Tuesday, January 27, 2026

နမ့်ခမ်း TNLA က SSPP တပ်သားများကို ကားတင်ပြီး မူဆယ်ဘက် ပို့ဆောင်

သျှမ်းပြည် နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများကို လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ပြီး မူဆယ်ဘက်သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။

ယနေ့ (မေလ ၂၇ ရက်) နံနက် ၉ နာရီခန့်မှ စတင်ပြီး နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ SSPP တပ်စွဲထားသည့် ကျေးရွာများသို့ TNLA တပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းလာပြီး ၎င်းကျေးရွာများကို ဝိုင်းရံပိတ်ဆို့ကာ SSPP တပ်သားများအား လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်ကာ မူဆယ် သို့မဟုတ် မန်ဟီးရိုးမြို့သို့ ယာဉ်တန်းဖြင့် ပို့ဆောင်လိုက်ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ဒီမနက် ၉ နာရီကျော်လောက်မှာ TNLA က တစ်ရွာချင်းစီကို ဝိုင်းပိတ်ပြီးတော့ SSPP တပ်သားတွေကို လက်နက်သိမ်းပြီး ကားပေါ်တွန်းတက်ခိုင်းတာမျိုး လုပ်တယ်။ သေနတ်သံလည်း မထွက်ဘူး။ တစ်ရွာချင်းစီ အဲ့လိုလုပ်ပြီးတော့ ညနေ ၃ နာရီလောက်မှာ ကားတင်ပြီး အပေါ်ဘက် (မူဆယ်)ကို သွားလိုက်တာ။ ပလောင်စစ်သားတွေက ရှေ့နောက်ကနေ စက်သေနတ်ချိန်ပြီး ကားတင်သွားတာ”ဟု နမ့်ခမ်းမြို့မှ အသက် ၅၀ ကျော်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်ရက်များကတည်းက မန်တုံ၊ ကွတ်ခိုင် နမ့်ဖတ်ကာတို့မှ အင်အားဖြည့်တင်းလာသည့် TNLA တပ်ဖွဲ့က SSPP တပ်သားများကို ဝိုင်းရံပိတ်ဆို့၍ ကားတင်ခေါ်ဆောင်သွားခံရသည့် ကျေးရွာများမှာ ရွှေလီမြစ်ကမ်းဘေးရှိ မန့်ဟောင်းရွာ၊ နောင်မလုံရွာ၊ နောင်တိန်းရွာ၊ နောင်ခမ်းရွာ၊ ကွန်ဟိုင်းရွာတို့ ဖြစ်ပြီး ညနေ ၃ နာရီခန့်တွင် ကား ၁၀ စီးထက်မနည်း ပါဝင်သည့် စစ်ယာဉ်တန်းဖြင့် မူဆယ်ဘက်သို့ ဦးတည်သွားကြောင်း သိရသည်။

ထို့အပြင် ယနေ့ (မေလ ၂၇ ရက်) နံနက်အစောပိုင်းအထိ တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် နောင်ခမ်းရွာတွင် SSPP နှင့် TNLA တပ်ဖွဲ့တို့ နှစ်ဘက်နီးကပ်စွာ နေရာယူထားခဲ့သော်လည်း တရုတ်နယ်စပ်ဂိတ်နှင့် စက်လှေဂိတ်များတွင် ကုန်သွယ်မှု မပြုလုပ်နိုင်ဘဲ ယာယီပိတ်ထားခဲ့ကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

“နောင်ခမ်းရွာက တရုတ်ဘက်က နောင်တောင်း နယ်စပ်ဂိတ်နဲ့ စပ်နေတာ။ အဲ့ဂိတ်မှာ SSPP နဲ့ TNLA နှစ်ဘက်စစ်သားတွေက ကပ်လျက်ပဲရှိနေတာ။ TNLA က အင်အားဖြည့်လာပြီးတော့ ကွန်ဟိုင်းနဲ့ နောင်ခမ်းရွာကြားကို ခြံစည်းရိုးကာပြီး ဖြတ်လိုက်တာ။ ကွန်ဟိုင်းမှာ SSPP တပ်သားများတယ်လို့ ပြောလို့ရတယ် ရွှေလီမြစ် မြောက်ဘက်မှာရှိတာ။ အဲ့ဒီနှစ်ရွာကြားကို TNLA က ဖြတ်လိုက်တော့ SSPP ဘက်က ဘယ်မှသွားလို့မရတော့ဘူး”ဟု နမ့်ခမ်းမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့နယ်ရှိ TNLA တပ်ဖွဲ့က SSPP တပ်သားများကို သေနတ်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်သွားခြင်းတွင် ၎င်းတပ်သားများ၏ သေနတ်ကို သိမ်းဆည်းခြင်း ရှိ/မရှိကို သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“သင်္ကြန်မတိုင်ခင် ကတည်းက ဧပြီလနောက်ဆုံးထား ထွက်ခွာသွားဖို့ ပြောတယ်လို့ ကြားတယ်။ ဒါပေမယ့် မေလအထိ မထွက်ခွာသေးဘူး။ အတွင်းစည်းထဲမှာ ဘယ်လိုဖြစ်နေလဲ ဆိုတာကတော့ မသိနိုင်သေးဘူး။ အခုက အခြေအနေက ကြည့်တတ်ရင် ထုန့်မောဝ်းတစ်နေရာတည်း မဟုတ်ဘူး၊ SSPP က သိန္နီ၊ ကွတ်ခိုင်၊ ပန်ဆိုင်း ဒီနေရာတွေမှာ တပ်ဆုတ်ထားတယ်”ဟု နမ့်ခမ်းမြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ နမ့်ခမ်းမြို့နယ် TNLA တပ်ဖွဲ့က SSPP တပ်သားများကို လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ခေါ်ဆောင်၍ နှင်ထုတ်ခြင်းနှင့် နမ့်ခမ်းမြို့နယ်မှ ထွက်ခွာခိုင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီး စိုင်းဆုထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားပြီး TNLA သတင်းနှင့်ပြန်ကြားရေးဌာနသို့ စာပို့ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း နမ့်ခမ်းမြို့နယ်ရှိ နောင်တောင်း နယ်စပ်ဂိတ်အနီးတွင် သျှမ်းတပ် SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့အကြား အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာခဲ့ခြင်းကြောင့် နှစ်ဘက်အပြန်အလှန် နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ကြကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

အလားတူ ဇန်နဝါရီလ အတွင်းကလည်း TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်ထဲသို့ ညီနောင်မဟာမိတ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားစုဆောင်းရေး ကိစ္စအပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံရေး စသည့် ကိစ္စများကို ဆက်လက်မလုပ် ဆောင်ရန် PSLF/TNLA မှ အထူးမေတ္တာရပ်ခံကြောင်း ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် စာပေးပို့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...