဇွန်လ ၂၅ ရက်က ပြန်လည် စတင်ခဲ့သည့် ညီနောင်မဟာမိတ်တပ်ပေါင်းစု၏ “၁၀၂၇” စစ်ဆင်ရေး ဒုတိယပိုင်း အဖြစ် သျှမ်းမြောက်ရှိ လက်ကျန်မြို့များဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး လားရှိုးနှင့် သီပေါ သည်လည်း အချိန်မရွေး စစ်ဖြစ်နိုင်သည့် အနေအထား ဖြစ်သည်။

သို့သော် စစ်ရှုံးနေသည့် စစ်ကောင်စီသည် သမ္မတဟောင်းဦးသိန်းစိန် ကို ပေကျင်းသို့ စေလွှတ်၍ စစ်ရပ်စဲရန် ကြိုးစားနေသည် ဖြစ်ရာ မကြာမီ တရုတ်၏ ဖိအားဖြင့် ဒုတိယ ဟိုင်ဂင် စာချုပ် ပေါ်ပေါက်လာပြီး သျှမ်းပြည်မြောက်ပိုင်း စစ်ပွဲများ ရပ်တန့်မည်လား ဆိုသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

စစ်ပွဲမစတင်မီ အခြေအနေ

ညီနောင်မဟာမိတ်တပ်များ၏ ကနဦး “၁၀၂၇ စစ်ဆင်ရေး” သည် စစ်ကောင်စီတပ် မျှော်လင့်မထားသည့် ထိုးစစ်ဖြစ်ပြီး နေရာအများအပြားကို တပြိုင်နက် တိုက်ခိုက်ခဲ့သဖြင့် အငိုက်ရကာ စစ်ကောင်စီ၏ အုပ်ချုပ် ထောက်ပံ့မှုအား ရှုပ်ထွေးစေခဲ့ရာ အချိန်တိုအတွင်း သမိုင်းဝင် အောင်မြင်မှုရခဲ့သည်ဟု ဆိုရမည်။

ယင်းနောက် တရုတ်၏ ကြားဝင်မှုဖြင့် ဟိုင်ဂင်စာချုပ်အရ စစ်ရပ်စဲခဲ့ရသည်မှာ ၅ လခွဲ ကြာမြင့်ခဲ့သည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ မိုင်းလားရောက်

ဟိုင်ဂင်စာချုပ်တွင် အချက်အလက်များစွာ ပါဝင်နိုင်သော်လည်း အနှစ်အရသာမှာမူ ၂ ဖက်တပ်များ ရောက်ရာအရပ်တွင် ရပ်တန့်ပြီး မန္တလေး-မူဆယ် လမ်းမကြီး ပြန်လည် ဖွင့်လှစ်၍ ကုန်သွယ်ရန်၊ TNLA နှင့် MNDAA တို့၏ အုပ်ချုပ်မှု နယ်မြေကို တရားဝင် အသိအမှတ်ပြုရန် ဖြစ်သည်။

သို့သော် ယင်းကိစ္စ နှစ် ခုလုံး အကောင်အထည် ဖော်နိုင်ခြင်း မရှိသည်သာမက စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်များ အပြိုင်အဆိုင် အင်အားတိုးချဲ့ စစ်ပြင်နေသည်ဖြစ်ရာ စစ်ပွဲ ထပ်မံဖြစ်ပွားမည်မှာ သေချာပြီး ဖြစ်သည်။

စစ်ကောင်စီတပ် အနေအထား

လက်ရှိ လားရှိုး အရှေ့ဘက် မုန်းကျက်၊ မုန်းယော်ဒေသကို ညီနောင်မဟာမိတ်တပ်က ထိန်းချုပ်ထားပြီး TNLA က လားရှိုးမြို့၏ နောက်ကျောဟု ဆိုရမည့် နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံ စသည့် ဒေသများကို သိမ်းပိုက်ထားသည်။

ထို့အပြင် နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့်မြို့များအား ထိန်းချုပ်ထားနိုင်ဆဲဟု ဆိုနိုင်သော်လည်း ယင်းဒေသမှသည် လားရှိုး အနီးတဝိုက် အထိ ညီနောင်မဟာမိတ်များ တပ်ဖြန့်ထားပြီး ဖြစ်ရာ စစ်ကောင်စီတပ် အနေဖြင့် နယ်မြေစိုးမိုးနိုင်ရန် အကန့်အသတ်များစွာ ရှိနေပြီး ဖြစ်သည်။

