Friday, October 11, 2024

ဗန်းမော်မြို့ စစ်ရှောင်များ ရေဘေးသင့်မှု ထပ်ကြုံရ

Must read

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် တိုက်ပွဲများကြောင့် ဘုန်းကြီး‌ကျောင်းတွင် စစ်‌ဘေးရှောင်လာသူများသည် ဧရာဝတီမြစ်ရေ မြှင့်တက်မှုကြောင့် နေရာအခက်အခဲများ ဆက်လက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၁ ရက်) ရက်မှ စတင်ပြီး ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြှင့်တက်လာမှုကြောင့် ခွန်သာ-မြေနုရပ်ကွက် တပ်ကလေးဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ရာနှင့်ချီသည် နေရာအခက်အခဲများ ကြုံတွေ့ရပြီး ရေဘေးသင့်နေကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခွန်သာ-မြေနုဘက်က ရေပိုကြီးတယ်။ အရင်နှစ်တွေထက် ရေကြီးတော့ အဲ့ရပ်ကွက်က ပိုဆိုးတယ်။ လမ်းသွားလမ်းလာလည်း ခက်တယ်၊ လှေတွေပါ စီးနေရတာ မြစ်ကမ်းနံဘေးပေါ့။ တချို့နေရာက အိမ်အောက်ထိ ရေရောက်တာပေါ့။ တပ်ကလေး ကျောင်းမှာနေတဲ့ စစ်ဘေးရှောင်တွေကတော့ အောက်ထပ်မှာ နေမရတော့ အပေါ်ထပ်မှာ တက်နေရတာ”ဟု ဗန်းမော်မြို့မှ ၎င်းစစ်ဘေးရှောင်အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြှင့်တက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေသူများသည် ရေဘေးကြောင့် နေထိုင်ရန် အခက်အခဲများ ထပ်မံကြုံတွေ့နေရကြောင်း စစ်ဘေးအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ခုတောင် စစ်ဘေးရှောင်လာလို့ ခက်ခဲနေတာ စဉ်းစားကြည့်လေ အိမ်မှာတောင် မနေရတော့ဘူး လူအများကြားမှာ လာနေပြန်တော့လည်း ရေဘေးကြောင့် ထပ်ပြီး ခက်ခဲနေတာ။ နေထိုင်ဖို့နဲ့ စားနပ်ရိက္ခာအတွက်က အခက်အခဲဖြစ်နေတာလေ”ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ဧရာဝတီမြစ်ရေ မြှင့်တက်မှုကြောင့် မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဖားကန့်မြို့နှင့် အခြားသော မြစ်ကြောင်းတစ်လျှောက် နီးစပ်သည့်နေရာများ ရေဘေးသင့်နေပြီး ပိတ်မိသူများလည်း ကျန်ရှိနေကာ ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ဗန်းမော်မြို့တွင် ဇွန်လအတွင်းက စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ဘုန်းကြီးကျောင်းများတွင် လာရောက်တိမ်းရှောင်နေသူ ထောင်နှင့်ချီ ရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ယနေ့ (ဇူလိုင်လ ၂ ရက်) မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် စိုးရိမ်ရေမှတ်အောက် ၁ ပေခန့် (၂၉ စင်တီမီတာ) တွင် ရောက်ရှိနေပြီး နောက် ၆ နာရီအတွင်း စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရေကြီးခြင်းသတိပေးချက် ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article