သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲကြား လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုကြောင့် အရပ်သား (၄) ဦး သေဆုံးပြီး အရပ်သား ၅ ဦး ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇူလိုင်လ ၁ ရက်) ညနေ ၆ နာရီခန့်တွင် ကျောက်မဲမြို့ပေါ် ရပ်ကွက်(၈)ရှိ အမက-၉ စာသင်ကျောင်းအနီး သားအမိ (၃) ဦး နေအိမ်ရှေ့တွင် သေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း ကျောက်မဲဒေသခံများက ပြောသည်။
“ရပ်ကွက် ၈ ဘက် အမက-၉ ကျောင်းနားမှာ လက်နက်ငယ်ထိမိပြီး သားအမိ ၃ ယောက်ဆုံးတာ။ အမေက အပြင်က ပြန်လာတဲ့ သားနှစ်ယောက်ကို ခြံဝင်းတံခါး သွားဖွင့်ပေးတာဖြစ်မယ်။ အိမ်ရှေ့ ဝင်းတံခါးမှာတင် သေနတ်ဒဏ်ရာနဲ့ ဆုံးနေတာ။ ဘယ်သူက ပစ်သွားလဲတော့ မသိသေးဘူး”ဟု ကျောက်မဲမြို့မှ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နေအိမ်ရှေ့တွင် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် သားအမိ (၃) ဦးကို မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းက ပစ်ခတ်ခဲ့ကြောင်း မသိရှိရဘဲ ကျောက်မဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့ နှစ်ဘက်စလုံးက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်နေကြကြောင်း ကျောက်မဲဒေသခံများက ပြောသည်။
ကျောက်မဲမြို့ ရပ်ကွက်(၈)တွင် သေနတ်ပစ်ခတ်ခံရပြီး အရပ်သား သေဆုံးသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား (၂) ဦးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ဇူလိုင်လ (၂) ရက်တွင် ထုတ်ပြန်သည်။
အလားတူ ဇွန်လ ၃၀ ရက် ညသန်းခေါင်အချိန်က ကျောက်မဲမြို့ ရပ်ကွက်(၁) ရှိ One Love ဟိုတယ်အနီးသို့ စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းမှ ကြဲချခဲ့ရာ နေအိမ် ၂၀ လုံးကျော် ပျက်စီးခဲ့ပြီး ၎င်းအပျက်အစီးကြားထဲတွင် အမျိုးသမီး (၁) ဦး သေဆုံးခဲ့ကြောင်းလည်း ကျောက်မဲဒေသခံများ ထံမှ သိရသည်။
ထို့အပြင် ယမန်နေ့ (ဇူလိုင် ၁ ရက်) ညနေ ၆ နာရီခွဲခန့်တွင် သီပေါမြို့ စံဖိတ်ကွက်သစ်အတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း သီပေါဒေသခံများက ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရထားသည့် အမျိုးသမီး ၂ ဦးသည် ခန္ဓာကိုယ်အောက်ပိုင်း ထိမှန်ဒဏ်ရာပြင်းထန်သောကြောင့် လားရှိုးမြို့သို့ ဆေးကုသရန် ထပ်မံပို့ဆောင်ပေးထားကြောင်း သီပေါဒေသခံများထံမှ သိရသည်။
ဇွန်လ ၂၅ ရက်နေ့တွင် စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့နယ် တိုက်ပွဲများအတွင်း လေကြောင်းဗုံးထိမှန်ခြင်း၊ လက်နက်ကြီး လက်နက်ငယ် ထိမှန်ခြင်းတို့ကြောင့် အရပ်သားသေဆုံးမှု (၆၀) ဦးအထက် ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိလာကြောင်း ဒေသခံများက ပြောသည်။