စစ်ကောင်စီ

သို့ဖြစ်ရာ “၁၀၂၇” စစ်ဆင်ရေး ရပ်စဲပြီးနောက် စစ်မြေပြင် အနေအထားကို ခြုံငုံသုံးသပ်ပါက စစ်ကောင်စီ၏ အခြေ မဏ္ဏိုင် ဖြစ်သည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်သည့် လားရှိုးသည် မဟာမိတ်တပ်များ ဝိုင်းရံခံထားရသည့် အနေအထား ဖြစ်သည်။

ယင်းသို့ ပုံမကျပန်းမကျ ဖြစ်နေသည့်တပ်များ ဝိုင်းရံခံရသည့် အနေအထားကို ပြင်ဆင်နိုင်ရန် စစ်ကောင်စီ အနေဖြင့် ကြိုးစားခဲ့သည်မှာ ထင်ရှားသည်။

အထူးသဖြင့် “၁၀၂၇” စစ်ဆင်ရေး အတွင်း လဲပြိုခဲ့သည့် စစ်ကောင်စီတပ်သည် စစ်ရပ်စဲသည်နှင့် တပြိုင်နက် ကြည်းကြောင်း သာမက လေကြောင်းကပါ လားရှိုးသို့ လူသူလက်နက်ခဲယမ်း အဆက်မပြတ် ဖြည့်တင်းနေသည်မှာ စပွဲပြန်စသည့်တိုင် ဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်၏ အဆိုအရ စစ်ကောင်စီသည် တိုက်ခိုက်ရေးတပ် အင်အား တစ်သောင်း ဝန်းကျင်အထိ ဖြည့်တင်းပြီး တန်ပြန်ထိုးစစ်အတွက် စီမံချက်ရေးဆွဲခဲ့သည်။

ပထမ စစ်ပွဲကာလ အထူးသဖြင့် လောက်ကိုင်တွင် လက်နက်ချခဲ့သည့် တပ်များအား ပြန်လည် သင်တန်းပေး၍ စုဖွဲ့ခဲ့သည်ဟု ဆိုသည်။

သို့သော် အကြောင်းမလှစွာပင် လျင်မြန်စွာ ပြိုကွဲနေသည့် ရခိုင် စစ်မျက်နှာကို ကျားကန်ရန် တိုက်ခိုက်ရေးတပ် အများအပြား ထုတ်နှုတ်ခဲ့ရပြန်သည်။

ယင်းထုတ်နှုတ်တပ်များ နေရာတွင် တပ်များ ချက်ချင်း အစားထိုးခဲ့သည်မှာ လက်ရုံးတပ်နှင့် တကွ ရနိုင်သမျှ ထုတ်နှုတ်ထားသည့် စုပေါင်းစပ်ပေါင်း အညံ့စား တပ်များသာ ဖြစ်နေသဖြင့် ထိုးစစ်စတင်ရန် စစ်ခေါင်းဆောင်များ တွေဝေခဲ့သည်ဟု စစ်ရေးသတင်းမြစ်က ဆိုသည်။

ညီနောင်မဟာမိတ်တပ် အနေအထား

စစ်ရပ်စဲပြီးနောက် ညီနောင်မဟာမိတ်တပ်များ အနေဖြင့် ပင်ပန်းလှပြီဖြစ်သည့် တပ်များကို ချက်ချင်း အနားပေးပြီး သိမ်းပိုက် နယ်မြေများတွင် အုပ်ချုပ်ရေး အလျင်အမြန် ထူထောင်သည့်နည်းတူ စစ်အင်အား အလုံးအရင်း စုဆောင်း လေ့ကျင့်ခြင်းကိုပါ တပြိုင်နက် ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

၎င်းတို့ အနေဖြင့် ယခင် စစ်ကောင်စီနှင့် ဆွေးနွေးခဲ့သည့် အတွေ့အကြုံများအရ ဟိုင်ဂင် စာချုပ်သည် စစ်ကောင်စီတပ်များ ပြန်လည် အားသစ်လောင်းရန် အနားတောင်းသည့် အခြေအနေထက် မပိုဟု သဘောရပြီး ဖြစ်သည်။

သို့ဖြစ်ရာ ယခု ဖြစ်ပွဲနေသည့် စစ်ပွဲသည် ၂ ဖက်စလုံးက ကြိုတင်မျှော်လင့် ပြင်ဆင်ပြီးနောက် ဖြစ်ပွားလာသည်ဟု ဆိုရမည်။

စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်

စစ်ပွဲ ယာယီ ရပ်တန့်သည်နှင့် တပြိုင်နက် စစ်ကောင်စီ အနေဖြင့် အင်အားအလုံးအရင်း ဖြည့်တင်းပြီး တန်ပြန်ထိုးစစ် စီမံချက် ရေးဆွဲခဲ့သည်ဟု စစ်ရေးသတင်းမြစ်က ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ ဖိအားပေးမှုဖြင့် ရေးဆွဲထားသည့် တန်ပြန်ထိုးစစ် အနှစ်ချုပ်မှာ လားရှိုးမှ အင်အားအလုံးအရင်းဖြင့် ညီနောင်မဟာမိတ်များ သိမ်းပိုက်ထားသည့် သိန္နီနှင့် ကွတ်ခိုင်သို့ ချီတက်ရန် ဖြစ်သည်။

ချီတက်ရာ လမ်းတလျှောက် လေကြောင်း သာမက လက်နက်ကြီးများ ထိရောက်စွာ ပစ်ခတ်ရှင်းလင်းရန်ဖြစ်ရာ လက်တွေ့ ပစ်ခတ် လေ့ကျင့်မှုများ နေ့စဉ် ပြုလုပ်သဖြင့် TNLA က အကြိမ်ကြိမ် ထုတ်ပြန် ကန့်ကွက်ခဲ့ရသည်။

စီမံချက်အရ သိန္နီသို့ ချီတက်နိုင်ပါက နောင်ချို၊ ကျောက်မဲဒေသရှိ ညီနောင်မဟာမိတ်တပ်များ ပြန်လည် ဆုတ်ခွာ၍ ခံစစ်ဆင်ရမည်ဟု စစ်ခေါင်းဆောင်က တွက်ဆသည်ဖြစ်ရာ လက်တွေ့ဖြစ်လာပါက လားရှိုးမြို့ ဝိုင်းပတ်ခံရမှုမှ တစိတ်တပိုင်း ထွက်ပေါက်ရမည် ဖြစ်သည်။

ထို့အပြင် စစ်ရေးအရ အချက်အခြာကျသည့် သိန္နီနှင့် ကွက်ခိုင်ကို ပြန်လည်ရရှိပါက စစ်ကောင်စီ အနေဖြင့် ညီနောင်မဟာမိတ်နှင့် KIA တပ် သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည် ခြိမ်းခြောက်နိုင်ပြီ ဖြစ်သည်။

သို့သော် စီမံချက်သည် သိသာထင်းရှားလွန်းပြီး တိုက်ရိုက်ချဥ်းကပ်မှု ဖြစ်သဖြင့် အောင်မြင်ရန် ခက်ခဲသည့်အပြင် သတင်းပေါက်ကြားမှုများ ရှိခဲ့သည်ဖြစ်ရာ ပြီးခဲ့သည့် မေလ အတွင်းက ကွက်ခိုင်မြို့ပေါ်တွင် TNLA အင်အားထောင်ချီ ချီတက် အင်အားပြခြင်းဖြင့် တန်ပြန်ခဲ့သည်ကို တွေ့ရသည်။

စစ်ကောင်စီတပ် ပြိုကွဲတော့မည်လော

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် ပြန်လည်စတင်ခဲ့သည့် ညီနောင်မဟာမိတ်တပ်များ၏ “၁၀၂၇” နောက်ဆက်တွဲ စစ်ရေး အတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့များကို တပြိုင်နက် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ကမူ မိုးမိတ်မြို့ကို ထပ်မံ တိုက်ခိုက်နေသည်ကို တွေ့ရသည်။

ယမန်နေ့ကမူ လားရှိုးမြို့အနီး နမ့်ဖူးယိုင်ဒေသကို စစ်ကောင်စီက တိုက်ခိုက်ခဲ့ရာက MNDAA နှင့် တိုက်ပွဲ ဖြစ်ပွားပြီး ဂုတ်တွင်းဒေသတွင်ပါ တိုက်ပွဲများ ကျယ်ပြန့်လာသည်ကို တွေ့ရသည်။

ယနေ့တွင်မူ MNDAA အပါအဝင် ညီနောင်မဟာမိတ်တပ်များ သီပေါမြို့ကို ဝန်းရံထားသည်ဖြစ်ရာ သျှမ်းတောင်နှင့် ချတ်ဆက်ထားသည့် ကျောက်ဂူလမ်းပိုင်းပါ မဟာမိတ်ညီနောင်တပ်များ ဖြတ်တောက်မည့် အနေအထား ဖြစ်သည်။

နောင်ချိုနှင့် ကျောက်မဲကို ညီနောင်မဟာမိတ် ပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီး မကြာမီ အလုံးစုံ သိမ်းပိုက်နိုင်မည့် အနေအထား ဖြစ်သည်။

ထို့အပြင် မိုးကုတ်နှင့် မိုးမိတ်တွင် တိုက်ပွဲများ ပြင်းထန်နေသည်ဖြစ်ရာ တိုက်စစ်အားကောင်းလှသည့် ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်နိုင်မည်ဟု တွက်ဆနိုင်သည်။

သို့ဆိုလျှင် လားရှိုးသည် အထီးကျန်စွာဖြင့် တိုက်ခိုက်ခံရမည့် အချိန်ကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

ထိုအပင် စစ်ကောင်စီတပ် အနေဖြင့် တန်ပြန်ထိုးစစ်ဆင်ရန် နောက်ကျခဲ့ပြီးနောက် တိုက်ခိုက်ခံရတော့မည်ဟု တွက်ဆ၍ အကြီးအကျယ် ခံစစ်ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။

များစွာ အံ့အားသင့်ဖွယ် ကောင်းသည်မှာ သေချာကျနစွာ ခံစစ်ပြင်ထားသော တပ်များကို ညီနောင်မဟာမိတ်တပ်များ အလစ်အငိုက် မရပါဘဲ တိုက်ရိုက်ချဉ်းကပ်၍ တိုက်ခိုက်ရာတွင်လည်း အောင်ပွဲများ ရရှိခဲ့သည့် အချက်ဖြစ်သည်။

ယင်းအချက်နှင့် ပတ်သက်၍ အငြိမ်းစား စစ်တပ်အရာရှိကြီး တစ်ဉီးက “စိတ်ဓာတ်ရေးရာ ပြဿနာပေါ့။ တပ်မတော် တစ်ခုလုံး စိတ်ဓာတ်ပျက်ပြားနေတဲ့ လက္ခဏာပေါ့” ဟု မှတ်ချက်ပြုသည်။

လက်ရှိ ညီနောင်မဟာမ်တ်တပ်များ၏ ထိုးစစ်သည် သျှမ်းမြောက်တွင်သာမက မြေပြန့် ဆက်စပ်ဒေသဖြစ်သည့် မတ္တရာနှင့် သပိတ်ကျင်းတွင်ပါ ပြုလုပ်နေသည်ဖြစ်ရာ ရည်မှန်းချက်ကြီးသည်ဟု ဆိုရမည်။

အထူးသဖြင့် မတ္တရာ ထိုးစစ်သည် လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်ပြီး မန္တလေး လွင်ပြင်ဒေသကို မျက်စပစ်နေသည်ဖြစ်ရာ မြေပြန့်ဒေသ စစ်မျက်နှာ မိုင်များစွာ ခုခံကာကွယ်ရသည့် စစ်ကောင်စီတပ် အတွက် အကျပ်ဆိုက်မည်သာ ဖြစ်သည်။

ဖြစ်နိုင်ခြေ နည်းပါးသော်လည်း PDF တပ်များ မန္တလေး လွင်ပြင်သို့ အင်အားကြီးမားစွာ ထိုးစစ်ဆင်နိုင်ပါမူ လားရှိုးမြို့သည် များစွာအရေးမပါတော့ဘဲ လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အနေဖြင့် မဟာဗျူဟာမြောက် အကျဉ်းကျ နေသကဲ့သို့သာ ရှိတော့မည် ဖြစ်သည်။

သို့ဖြစ်ရာ သျှမ်းမြောက် စစ်မျက်နှာ တစ်ခုလုံးကို ခြုံငုံသုံးသပ်ပါက စစ်ကောင်စီတပ် အနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အားသာမှုကို အစွမ်းကုန် အသုံးပြုနေသော်လည်း လျင်လျင်မြန်မြန် ပြိုကွဲနေပြီဟု သုံးသပ်နိုင်သည့် အခြေအနေ ဖြစ်သည်။

သျှမ်းမြောက်ရှိ စစ်ကောင်စီတပ် တစ်စုံလုံး ပြိုကွဲပါမူ တန်ပြန်ထိုးစစ်ဆင်နိုင်ရန် မဖြစ်နိုင်တော့သည့် နည်းတူ စစ်ကောင်စီ အနေဖြင့် စစ်ယန္တရား တစ်စုံလုံး ပြိုမကျရေး အတွက် ကြိုးစားရတော့မည့် အခြေအနေသို့ ဆိုက်ရောက်မည်သာ ဖြစ်သည်။

သို့သော်…………

ဒုတိယ ဟိုင်ဂင် စာချုပ်ဖြင့် စစ်ရပ်စဲမည်လော

သျှမ်းမြောက် ပထမ စစ်ပွဲနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မဟာမိတ်ညီနောင် သုံးဖွဲ့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်ကနေ ၉ ရက်အထိ ကူမင်းမြို့တွင် ဆွေးနွေးရာ ယာယီ တိုက်ပွဲ ရပ်စဲခဲ့သော်လည်း တစ်ပတ်ခန့် အကြာ ဒီဇင်ဘာ ၁၈ ရက်မှ စတင်ကာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်။

ဒုတိယ အကြိမ် ကူမင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့ရာ ရလဒ် တစုံတရာ မထွက်ပေ။

ပုံ- NSPNC နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ မိုင်းလား၌ တွေ့ဆုံဆွေးနွေးစဥ်။

တတိယ အကြိမ် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ နှင့် ၁၂ ရက်တွင် ပြုလုပ်ရာ စစ်ရပ်စဲရေး ဟိုင်ဂင် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

ယင်းနောက် ဟိုင်ဂင် စာချုပ် နောက်ဆက်တွဲ ဆွေးနွေးပွဲများ ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သော်လည်း ထပ်မံ၍ တစ်စုံတရာ သဘောတူညီမှုမရဘဲ ယခုကဲ့သို့ စစ်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒုတိယ အကြိမ် စစ်ပွဲ မစတင်မီ ကပင် တရုတ်နိုင်ငံ၏ သံတမန်ရေး လှုပ်ရှားမှုများ ခပ်စိပ်စိပ် ပေါ်ပေါက်လာပြီး စစ်ပွဲစတင်ပြီးနောက် ဇွန်လ ၂၆ ရက်တွင် တရုတ် အထူးကိုယ်စားလှယ် နေပြည်တော်၌ သမ္မဟောင်း ဦးသိန်းစိန် နှင့် တွေ့ဆုံခဲ့သည်။

ဇွန်လ ၂၇ ရက်တွင်မူ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပေကျင်းသို့ စစ်တပ် အထူးလေယဥ်ဖြင့် သွားရောက်ခဲ့သည်ကို တွေ့ရသည်။

“ငြိမ်းချမ်းစွာ အတူယှဥ်တွဲရေးမူ (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အခမ်းအနား” တက်ရောက်သည့် ဦးသိန်းစိန် ကို တရုတ်သမ္မတက အရေးတယူ ပြုကြောင်း ပြသခဲ့သည်ကိုလည်း ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

ထို့အပြင် မာနကြီးလှသည့် ဝါရင့် သံတမန်ဖြစ်သူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဦးသိန်းစိန် ကို ဇွန်လ ၂၉ ရက်တွင် လက်ခံ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

သို့ဖြစ်ရာ ကတိုက်ကရိုက်နိုင်လှသည့် သမ္မတဟောင်း ဦးသိန်းစိန် ၏ တရုတ်ခရီးစဉ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် မျက်နှာချင်း မဆိုင်လိုသည့် တရုတ်ခေါင်းဆောင်များ၏ သဘောထားကို သယ်ဆောင်လာမည့် ခရီးစဉ် ဖြစ်သည်ဟု ယုံကြည်ရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ ဦးသိန်းစိန် သယ်ဆောင်လာမည့် သတင်းစကားသည် မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ရိုက်ခတ်မှု ကြီးမားဖွယ်ရှိနေပြီး နိုင်ငံရေးအရ အပြောင်းအလဲ တစ်စုံတရာ ပေါ်ပေါက်ရန်မှာမူ ကနဦး အနေဖြင့် စစ်ပွဲများ ရပ်စဲရေးသည် ဦးစားပေး ဖြစ်မည်သာ။

သို့ဖြစ်ရာ ညီနောင်မဟာမိတ်တပ်များ အောင်ပွဲနှင့် တဖန် နီးကပ်နေစဥ် အချိန်ကိုက် ဒုတိယ ဟိုင်ဂင် စာချုပ် ပေါ်ပေါက်လာရန် ရှိနေသည်ကိုမူ သက်ဆိုင်သူ အားလုံးနှင့် ပြည်သူလူထု အနေဖြင့် သတိပြုသင့်လှပေသည်။

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် ယူဆချက်များသည် စာရေးသူ ခွန်နောင်၏ အာဘော်သာ ဖြစ်သည်)

Leave a Comments

- Advertisement -spot_img

Latest article